ondragstart="return false" onselectstart="return false"

Wednesday, December 9, 2009

ဒုက္ခသည် ဆေးပညာ

ဆောင်းပါး
Dr. တင့်ဆွေ
ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ 09 ရက် 2009 ခုနှစ်

ဆရာဝန်၊ ကျန်းမာရေးမှူး၊ သူနာပြုနဲ့ သားဖွားဆရာမတွေဟာ ဆေးပညာကို ၁ နှစ်ခွဲကနေ ၇ နှစ်၊ စာသင်ခန်းတွေ၊ ဓာတ်ခွဲခန်းတွေနဲ့ ဆေးရုံတွေမှာ သင်ယူကြရတယ်။ ကျနော်တို့နိုင်ငံမှာ အခု “အတော်လေး” အဆင့်အတန်း ကျလာတယ်လို့ ကြားရ၊ ဖတ်ရ၊ သိနေရတာ “အတော်ကြီး” စိတ်မကောင်း ဖြစ်ရတယ်။

၂ဝဝ၈ ခုနှစ် အောက်တိုဘာလထုတ် ရွက်နုဝေမဂ္ဂဇင်းထဲက ဆရာအောင်ကြီးရဲ့ ဆောင်းပါး ဖတ်ရပြီးတော့၊ “ဆရာဝန်၊ ဆေးကျောင်းသားများသည် သားကောင်များ ဖြစ်သည်” ဆိုတဲ့ စာတပုဒ် ရေးဖြစ်ခဲ့ပါတယ်။ နောက်ထပ်လည်း ရေဒီယိုတွေကနေပါ ကြားကြားနေရတာတွေ ရှိတယ်။ ကိုယ်တွေ့ တွေ့တာလည်း ရှိပါတယ်။ မကြာခင်က သူနာပြု ဆရာမတယောက် ပြည်နယ်တခုကနေ အောင်လာတယ်။ လက်တွေ့ မတွေ့ရတာတွေ အများကြီးတဲ့။ ကလေးမီးဖွားတာတောင် သိပ် မသင်ခဲ့ရဘူးတဲ့။ သူ့နောက် ရောက်လာတဲ့ အရန်သားဖွားဆရာမ တယောက်ကလည်း ပြည်နယ်တခုကပါပဲ။ ၆ လ သင်ခန်းစာကို တပတ်ထဲနဲ့ သင်ပေးလိုက်သတဲ့။ ခနဲ့ပြီး ချီးကျူးချင်စိတ်တောင် မရှိပါ။

“တီဘီ (အဆုတ်) ရောဂါကို သူများ တိုင်းပြည်တွေမှာ မဖြစ်တော့တာနဲ့ နောက်ပေါက် ဆရာဝန်တွေကို သင်ပေးတာ သိပ်မရှိတော့ဘူး” ဆိုတဲ့သတင်း ထွက်လာတော့ စာတပုဒ် ရေးလိုက်သေးတယ်။ အထဲက ဆရာဝန်တဦးကနေ (ကွန်မင့်) ပေးတာက “မြန်မာပြည်မှာ တီဘီတွေကများ” ဆိုသလို ပေါလွန်လွန်းလို့၊ မြန်မာဆရာဝန်တွေအဖို့ “ဘယ်က စမ်းမလား၊ ညာက စမ်းမလား” တဲ့။

ဆေးပညာဟာ တခြားတခြား ပညာတွေလိုပဲ အသစ်တွေ၊ ပိုကောင်းတာတွေက ပေါ်နေတယ်။ ရောဂါပိုးတွေကလည်း ဆေးအဟောင်းဆိုရင် “ဖုတ်လေတဲ့ ငါးပိ၊ ရှိတယ်လို့ မထင်” ဆိုသလို၊ “ပိုးစွမ်းကောင်းတွေ” ဖြစ်လာနေကြတယ်။ ဒါ့ကြောင့် ဆေးပညာသင်တာမှာ စဉ်တိုက်-ဆက်တိုက် သင်ယူနေဖို့ဆိုတာ ဖြစ်လာရတယ်။

ကျန်းမာရေးကိစ္စ ရောက်ရာအရပ်မှာ လစာမရပေမယ့် လုပ်ပေးရမယ်လို့ ကိုယ့်ဘာသာ တာဝန်ပေးမိလို့ အဲဒီအဖြစ်မျိုး အလိုလို ရလာတယ်။ သူများကို သင်ဖို့ ပြင်တာနဲ့ ကိုယ်ပါ ပညာတွေ တိုးရတာမို့ လက်ငင်း အကျိုးပေးတာ ခေါ်မယ် ထင်ပါရဲ့။ ကျောင်းမှာတုန်းက မသင်ခဲ့ရတာတွေ၊ အသစ်တွေ့ရ။ သင်ခဲ့တာတွေ တချို့က “အောက်” သွားတာတို့ အများကြီး တွေ့လာရတယ်။

နာမယ်ကြီး ရောဂါတွေဖြစ်တဲ့ ဘီပိုး၊ စီပိုး၊ ဝက်တုပ်ကွေး၊ AIDS ဆိုတာတွေက ဟိုအရင်က ဘယ် သင်ခဲ့ဖတ်ခဲ့ရမလဲ။ စာအုပ်ထဲမှာတောင် ပါတာမဟုတ်ဘူး။ နာမည်ကြီး မဆိုနိုင်တဲ့ (ပါရာစီတမော) ကျတော့ ခုခေတ်မှာ သူမပါ ဘယ်နေရာမှမပြီး ဖြစ်နေတယ်။ ကလေးတွေ ပေးချင်ရင်၊ အစာအိမ်နာ ကြောက်ရင်၊ သွေးထွက်မှာ စိုးရိမ်ရင်၊ သူကမှ စိတ်ချရတယ် မဟုတ်လား။ အရင် အနှစ် ၂ဝ လောက်က ဆေးဝါးဗေဒမှာ တပိုဒ်စာလောက်သာပါပြီး၊ သိပ်မစွမ်းပါဘူး သတ်မှတ်ခဲ့ကြတယ်။ ပြောချင်တာက မတူတော့တာတွေ၊ အရင်လို မဟုတ်တော့တာတွေပါ။ ဒါ့ကြောင့် ဆေးပညာကို စဉ်တိုက်-ဆက်တိုက် သင်ယူနေဖို့ လိုတယ်ဆိုတာ အတိအကျပဲပေါ့။

ဒုက္ခသည်တွေကို ဆေးကုပေးဖို့ ကိုယ့်ကို ကူပေးမယ့် ဒုက္ခသည်တွေထဲက ဒုက္ခခံနိုင်သူတွေ လိုက်ရှာရတယ်။ တွေ့ရင် အရင်ဆုံး စာသင်ပေးရရော။ စာသင်ရတော့ ဟိုအရင် “အ သုံးလုံး” သင်တာ သွားအမှတ်ရတယ်။ သင်တန်းသား၊ သင်တန်းသူ အရွယ်ဆိုတာ ဘယ်ငယ်မလဲ။ စာသင်ခန်းလည်း ရှိတာမဟုတ်။ စာသင်ချိန်ကိုလည်း အဆင်ပြေသလို။ (ပရောဂျက်) ပေးသူများက ရောဂါကုပေးတာမျိုး စိတ်မဝင်စားကြဘူး။ ထိရောက်တာ မထိရောက်တာ ဘေးချိတ်၊ ကာကွယ်ရေးတို့၊ ပညာပေးတို့၊ ခေတ်ပေါ်ရောဂါ (ဆီမီနာ) တို့ကိုမှ မျက်စိကျတယ်။ သင်တန်းပေးဖို့ နိုင်ငံတော်က ကျခံတယ်ဆိုပြီး၊ အရပ်က ငွေကောက်သလိုလည်း လုပ်မရ။ ကိုယ်ထူကိုယ်ထဆိုတာ ဒီဟာမှအစစ်။ “ညည်းတို့ ဘယ်အချိန်အားလဲ၊ ငါတော့ တပတ်ကို ဘယ်နှစ်ရက်၊ တနေ့ ဘယ်နှနာရီ။ ဆိုက်ကားခလည်း မပေးနိုင်ဘူး။ လက်ဖက်ရည် တခွက်စီ အတူတူ သောက်ကြတာပေါ့” ။

ဒါတော့ အဆင်ပြေသလောက်ရှိပြီ။ နောက်တမျိုး တိုးလာတယ်။ ကိုယ့်ဒုက္ခသည် အများစုက ဗမာလို မတတ်ကြဘူး။ အစိုးရဆရာဝန် လုပ်ခဲ့ရတုန်းက သူငယ်ချင်းတွေ နယ်စွန်နယ်ဖျား ပြည်နယ်များ ရောက်ကြတာကို၊ သွားရေးလာရေး ဝေးတဲ့ အခက်အခဲလောက်သာ ထင်ခဲ့မိတယ်။ အမှန်က ဘာသာစကား၊ ယဉ်ကျေးမှု၊ ရာသီဥတု စတာ စတာတွေကလည်း တကယ့် အခက်အခဲတွေပါလားလို့ နောက်ကျမှ ကိုယ်ချင်းစာမိလာတယ်။ တယောက်ဆိုရင် သူ့အိမ်ရှေ့ ကြက်ကို လည်လှီးပြီး၊ လာချတာမျိုး ကြုံရဆိုပဲ။ သူငယ်ချင်းတို့ရေ အခုမှသိတာ “ဆောရီး” နော်။

ဘာသာစကားကိစ္စ ဘယ်လိုလုပ်ရရင် ကောင်းမလဲ။ ဆေးစာဆိုတော့ ဗိုလ်လို နည်းနည်း အခြေခံရှိတဲ့ သူမျိုးဖြစ်မှ အဆင်ပြေတယ်။ ဗမာလိုနဲ့ ဗိုလ်လို ရောမယ်။ နှစ်မျိုးလုံး “တော့” နိုင်သူကို ဦးစားပေးရှာရတယ်။ ရပါပြီတဲ့ တယောက်စ၊ နှစ်ယောက်စ။ ခက်ပြန်တာက သင်ပေး၊ တတ်သွားပြီး၊ မကြာခင် ထွက်သွားကြရရော့။ လူသစ် ထပ်ရှာရပြန်ပြီပေါ့။ သူတို့ကိုလည်း အပြစ်တင် မဖြစ်။ သွားဖို့ဆိုတာ ထွက်လာကတည်းက ရည်ရွယ်ချက်ကိုး။ (ဘော်လန်တီယာ) လုပ်ဖို့ အိုးပစ်၊ အိမ်ပစ်၊ တိုင်းပြည်ပစ် ထွက်လာတာ မဟုတ်ဘူးလေ။ ထပ်ထပ်သင်တော့ “စာသင်ပေးသူ စာကျေတာပေါ့” လို့ အကောင်းဘက်က တွေးယူရတယ်။ “ကဲ ဆေးပညာသင်မယ်၊ လာကြ” ။

“ဟာ မလာသေးနဲ့အုံး”၊ မရသေးဘူးဗျ။ ဆေးစာမှန်သမျှ ဗမာလိုက ရှိတာမဟုတ်။ ဒီတော့ အကုန်လုံးကို ဗမာလိုပြန်ရမယ်။ ဗမာလို ပြန်တာတွေက တယောက် တမျိုးက များတယ်။ ဆိုပါတော့ အသည်း၊ အဆုတ်၊ အစာအိမ်လောက်ကတော့ တူတယ်။ ဘေလုံးတို့၊ သရက်ရွက်တို့ဆိုရင် မတူချင်တော့ဘူး။ သားအိမ်ဆိုတာအထိ တူပေမယ့်၊ “သားအိမ်အဝ” လား၊ “သားအိမ်ဝ” လား၊ “သားအိမ်ခေါင်း” လား။ တခြားဆရာတွေ ဘာသာပြန်တာတွေ လိုက်ကြည့်၊ အတုယူ၊ မတွေ့ရင် ကိုယ်ဘာသာ တီထွင်။ အားလုံးကို ဗမာလိုပြန်ထားဖို့ ဘာသာပြန်ဆရာ အရင်စလုပ်ရပြီ။

ခန္ဓာဗေဒ၊ ဇီဝကမ္မဗေဒကစပြီး ဗေဒတွေ စုံသလောက်ကို ဗမာမှုပြုရတယ်။ စု-တု-ပြုတာ မှန်သမျှ (ဘလော့ခ်) ထဲ သွင်းထားရသေးတယ်။ ဒီခေတ်ကိုး။ ကိုယ့်သင်တန်းက လူတွေလည်း (အင်တာနက်) ဆိုင် ထိုင်တတ်ကြသူတွေ ပါသလို၊ နောက်ဆိုရင် သူတို့တွေက တခြားတိုင်းပြည် ဟိုဟိုဒီဒီ ရောက်ရင်လည်း ပြန်ကြည့်နိုင်အောင်ပေါ့။ စာသင်ပေးတဲ့ဆရာ မဖြစ်ခင် (ဘလော့ကာ) အရင်ဖြစ်တယ်။ (ဘလော့ခ်) မှာ (ပို့စ်) ပေါင်း ၂ဝဝ ကျော်သွားပြီ။

စာသင်တာကို စိတ်ဝင်စားအောင် (မာလ်တီမီဒီယာ) လည်း လုပ်ထားရသေးတယ်။ ဗမာလိုဆိုတာက မရှိသလောက် ရှားတယ်။ တနေ့ကမှ အမျိုးသမီး (ကွန်ဒွန်) အသုံးပြုနည်း (ဗီဒီယို-ဖိုင်) တခု ရဖူးတယ်။ သူများနိုင်ငံက (ဗီဒီယို) တွေကလည်း ကိုယ့်လူမျိုးတွေ မျက်စိနဲ့ သိပ်ကိုက်လှတာ မဟုတ်ဘူး။ အတော်ကြီး ရွေးရသေးတာ။ (ဆင်ဆာ) လူကြီးပါ ဖြစ်သွားရော။

သင်ထောက်ကူတွေ အဆင်သင့်ပေမယ့် မရသေးပြန်ဘူး။ စကားအသုံးအနှုန်း။ ဆန်ကာတင် ရွေးထားသူတွေပေမယ့် ဗမာစကားကို ဗမာဆန်ရင် နားမလည်ကြတာက များတယ်။ ဆိုပါတော့ ချမ်းတယ်၊ ချောင်းဆိုးတယ် ဆိုတာမျိုးက ပြဿနာမရှိဘူး။ ဗိုက်က “ရစ်နာတာလား” ဆိုတာမျိုး၊ “ရင်တုန်တာလား-ရင်ခုန်တာလား” ခွဲခြား နားမလည်ဘူး။ “ကိုယ်ဝန်” လို့ မယဉ်မကျေးလေနဲ့၊ “မီးဖွားချင်လို့လား” မေးရင် မျက်ခုံးပင့်ကြည့်မယ်။ ကျင်ကြီး၊ ကျင်ငယ်မပြောနဲ့ ဆီးတို့၊ ဝမ်းတို့ဆိုတာတောင် မရလေ။ အခက်ဆုံး ပြောရမလား။ မျိုးပွားလမ်းကြောင်းကို သင်ပေးရတာ။ ဒီတော့ သူတို့ထဲက ဗမာစကား အတတ်ဆုံးကို နားလည်အောင် ဝေ့ဝိုက် ပြောပေးပြီး၊ လက်ထောက်ကထိက အလုပ်ခိုင်းရတယ်။

ဆရာပါးဝလာတော့ သူတို့စကား၊ တစ်၊ နှစ်၊ သုံးလောက် ကိုယ်ကလည်း သင်ထားရသေးတယ်။ “ထိုင်ပါ” “မနာဘူးနော်” လောက်တော့ သိထားမှ။ လူနာပြန်ရင် ကိုယ်ကနေ “မန်းထာ” လို့ နှုတ်ဆက်လိုက်ရင် ရောဂါတဝက် သက်သာရော မဟုတ်လား။

ဒါနဲ့ မရသေးရင် “ဘော်ဒီ-လင်းဂွေ့ခ်ျ” ပါရတယ်။ ၁ ရက်၊ ၂ ရက်၊ လက်ချောင်းထောင် မေး။ ဗိုက်ဆိုရင် ကိုယ့်ဗိုက်ဖိပြ။ အိန္ဒိယလူမျိုးများ စကားပြောရင် မျက်လုံး-မျက်ခုံး-လက်-ခေါင်း-မေး၊ လှုပ်လို့ရတာ မှန်သမျှ လှုပ်ပြောတာမျိုးလို လုပ်ပေတာ့။ (မွန်ဘိုင်) သွားစရာမလိုဘဲ၊ “ဘောလိဝုဒ်” ဆရာဝန်ဖြစ်ရော။ အိန္ဒိယလူမျိုးများ လှုပ်သလား မမေးနဲ့။ ကားမောင်းနေရင် စကားပြောတော့ လက်တဖက်ကို တံခါးကထုတ် လှုပ်စကားပြောတာ။ နောက်ကားကနေ ကြည့်ပြီး၊ အဲဒီဘက်ကွေ့မှာကို လက်ပြနေတယ် သွားမထင်နဲ့။

ကုန်ကုန်ပြောရရင် ဆေးပညာ သင်ပေးရတာက တခြားစာမျိုးနဲ့ မတူဘူး။ ဆိုပါတော့ အင်္ဂလိပ်စာကို သင်ရင် Comprehensive ခြုံငုံနားလည်စေတာနဲ့ အလုပ်ဖြစ်တယ်။ Choice တို့၊ Quiz တို့လို ထင်တာကို မှန်းပြီး၊ အမှန်ခြစ် ခြစ်ပေးတာမျိုးနဲ့လည်း မလုံလောက်ဘူး။ တကယ်ကို သိ၊ အမှန်အတိုင်း နားလည်၊ အဟုတ်ကို ပြန်လုပ်တတ်မှ လက်လွှဲလို့ ရမှာကိုး။ ဒါ့ကြောင့် သင်ရတာ လက်ဝင်ပါတယ်။ “တပည့်မကောင်း ဆရာ့ခေါင်း” ဆိုတာ ဆေးပညာ သင်တဲ့နေရာမှာ ရာနှုန်းပြည့် မှန်တယ်။

ဒေလီမှာရှိတဲ့ ယမုန်နာဆေးခန်းက (ဗော်လန်တီယာ) ဆေးခန်းလက်ထောက် ဆရာမတွေကို (ကွန်မြူနတီ) က အတော် ကျေးဇူးတင်ဖို့ ကောင်းတယ်။ ဆေးခန်း စဖွင့်ကတည်းကနေ အခုထိ အယောက် ၃ဝ လောက်ရှိပြီ။ အဝေးထွက်သွားရလို့၊ တခြား အလုပ်သွားလုပ်လို့၊ အိမ်ထောင်ရက်သား ကျသွားလို့ ဆက်မလုပ်နိုင်သူတွေနဲ့ လက်ရှိ ၅ ယောက်၊ ၆ ယောက် ရှိတယ်။ လူနာတွေက ချင်းပြည်နယ်က အများစုကြီးဖြစ်ပြီး၊ ဗမာစကား မတတ်သူက ပိုများတယ်။ တော်တော်တန်တန် ပြောတတ်ပေမယ့် ကိုယ့်ရောဂါကို ကိုယ့်စကားနဲ့ပြောမှ အားရကြတယ်။ ကချင်၊ ရခိုင်၊ မွန်၊ ကရင်နဲ့ နာဂတွေက ဗမာလို အကုန်တတ်ကြတယ်။ ကူကီးနဲ့ ကလေး-တာဟန်းမှာ နေလာသူတွေက တော်တော်ပြောနိုင်ပြီး၊ ချင်းတောင်ပိုင်းကလည်း ဗမာစကား ပြောနိုင်သူက များတယ်။ ဟားခါး၊ ဖလမ်းနဲ့ တီးတိန်နယ်က လူတွေက သိပ်မပြောတတ်ဘူး။ ဒါ့ကြောင့် တီးတိန် စကားတတ်သူ တယောက်နဲ့ (ဖလမ်း၊ ဟားခါး၊ မီဇို) စကားတခုခု တတ်တဲ့သူတယောက် အနည်းဆုံး ၂ ယောက် ရှိမှ လူနာ-ဆရာဝန် ဆက်ဆံရေး အလုပ်ဖြစ်တယ်။
mizzima သတင်းမှ

No comments:

Post a Comment