ondragstart="return false" onselectstart="return false"

Wednesday, December 2, 2009

နှစ်ဖက်အကြား ညှိနှိုင်းဖြေရှင်းမည်ဟု SSA နှင့် PNLO ပြောဆို

ကျော်ခ
အင်္ဂါနေ့၊ ဒီဇင်ဘာလ 01 ရက် 2009 ခုနှစ်

မဇ္ဈိမ (ချင်းမိုင်) ။ ။ ရှမ်းပြည်တောင်ပိုင်း တပ်မတော် SSA နှင့် ပအိုဝ့်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ PNLO တို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲနှင့် ပတ်သက်၍ ညှိနှိုင်းဖြေရှင်းသွားမည်ဟု နှစ်ဘက် ခေါင်းဆောင်များက ပြောသည်။

နိုဝင်ဘာလ နောက်ဆုံးအပါတ်က PNLO အဖွဲ့ဝင်အချို့အား SSA တပ်ရင်း အမှတ် ၃၆၁ မှ တပ်ဖွဲ့ဝင်များ က ပစ်ခတ်ခဲ့ပြီးနောက် ခေါင်းဆောင်များက ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။

“ဒီနေ့မနက်ပဲ PNLO က ဗိုလ်မှူးကြီး ခွန်သူရိန်နဲ့ စကားပြောဖြစ်ပါသေးတယ်။ ကျနော်တို့လည်း သူတို့ကို တောင်းပန်ပါတယ်။ အတူတကွ ပေါင်းပြီးတော့ နေထိုင်လှုပ်ရှားသွားကြရမယ် ဆိုတာကို သူကလည်း ပြောပါတယ်။ ကျနော်တို့ကလည်း လက်ခံပါတယ်” ဟု SSA-S ပြောခွင့်ရသူ ဗိုလ်မှူး စိုင်းလောဝ်ဆိုင်က မဇ္ဈိမကို ပြောသည်။

ယခုပစ်ခတ်မှုသည်လည်း SSA ဗဟို၏ သဘောထား မဟုတ်ကြောင်း၊ နောင်တွင် အောက်ခြေတပ် အချင်းချင်း နားလည်မှုပိုရရှိစေရန် ပူးပေါင်းဆောင်ရွက်မှု မြင့်တင်သွားကြမည်ဖြစ်ကြောင်း သူက ဆိုသည်။

PNLO အဖွဲ့၏ ဒေသဆိုင်ရာ ကယ်ဆယ်ရေးလုပ်ငန်း ခရီးစဉ်တခုအတွင်း ရှမ်းပြည်တောင်ပိုင်း၊ မောက်မယ်မြို့နယ်ရှိ သံလွင်မြစ်နှင့် နမ့်ပွန်ချောင်းအကြား တနေရာ၌ ခေတ္တနားနေစဉ် SSA တပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် PNLO ဆေးမှူးတဦး ကျဆုံးခဲ့သည်။

ယင်းသို့ဖြစ်ပွားသွားသည့် ပစ်ခတ်မှုနှင့်ပတ်သက်၍ SSA တပ်ဖွဲ့၏ နိုင်ငံရေးဦးဆောင်အဖွဲ့ဖြစ်သော ရှမ်းပြည်ပြန်လည် တည်ဆောက်ရေး ကော်မတီ RCSS ကလည်း တောင်းပန်ကြောင်း PNLO ပြောရေးဆိုခွင့်ရသူ ဗိုလ်မှူးကြီး ခွန်သူရိန်က ပြောသည်။

“တကယ်လို့သာ ဒီလိုမျိုး ထပ်လုပ်နေကြမယ်။ ကျနော်တို့ကလည်း ပြန်ပစ်လိုက်မယ်ဆိုရင် ဒါက ရန်သူအကြိုက် ပုံစံဖြစ်တဲ့အတွက်ကြောင့် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြေရှင်းကြမယ်ဆိုတဲ့ဟာကိုတော့ ပဏာမ သဘောတူထားကြပါတယ်။ ဆွေးနွေးမယ့် ရက်အတိအကျကိုတော့ ပြောလို့မရသေးပါဘူး” ဟု PNLO အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်သူရိန်က မဇ္ဈိမကို ပြောသည်။

PNLO နှင့် SSA အကြား မှားယွင်းပစ်ခတ်မှုများ ယခင်ကလည်း ရှိခဲ့ဖူးပြီး ယခုဖြစ်ရပ်သည် ၂၀၀၇ ခု နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်ကြောင်း ဗိုလ်မှူးကြီး ခွန်သူရိန်က ပြောသည်။

(ကိုဝိုင်း တည်းဖြတ်သည်)

No comments:

Post a Comment