ondragstart="return false" onselectstart="return false"

Tuesday, December 15, 2009

နှစ်သစ်မှာ အကောင်းဆုံးကို မျှော်လင့်ထားသလို အဆိုးဆုံးအတွက် ပြင်ဆင်ထားပါ



ပြာသိုလဆန်း ၁ရက် ယခုနှစ် 2009 ဒီဇင်ဘာလ(16) နေ့ မှာကျရောက်မည့် ကျနော်တို့ ရဲ့ ကရင်နှစ်သစ်ကူး နေ့ ထူးနေ့ မြတ်အခါသမယတွင် သောသီခိုဘလော့သို့  လာလည်သူမိတ်ဆွေအားလုံး ကျန်းမာရွင်လန်းချမ်းမြေ့  ကြပါစေလို့  သောသီခိုအဖွဲ့ သားများ မှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

ကျနော်တို့ ကရင်အမျိုးသားများ လိုချင်ဒါက တန်းတူမှု၊ တရားမျှတမှု နှင့် ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်ပါ။ ဒါပေမယ့် ခေတ်အဆက်ဆက်မှ ယနေ့ အထိ ကျနော်တို့ တောင်းဆိုဒါတွေကို အုပ်စိုးသူ အစိုးရ အဆက်ဆက်မှ လစ်လှူရှူ ထားပါတယ်။ လစ်လှူရှုထားရုံမက ကျနော်တို့ ကို သွေးခွဲပြီး မျိုးပျောက်အောင် နည်းမျိုးစုံဖြစ် လုပ်ဆောင်နေပါသည်။ ဒီအတွက်ကြောင့် ကျနော်တို့ ရဲ့ တော်လှန်ရေးခရီးကြီးဟာ နှစ် ၆၀ ကျော်လွန်နေပေမယ့် မပြီးဆုံးသေးပါ။

ကျနော်တို့ ကရင်အမျိုးသားများ အမျိုးသားခေါင်းဆောင်ကြီး စောဘဦးကြီးရဲ့ မူဝါဒ လမ်းညွန်ချက်နှင့်အတူ ခေတ်အဆက်ဆက် ကရင့်အမျိုးသားအားလုံးအတွက် တစိုက်မတ်မတ် တိုက်ပွဲဝင်နေသော KNU ကရင်အမျိုးသားအစည်းအရုံး၏ဦးဆောင်မှုကို ခံယူလျက် ပန်းတိုင်ရောက်သည်အထိ စည်းလုံးညီညွတ်စွာဖြင့် ဆက်လက်တိုက်ပွဲ ၀င်ကြရပါအုံးမည်။ သည့်အပြင် ကျနော်တို့ သည် ကရင်တမျိုးသားလုံးအတွက် အသက်ပေးဆပ်ထားခဲ့ပြီးကြတဲ့ သူရဲကောင်း အာဇာနည်တို့ ကို သစ္စာ စောင့်ထိန်းကြရပါမည်။ ဤနေရာတွင် သူရဲကောင်း အာဇာနည်ဆိုသည်မှာ တိုက်ပွဲဝင် ကေအဲန်ယူ ခေါင်းဆောင်၊ အရာရှိ၊ အရာခံ၊ တပ်သားတွေကို ပဲမဆိုလိုပါ။ တော်လှန်ရေးကာလ တလျှောက်လုံး အသက်ပေးသွားကြရတဲ့ မြို့ နေ၊ ကျေးလက်နေ ကျနော်တို့  လူမျိုးများ သူပုန်နှင့်ပါတ်သက်ပါသည်ဟူ၍ အကြောင်းမဲ့ အသတ်ခံရသူတွေ၊ ထောင်ကျနေသူတွေ၊ ရန်သူလက်ချက်ဖြင့် အကြောင်းမဲ့ သတ်ပြစ်ခြင်းခ့ရသော အပြစ်မဲ့ ရွာသားတွေ အားလုံး ပါဝင်ပါသည်။

သူတို့ ဖြစ်ချင်ဒါတွေကို လက်ဆင့်ကမ်း ကျနော်တို့  ဆက်လက်ပြီး သမိုင်းပေးတာဝန်ကို ထမ်းဆောင် ကြရပါမည်။ နှစ်သစ်မှာ မကောင်းဒါတွေကို ပယ်ပြီး ကောင်းဒါတွေကို ယူမည်ဟု ကျနော်တို့ ယောက်စီတိုင်း မျှော်လင့်တောင့်တ နေကြမည်မှာ အမှန်ပင်ဖြစ်သည်။ သို့ ပေသော်ငြားလည်း အကောင်းဆုံးကို မျှော်လင့်ထားသလို အဆိုးဆုံးအတွက် ကြိုတင်ပြင်ဆင် ထားပါလို့ ကျနော်ညီကို ကရင်အမျိုးသားများအားလုံးကို နှစ်သစ်ကူးအခါသမယမှာ အထူးတိုက်တွန်းလိုပါသည်။ အဘယ်ကြောင့်ဆိုသော် ကရင်နှစ်သစ်ကူး အချိန်ကာလ နီးသထက် နီးလာနေ ပေမယ့်လည်း ကျနော်တို့ လူမျိုးတွေ ညှင်းပန်းနိုပ်စက်ခံရမှု၊ အတင်းအကျပ်ခိုင်းစေခံရမှု၊ တိုက်ပွဲတွေကြားမှာ ပြေးလွှားနေရပြီး ဒီနှစ် ကရင်နှစ်သစ်ကူးဟာ ဘာလဲဆိုဒါ မသိလိုက်တဲ့ ကရင်တွေ အများကြီးကျေးလက်ဒေသတွေမှာ ရှိနေတယ်ဆိုဒါ အသိပေးလိုပါသည်။ ဒါတွေအားလုံးရဲ့ နံပါတ်တစ်တရားခံဟာ ဗမာပြည်ကြီးကို အုပ်စိုးတဲ့သူတွေက ပြည်တွင်းပြသနာကို ငြိမ်းချမ်းစွာ၊ တရားမျှတစွာ၊ အဖြေကိုရှာဖွေရာ မကြိုးစားပဲ ဖြစ်ပေါ်နေတဲ့ အခြေအနေကို ကိုယ်လိုရန်ကိုယ်ဆွဲပြီး တဖက်သတ် ကိုယ်ဖြစ်ချင်နေဒါတွေကို ဇွတ်အတင်း အကောင်အထည်ဖေါ်နေခြင်းပဲဖြစ်ပါသည်။ ဤသို့ ဆိုလျင် ဒီသံသရာ ကြီးက ဘယ်တော့မှ ပြီးဆုံးနိုင်ဦးမည် မဟုတ်ပါ။

နအဖ ရဲ့ အတုအယောင် ညောင်နှစ်ပင်ညီလာခံအပြီး အတင်းဇွတ်သွင်း အတည်ပြုထားတဲ့ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေ ကို အခြေခံပြီး ပေါ်ပေါက်လာမည့် ၂၀၁၀ ရွေးကောင်ပွဲ မတိုင်မည် တခြားတိုင်းရင်းသားအဖွဲ့ အချို့ တွေနှင့်အတူ ကျနော်တို့ ညီကို ဒီကေဘီအေ တို့ ကို BGF နယ်ခြားစောင့်တပ် အဖြစ်သို့ ပြောင်းလည်း အသက်သွင်းလိုက်ခြင်းပဲဖြစ်ပါသည်။ တကယ်တမ်းဆိုရင် BGF နယ်ခြားစောင့်တပ်ဆိုဒါ ညောင်နှစ်ပင်အသီးမှ လွင့်စင် သန္ဒေတင်လာတဲ့ ညောင်စေ့လေးတစ်စေ့ပါ။ ညောင်ပင် တို့ မည်သည် အစေ့မှ ပေါက်ဖွားကြီးပြင်းလာပါသည်။ သူတို့ ၏ထူးခြားချက်မှာ တခြားသစ်ပင်တစ်ပင်၏ ပင်စည်တွင် ရှည်သန်နိုင်ခြင်းဖြစ်ပါသည်။ သစ်ပင်တစ်ပင်သည် မည်မျှပင် ဘယ်လောက်ကြီးနေပေစေ ထိုသစ်ပင်၏ ခနဓာကိုယ်၌ ညောင်စေ့လေး တစ်စေ့မြစ်တွယ်သွားပြီဆိုရင် ထိုသစ်ပင်ကြီး ၏ အနာဂတ်သည် သိပ်မဝေးတော့ပါ။ မကြာသော အချိန်ကာလ တစ်ခုမှာ ညောင်ပင်၏ ရစ်ပတ် ၀ါးမျိုခြင်းကို ခံရပြီး နောက်ဆုံးတွင် ပျောက်ကွယ်သွားပါသည်။ ယခု နအဖ စစ်အစိုးရ၏ ညောင်စေ့ မဟာဗျူဟာ (BGF နယ်ခြားစောင့်တပ်) ကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းများနှင့် ကျနော်တို့ ညီကို ဒီကေဘီအေ အဖွဲ့ ဘယ်လောက် ကြံ့ကြံ့ခိုင်နိုင်မည်နည်းကို စောင့်ကြည့်ကြရပါမည်။

ချစ်သော ကျနော့်ညီကို ကရင်အမျိုးသားများအားလုံး နှစ်သစ်မှာ ပျော်ရွင်ချမ်းမြေ့လျက် အမျိုးသားရေးအသိ၊ နိုင်ငံရေးအသိ၊ သတိ အမြဲရှိနိုင်ကြပါစေ။

သောသီခို

No comments:

Post a Comment