ondragstart="return false" onselectstart="return false"

Tuesday, September 7, 2010

ဝေါလေဒေသသို့ နအဖ တပ်အင်အား ဖြည့်ဆည်း

ရဲရင့် / ၀၇ စက်တင်ဘာ ၂၀၁၀

နအဖ တပ်ဖွဲ့ဝင်များပါဝင်သည့် စစ်ကားကြီးများ ဝေါလေဒေသ အခြေစိုက် ကေအန်အယ်လ်အေတပ်ရင်း (၂၀၁) နှင့် ဒီကေဘီအေတပ်မဟာ (၅) ဒေသများသို့ မြ၀တီမှတဆင့် ထွက်ခွာသွားကြောင်း ကေအန်အယ်လ်အေ တပ်ရင်းမှူးတဦးက ပြောကြားသည်။

ကေအင်အယ်လ်အေ တပ်ရင်း (၂၀၁) မှ တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီးဘူးဖောက “ကျနော်တို့ ဒီသတင်းကို ရထားပါတယ်။ မနေ့က အလုံပိတ်စစ်ကား (၆) စီးနဲ့ သူတို့တပ်အင်အားတွေဖြည့်ပြီး ၀င်လာတာရှိတယ်။ စစ်မက်ဖြစ်ပွားမယ့် အနေအထားတွေရဲ့ အရိပ်အရောင်တော့စလာပြီ။ ကျနော်တို့ဘက်ကတော့ စစ်ရေးသတိအမြဲထားပါတယ်။ အင်အားခြင်းကွာပေမယ့် ခံစစ်ရှင် ပြောက်ကျားစနစ်နဲ့ ရင်ဆိုင်သွားမှာဖြစ်တယ်” ဟု ပြောသည်။

ဒီကေဘီအေတပ်မဟာ (၅) မှ တပ်မှူးတဦးကလည်း နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းထားသည့် ဒီကေဘီအေ တပ်ဖွဲ့ဝင်ဟောင်းများကို အသေခံရှေ့ပြေးထား၍ စစ်ဆင်ရေး စတင်မည်ဟု ခိုင်လုံသည့်သတင်းများ ရရှိထားကြောင်း ပြောကြားသည်။

၎င်းက “နအဖကိုမကြိုက်လို့ ကျနော်တို့ အသွင်မပြောင်းဘဲ ဆန့်ကျင်တာပါ။ သူတို့လာတိုက်ရင် ပြန်တိုက်ရမှာပဲ။ နယ်ခြားစောင့်တပ်ရယ်၊ နအဖတပ်ရယ် ဘာမှ ခွဲနေဖို့မလိုဘူး။ ကိုယ်ဘာလည်းဆိုတာ မသိတဲ့လူတွေကိုလည်း ဘာမှသက်ညာနေစရာ မလိုဘူး” ဟု ပြောသည်။

စစ်ယာဉ်တန်းများကို တွေ့ရှိသော မြ၀တီမှ အစိုးရ၀န်ထမ်းတဦးက “တက်သွားတာကတော့ သေချာတယ်။ စစ်ဆင်ရေးကာလလည်း မဟုတ်ဘူး၊ ထူးတော့ အတော့်ကို ထူးတယ်။ မြ၀တီကလူကြီးတွေ ယူဆတာကတော့ ရွေးကောက်ပွဲမတိုင်မီ ဒီဝေါ်လေခွင်ကို အပြီးသိမ်းချင်တာဖြစ်မယ်လို့ ပြောနေကြတယ်။ အဲဒီနေရာတွေမှာ တိုက်ပွဲတွေကလည်း ခဏခဏဖြစ်နေတယ်” ဟု ပြောသည်။

ယင်းဒေသတွင် အခြေစိုက်ပြီး စစ်ရေးလှုပ်ရှားနေသည့် ကေအန်အယ်လ်အေနှင့် ဒီကေဘီအေတပ်မဟာ (၅) သည် တရားဝင်ပူးပေါင်းမှု ပြုလုပ်ထားခြင်းမရှိသော်လည်း စစ်ရေးအရ အပြန်အလှန်နားလည်မှု ယူထားသည်ဟု သိရသည်။

မြ၀တီခရိုင်အတွင်းရှိ ဝေါ်လေဒေသသည် မြို့၏တောင်ဘက် မိုင် (၃၀) ခန့်အကွာအဝေးတွင် တည်ရှိပြီး ကေအန်အယ်လ်အေ၊ ဒီကေဘီအေနှင့် စကခ (၈) လက်အောက်ခံ နအဖတပ်များ စစ်ရေးလှုပ်ရှားရာဒေသဖြစ်ပြီး ထိုင်းနယ်စပ်မျဉ်းအနီးတည်ရှိသည်။
http://www.khitpyaing.org/index.php?route=detail&id=4316

No comments:

Post a Comment