ondragstart="return false" onselectstart="return false"

Friday, September 3, 2010

နေပြည်တော်(၈) နောက်ဆုံးပိုင်း

ထိုင်းနိုင်ငံရှိ (White Lotus) စာအုပ်တိုက်က ထုတ်ဝေပြီး၊ ထိုင်းသုတေသီ ဒူယာပက် ပရီချာရာ့ရှ် (Duyapak Preecharushh) က ရေးသားထားတဲ့ "နေပြည်တော်၊ မြန်မာနိုင်ငံ၏ မြို့တော်သစ်" ဆိုတဲ့ စာအုပ်အကြောင်းကို တင်ဆက်နေပါတယ်။ ဒီတပတ်မှာတော့ နောက်ဆုံးပတ်အဖြစ် တည်ဆောက် ထားပုံ၊ တည်ဆောက်လိုရင်း အန္တိမ ရည်မှန်းချက်တွေအကြောင်းကို တင်ပြ ပါမယ်။

သောတရှင် မိတ်ဆွေများခင်ဗျား။

စာရေးသူ ဒူယာပက် ပရီချာရာ့ရှ်က နေပြည်တော် တည်ဆောက်ထားပုံကို လည်း တင်ပြထားပါတယ်။ သူက နေပြည်တော် ဟာ အခုမှ အတင်းလုပ် တည်ဆောက်ထားတဲ့ အတုအယောင်မြို့တော် ဖြစ်တယ်လို့ ဆိုပါတယ်။ တူရကီက အင်ကာရာ၊ မလေးရှားက ပူထရာဂျားယားလို လူတွေကတည်ယူတဲ့ မြို့တော်မျိုးပါ။ မြို့တည် ဆောက်ပြီးမှ အုပ်ချုပ်ရေးကိစ္စတွေ ထိထိရောက်ရောက် ဆောင်ရွက်နိုင်အောင် လူနေရာဒေသတွေနဲ့ ဆက် သွယ်ရေး လမ်းပန်းတွေ တည်ဆောက်ယူပါတယ်။ နေပြည်တော်မှာ သူတို့ဖက်က ကြည့်ရင် အားသာချက်က ရန်ကုန်လိုမြို့ပြရဲ့ ရှုပ်ထွေး၊ လမ်းကြောင်းပိတ်ဆို့မှုတွေ မရှိဘဲ နောက်နောင်မှာ လိုအပ်သလို စစ်အစိုးရရဲ့ ရုံးကန္နား၊ အဆောက်အဦတွေကိုလည်း တိုးချဲ့နိုင်ပါသေးတယ်။

နေပြည်တော်မြို့ တည်ဆောက်ထားပုံကို အကြမ်းဖျဉ်းအားဖြင့် ၃- ပိုင်းခွဲခြားနိုင်တယ်လို့ ဆိုပါတယ်။ မြောက်ပိုင်း ဒေသ (အုပ်ချုပ်ရေးနဲ့ ရေပေးသွင်းရေး တူးမြောင်းဆည်တွေ ရှိတဲ့နေရာ)၊ အလယ်ပိုင်းဒေသ (အလားတူ အုပ်ချုပ်ရေးနဲ့ မြို့ပြ ဖွံ့ဖြိုးစေဖို့ တည်ဆောက်ရေးတွေ ရှိတဲ့နေရာ)၊ တောင်ပိုင်း ဒေသ (ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းတွေနဲ့ သံတမာန် ရပ်ကွက်နေရာ) တွေ ဖြစ်ပါတယ်။ ဒီလို ဒေသတွေကို သေချာပိုင်းခြားထားပြီး၊ ပိုမိုထိ ရောက်စွာ ကွပ်ကဲ ထိန်းသိမ်းဖို့ ဦးတည်ထားတာက သိသာပါတယ်။ မြောက်ပိုင်းဒေသမှာ ဝန်ကြီးဌာန အများ အပြား တည်ရှိပါတယ်။ အဲဒါအပြင် မြို့ပြကို ရေထောက်ပံ့နေတဲ့ ချောင်းမကြီးဆည်လည်း တည်ရှိပါတယ်။ အဲဒါအပြင် မြို့တော်ဂေါက်ကွင်းကို ဆည်နဲ့ ငလိုက် ချောင်းကြား တည်ထားပါတယ်။ စစ်အစိုးရအရာရှိတွေ အပန်းဖြေဖို့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ အလယ်ပိုင်းမှာတော့ လူနေရပ်ကွက်ဖြစ်ပြီး၊ ကုတင် ၁ဝဝဝ ဆန့် ဆေးရုံ အပါအဝင်၊ ကုန်တိုက်တွေ၊ မြို့မဈေး၊ အမျိုးသား စာကြည့်တိုက်၊ အမျိုးသားဇာတ်ရုံ၊ တချို့ဝန်ကြီးဌာန တွေ၊ ရဲဌာနနဲ့ နေပြည်တော် ဖွံ့ဖြိုးရေးကော်မီတီရုံးတွေ တည်ထားပါတယ်။ တောင်ပိုင်းမှာတော့ မင်္ဂလာသိဒ္ဓိ ရပ်ကွက်လို့ လူသိများပြီး အကွက်အလိုက် စီးပွားရေးလုပ်ငန်းတွေကို အငှားချထားတာပါ။ အဲဒါအပြင် သံတမာန်ကျောင်းတွေ၊ ဟော်တယ်တွေ တည်ရှိ ပါတယ်။ အဲဒါအပြင် နေပြည်တော်မြို့တော် တည်တဲ့နေရာမှာ ဗိသုကာဒီဇိုင်း၊ မြေပြင် ဥယျာဉ် ရွေးချယ်ပြင်ဆင်မှုတွေကိုလည်း အထူးစီမံထားတယ် ဆိုပါတယ်။

ဘယ်လိုပဲ လှပနေချင်စဖွယ်ဖြစ်အောင် ပြင်ဆင်ထား၊ ပြင်ဆင်ထား နေပြည်တော်က "အသက်ဝိဉာဉ်မရှိတဲ့မြို့" လို့ ဧရာဝတီမဂ္ဂဇင်း ဆောင်းပါးတပုဒ်က ရေးဖူးပါတယ်။ အဲဒါအပြင် အခြားရည်မှန်းချက်တွေလည်း ရှိနေနိုင်ပါ တယ်။ ဗေဒင်ယတြာ၊ ကက်ကင်းသဘောဆန်ဆန် ဝန်ကြီးဌာနရုံးတွေကို ကင်းမြီးကောက် လက်မထောင်နေတဲ့ ပုံစံ တည်ဆောက်ထားတယ်၊ ဒါဟာ နာမ်ပိုင်းဆိုင်ရာသဘော ထည့်သွင်းတွက်ချက်မှုတွေနဲ့ တည်ထားတယ် ဆိုတာ ကိုးကားဖော်ပြထားပါတယ်။ ဒါက မြန်မာလူမျိုးတွေရဲ့ လောကအမြင်ကို ထင်ဟပ်နေတာလည်း ဖြစ် တယ်လို့ ဆိုပါတယ်။ အဲဒါအပြင် နေပြည်တော်မြောက်ဖက်မှာရှိတဲ့ ချောင်းမကြီးဆည်မှာ တည်ထားတဲ့ လေး ကျွန်းမဏ္ဍိုင် ပြည်လုံးချမ်းသာစေတီကို ဆိုရင် ဝန်ကြီးဌာနအများစု ဝန်ထမ်းက မြင်နေရပြီး၊ နေပြည်တော်ရဲ့ ဝိဉာဉ်ပိုင်းဆိုင်ရာပြယုဂ်လို့လည်း ဆိုနိုင်ပါတယ်။

နေပြည်တော်မှာ ထူးခြားတဲ့ပြယုဂ်ဆိုလို့ ရှေးဗမာဘုရင်တွေရဲ့ ရုပ်ထုကြီး ၃-ခုကလည်း ရှိပါသေးတယ်။ ဒီရုပ်ထု ကြီးတွေက နေပြည်တော်စစ်ရေးပြကွင်းကို စိုးမိုးကြည့်နေကြပြီး၊ ဒီရှေးဗမာဘုရင်တွေက ဒီနေ့စစ်အစိုးရ တွေး ခေါ် စဉ်းစားချက်တွေကို ကိုယ်စားပြုနေတယ်လို့လည်း ဆိုနိုင်ပါသေးတယ်။ အဲဒီရုပ်ထု (၃) ခုက အနော်ရထာ ဘုရင်၊ ဘုရင့်နောင်မင်းတရားကြီးနဲ့ အလောင်းဘုရားတို့ ဖြစ်ပါတယ်။ ဒီမင်းတွေက တချိန်က အင်အားနဲ့ တိုင်းပြည်စုစည်း တည်ထောင်ခဲ့ကြသူတွေဖြစ်သလို ပထမ၊ ဒုတိယ၊ တတိယ မြန်မာနိုင်ငံတော်တည်ထောင်ခဲ့ ကြတယ်လို့ မြန်မာအများစုက မြင်ထားကြပါတယ်။ ဒီကနေ့ မြန်မာ့တပ်မတော်ဟာလည်း အခုရှေးဘုရင်တွေ ရဲ့ အစဉ်အလာကို ဆက်ခံပြီး ပေါက်ဖွားလာတယ်ဆိုတာမျိုး ဗိုလ်ချုပ်သန်းရွှေက ၂ဝဝ၆ ခုနှစ်၊ မတ်လ တပ် မတော်နေ့ မိန့်ခွန်းမှာ ပြောခဲ့ပါသေးတယ်။ သူကလည်း စတုတ္ထမြန်မာနိုင်ငံကို တည်ထောင်သူ၊ နောက်ထပ် မင်းဆက်တခုကို တည်ထောင်သူလို့ ယူဆထားပုံလည်း ပေါ်ပါတယ်။ အဲဒါအပြင် ရန်ကုန်မြို့ရဲ့ အထင်ကရ ရွှေတိဂုံ ဘုရားနဲ့ပုံတူ ဥပတ္တသန္တိစေတီတော်ကိုလည်း နေပြည်တော်မှာ တည်ထားခဲ့ပါသေးတယ်။

အရေးအကြီးဆုံးကတော့ နေပြည်တော်ဟာ ရှေ့တိုးရင်လည်း ထိုးစစ်၊ နောက်ဆုတ်ရင်လည်း ခံစစ်ဆင်နိုင်တဲ့ စစ်ခံတပ်မြို့တော်တခုလို တည်ထားတာလည်း ထည့်သွင်းစဉ်းစားစရာ ရှိပါသေးတယ်။ ရန်ကုန်နဲ့ အခြား မြို့ပြက လူထုတွေ အုံºကွဆန့်ကျင်မှုကို စိုးရိမ်လို့ပဲဆိုဆို၊ ပင်လယ်က ကမ်းတက်တိုက်ခိုက်လာမယ့် အရေးကို စိုးရိမ်လို့ပဲ ပြောပြော အခြားအရေးပါတဲ့ စစ်စခန်းတွေနဲ့ ဆက်စပ်တည်ဆောက်ထားတာကတော့ အမှန်ပါပဲ။ တဖက်မှာ စစ်တက္ကသိုလ်ရှိတဲ့ မေမြို့၊ လေတပ်၊ အခြားစစ်တပ်အများ အခြေစိုက်ထားတဲ့ မိတ္ထီလာ၊ တောင်ငူ တို့နဲ့ ဆက်စပ် ထားတာပါ။ မင်းတုန်းမင်းလက်ထက်တုန်းက ရေကြောင်းက အင်္ဂလိပ်တွေကျူးကျော်လာမှာကို စိုးရိမ်လို့ နန်း တော်ကို အမရပူရကနေ ပိုလို့ကုန်းတွင်းကျရာ မန္တလေးကိုရွှေ့တယ်လို့ စာရေးသူ ဒူယာပက်က ဖော်ပြခဲ့ပါတယ်။ အခုအခါ နေပြည်တော်မြို့တော်ကိုလည်း မြစ်မကြီး ဧရာဝတီမြစ်ကမ်းပေါ်မတည်ဘဲ သင်္ဘော တွေ မဝင်နိုင်တဲ့ စစ်တောင်းမြစ်များမှာ တည်ထားတဲ့ကိစ္စက ဒီလိုသေနင်္ဂဗျူဟာကို ပြန်စဉ်းစားပုံရတယ်လို့ သုံးသပ်ဖော်ပြ ခဲ့ပါ တယ်။ တချိန်တုန်းက ထိုင်းနိုင်ငံမှာလည်း ၁၉၃၈-၄၄ ဒုတိယကမ္ဘာစစ် ကာလများမှာ ထိုင်း ဗိုလ်ချုပ်ကြီး ဖီးလ် မာရှယ် ပီဘွန်ဆောင်ခရမ်က မြို့တော်ကို ဘန်ကောက်ကနေ ရေတပ်ရန် အန္တရာယ်ဝေးရာ ပက်ချဘွန်းကို ရွှေ့ခဲ့ဖူးပါတယ်။ အခုနေပြည်တော် ရွှေ့ပုံကလည်း ပက်ချဘွန်းကို ရွှေ့ပုံနဲ့ သိပ်တူတယ်လို့ သူက ဖော်ပြ ထားပါ သေးတယ်။ နေပြည်တော်က စစ်အစိုးရရဲ့ အာဏာကို ပြလိုလို့ တည်ဆောက်တဲ့ မြို့ဖြစ်သလို၊ နိုင်ငံရေး-လုံခြုံ ရေး၊ စစ်ရေးအကြောင်းများစွာ ထည့်သွင်းစဉ်းစားတည်ဆောက်ထားပါတယ်။ မြို့ပြလို စည်ပင်အောင် လုပ် ဆောင်နေပေမယ့်၊ လုံခြုံရေးအကြောင်းတွေနဲ့ ခံတပ်တခုလို အခိုင်အမာ ခံကတုတ်တွေ၊ မြေအောက်ဥမင်တွေနဲ့ တည်ဆောက်ထား တယ်ဆိုတဲ့ သတင်းတွေလည်း ရှိပါတယ်။ ဒါတင်မက နေပြည် တော်မှာရှိတဲ့ အစိုးရ ဝန်ထမ်းတွေ၊ လူထုတွေက အစိုးရကို ဆန့်ကျင်ဆန္ဒပြမယ်လို့ စဉ်းစားဖို့ဆိုတာ စိတ်ကူး ထဲတောင် မဖြစ်နိုင် ပါဘူး။ ခဏကလေးနဲ့ ချေမှုန်း ခံလိုက်ရမှာပါ။ ဒါပေမယ့် ဘယ်လိုပဲဖြစ်စေ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအသစ် ဖြစ်ပေါ်တိုးတက်မှုအနေအထားတွေ အရ မြန်မာနိုင်ငံမှာ အာဏာဗဟိုချက်မကတော့ ၂- ခုဖြစ်လာနိုင်တယ် ဆိုတာ စာရေးသူက စာအုပ်နောက်ဆုံးမှာ သုံးသပ်ထားခဲ့ပါတယ်။ စစ်အစိုးရ လွှမ်းမိုး နေမယ့် နေပြည်တော် ရယ်၊ လူများစုနဲ့ စည်ပင်ရာ ဒီမိုကရေစီ အတိုက်အခံတွေရှိရာ၊ ၁၉၈၈ လူထုအုံကြွမှု ကြီးတွေ၊ ၂ဝဝ၇ သံဃာဆန္ဒပြပွဲတွေ ဖြစ်ပွားဖူးရာ ရန်ကုန်ကလည်း နောက်ထပ် အာဏာဗဟိုချက်မတခုအဖြစ် ဆက်လက် တည်ရှိနေလိမ့်မယ်။ ဒီမြို့ ၂-ခုအကြား အားòပိင်မှုတွေလည်း ဆက်လက်တည်ရှိနေလိမ့်မယ်ဆိုတာ သုံးသပ် ဖော်ပြခဲ့ကြောင်းပါ ခင်ဗျား။

ဒီစာအုပ်ကို အခုလောက်ပဲ နိဂုံးချုပ်ပါရစေ။ နောက်တပတ်မှာတော့ ဗိုလ်ချုပ်သန်းရွှေအကြောင်း၊ မြန်မာနိုင်ငံရဲ့ မင်းဆိုးမင်းညစ်တဦးကို မျက်နှာဖုံးခွာကြည့်ခြင်းဆိုတဲ့ စာအုပ်ကို ဆက်လက်တင်ပြပါမယ်။ အားလုံး ငြိမ်းချမ်း ပျော်ရွှင်ကြပါစေ။


(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

No comments:

Post a Comment