ondragstart="return false" onselectstart="return false"

Friday, September 24, 2010

နအဖ စစ်ရဟတ်ယာဉ်ကို ကေအိုင်အို သတိပေးပစ်ခတ်

ပေါက်ပေါက် / ၂၄ စက်တင်ဘာ ၂၀၁၀

ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (KIO) ဗဟိုဌာနချုပ်အနီးသို့ ယမန်နေ့၌ နအဖ၏ စစ်ရဟတ်ယာဉ်တစီး ပျံသန်းလာစဉ် ကေအိုင်အိုရှေ့တန်းစခန်းမှ သတိပေးပစ်ခတ်မှု ပြုလုပ်ခဲ့သည်။

ယမန်နေ့ နေ့လယ် (၁) နာရီဝန်းကျင်ခန့်တွင် လိုင်ဇာမြို့အနီး ကေအိုင်အို တပ်စခန်းများရှိရာ နမ့်ဆန်ပါ ဒေသသို့ စစ်ရဟတ်ယာဉ် ပျံသန်းလာစဉ် တောင်ကုန်းစခန်းပေါ်ရှိ ကေအိုင်အိုတပ်ဖွဲ့က သတိပေးပစ်ခတ်ခဲ့ကြောင်း ကေအိုင်အိုတပ်ဖွဲ့နှင့် နီးစပ်သူ လိုင်ဇာဒေသခံက ပြောသည်။

၎င်းက “လိုင်ဇာမြို့ပေါ်က ဖြတ်ပျံလာတာမဟုတ်ဘူး။ ဒီကနေ (၂၊ ၃) မိုင်လောက်ဝေးသေးတယ်၊ နမ့်ဆန်ပါ ဘက်ကို ရောက်လာတာ။ အဲဒါကို ရှေ့တန်းစခန်း မှာရှိတဲ့ ရဲဘော်တွေက သတိပေးတဲ့အနေနဲ့ လက်နက်ငယ်နဲ့ ပစ်လိုက်တာ။ အဲလို ပစ်လိုက်တော့ ရဟတ်ယာဉ် မြစ်ကြီးနားဘက် ပြန်လှည့်သွားတယ်။ တည့်တည့်ပစ်တာ မဟုတ်ဘူးတဲ့။ အတော်လေး နိမ့်တယ်လို့တော့ ပြောတယ်” ဟု ဆိုသည်။

ကေအိုင်အိုအနေဖြင့် အရင်စတင် တိုက်ခိုက်မည်မဟုတ်ကြောင်းနှင့် ရဟတ်ယာဉ်ရောက်လာသည် ဆိုသည်မှာ မှန်ကန်ကြောင်း ကေအိုင်အို အုပ်ချုပ်ရေးရုံး အရာရှိတဦးက အတည်ပြုခဲ့ပြီး ရဟတ်ယာဉ်ကို ပစ်ခတ်သည်ဆိုသည့်အပေါ် မပြောလိုကြောင်း ငြင်းဆိုသွားသည်။

ယခုလ ဒုတိယပတ်အတွင်းကလည်း တိုက်လေယာဉ်တစင်း ယခင်ဌာနချုပ်ဟောင်း လိုင်စင်စခန်းအပေါ် ဖြတ်ပျံသန်းခဲ့သေးကြောင်း၊ ထိုကြောင့် ဒေသအတွင်း စစ်မက်ဖြစ်ပွားလာမှာကို စိုးရိမ်မှုများ ရှိနေသကဲ့သို့ ကေအိုင်အို တပ်ဖွဲ့အနေဖြင့် စစ်ရေးအသင့်ပြင်ထားပုံရကြောင်း လိုင်ဇာဒေသခံတဦးက ပြောသည်။

၎င်းက “လေယာဉ်တွေ လာတာ ဒီလထဲမှာ (၂) ခေါက်ရှိနေပြီ။ ကေအိုင်အိုကို အရင်တိုက်မယ်ဆိုပြီး သတင်းတွေက ထွက်နေတော့ တကယ်ပဲ စစ်ဖြစ်ဖို့ သေချာသလိုဖြစ်နေပြီ။ စစ်ဖြစ်မှာစိုးရိမ်ပြီး ဒီမှာ စီးပွားလာရှာနေတဲ့ အချို့လည်း ပြန်သွားကြပြီ။ လိုင်ဇာကို ကားအဝင်အထွက်က သိသိသာသာ နည်းသွားတယ်။ ကေအိုင်အေ ရဲဘော်တွေကို ရှေ့တန်းပို့စ်တွေမှာ ပို့ထားတယ်။ စစ်ရေးဆိုတော့ အချိန်မရွေး ဖြစ်နိုင်တာပဲ။ ဒီဘက်ကလည်း အသင့်တော့ ပြင်ဆင်ထားမှာပေါ့” ဟု ပြောသည်။

ကေအိုင်အိုအဖွဲ့က စက်တင်ဘာ (၁) ရက် နောက်ဆုံးထားပြီး နယ်ခြားစောင့်တပ်ဖွဲ့ရန် သို့မဟုတ် လက်နက်စွန့်လွှတ်ရန် နအဖ၏ ပြောဆိုမှုကို ငြင်းဆိုပြီးနောက်ပိုင်း နှစ်ဖက်အကြား စစ်ရေးတင်းမာမှုများ ရှိနေချိန်တွင် ပထမဆုံးအကြိမ် ပစ်ခတ်မှု ပေါ်ထွက်လာခြင်းဖြစ်သည်။
http://www.khitpyaing.org/index.php?route=detail&id=4842

No comments:

Post a Comment