ondragstart="return false" onselectstart="return false"

Friday, September 17, 2010

မြို့နယ် ၄ ခုနှင့် ကျေးရွာအုပ်စု ၃၀၀ ခန့်တွင် ရွေးကောက်ပွဲ မကျင်းပ

ခင်ဦးသာ Friday, September 17, 2010

တိုင်းရင်းသား ပြည်နယ် ၅ ခုရှိ မြို့နယ် ၄ ခုနှင့် ကျေးရွာ အုပ်စု ၃၀၀ နီးပါး၌ ရွေးကောက်ပွဲ ကျင်းပပေးခြင်း မပြုလုပ် တော့ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ကြေညာ လိုက်သည်။

ကချင်၊ ကယား၊ ကရင်၊ ရှမ်း၊ မွန် ပြည်နယ်တို့အတွင်းမှ ကျေးရွာအုပ်စုများနှင့် ရှမ်းပြည်နယ်အတွင်းရှိ ပန်ဆန်း၊ နားဖန်း၊ ပန်ဝိုင်၊ မိုင်းမော ၄ မြို့နယ်၌ လုံးဝ ကျင်းပမည်မဟုတ်ဟု ယနေ့ထုတ် အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။

အဆိုပါ ၄ မြို့နယ်သည် “၀” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းတွင် ပါဝင်သည်။ “၀” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းတွင် မြို့နယ် ၆ မြို့နယ် ပါဝင်သည်။

ထိုနယ်မြေများ၌ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ကျင်းပရန် အခြေအနေ မရှိသဖြင့် ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ ပုဒ်မ ၈ (စ) အရ ရွေးကောက်ပွဲ ပြုလုပ်တော့မည် မဟုတ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

ရွေးကောက်ပွဲ ကျင်းပခြင်း မပြုမည့် နယ်မြေအများစုသည် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ယူထားသော တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ အခြေစိုက်ရာ ဒေသများ ဖြစ်သည်။

“ကျနော့် အထင်တော့ ဒီနေရာတွေက လုံခြုံရေးအတွက် စိတ်မချရဘူးထင်လို့ မကျင်းပဖြစ်တာလို့ပဲ ယူဆပါတယ်”ဟု
ချင်းပြည်နယ် တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးလုံစီက ဧရာဝတီသို့ ပြောသည်။

ထိုနယ်မြေများသည် သွားလာရေး အတွက် အခက်အခဲရှိသည့် ဒေသများဖြစ်သည်ဟုလည်း ဦးလုံစီက ဆိုသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင် ဦးဝင်းတင်က “သူတို့လိုတုန်းကတော့ ဒီနေရာတွေမှာ သေနတ်သံ မကြားရတော့ဘူး၊ အေးချမ်းနေပါပြီဆိုပြီး ပြောတယ်။ အခု သူတို့ကို မနာခံတာတွေ ရှိလာပြီး မလိုတော့တဲ့ အခါကျတော့ မငြိမ်းချမ်းတဲ့ နယ်မြေတွေအဖြစ် သတ်မှတ်တယ်။ ဒီရွေးကောက်ပွဲ မလုပ်ရတဲ့အတွက် ဒေသခံတွေအဖို့ ဘာမှ မဆုံးရှုံးပါဘူး” ဟု ပြောသည်။

ပြည်နယ် ၅ ခုအနက် ရှမ်းပြည်နယ်တွင် အထက်ပါ ၄ မြို့နယ်အပြင် စုစုပေါင်း ၁၂ မြို့နယ်၊ ကချင်ပြည်နယ်တွင် ၉ မြို့နယ်၊
ကရင်ပြည်နယ်တွင် ၇ မြို့နယ်၊ ကယားပြည်နယ်တွင် ၂ မြို့နယ်နှင့် မွန်ပြည်နယ်ရှိ ဘီလင်း၊ ကျိုက်ထို ၂ မြို့နယ်တို့မှ ကျေးရွာ အုပ်စု ၂၈၆ အုပ်စုတို့တွင် ရွေးကောက်ပွဲ ကျင်းပမည် မဟုတ်ဟု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားသည်။

မွန်ပြည်နယ်မှ ရွေးကောက်ပွဲမပြုလုပ်တော့သည့် မြို့နယ် ၂ ခုသည် မွန်နိုင်ငံရေး အင်အားစုများ နေထိုင်ရာဒေသ ဖြစ်သည့် အပြင် ၁၉၉၀ ရွေးကောက်ပွဲ၌ မွန်ဒီမိုကရေစီ ခေါင်းဆောင်များ အနိုင်ရခဲ့သည့်နေရာ ဖြစ်ကြောင်း မွန်ဒေသခံတဦးကဆိုသည်။

“ဒီနေရာတွေက တိုင်းရင်းသားတွေ လွှမ်းမိုးနေတဲ့အတွက် တခြားပါတီတွေက နေရာမရနိုင်ဘူးလေ။ ဒီတော့ တိုင်းရင်းသား တွေ ကိုယ်စားမပြုတဲ့ တခြားအင်အားကြီးပါတီတွေ အနေနဲ့ ရွေးကောက်ပွဲ ကော်မရှင်ကို ဖိအားပေးတဲ့ အတွက်လည်း ဒီနေရာ တွေမှာ ရွေးကောက်ပွဲ မလုပ်တာ ဖြစ်နိုင်ပါတယ်”ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးနိုင်ငွေသိန်းက ပြောသည်။

ကရင်ပြည်နယ်မှ ရွေးကောက်ပွဲ မကျင်းပမည့် ကျေးရွာအုပ်စုများ ပါဝင်သော မြို့နယ် ၇ ခုမှာ မြ၀တီ၊ ကော့ကရိတ်၊
ကြာအင်းဆိပ်ကြီး၊ ဘားအံ၊ လှိုင်းဘွဲ့၊ ဖာပွန်နှင့် သံတောင်မြို့နယ်တို့ ဖြစ်သည်။

“စစ်အစိုးရက ရွေးကောက်ပွဲ နီးလာလေ တိုင်းရင်းသားတွေကို နှိပ်ကွပ်လေ ဖြစ်လာတယ်။ ဒီမိုကရေစီ အင်အားစုတွေ
နေရာ မရအောင်လုပ်လေဘဲ။ အစိုးရခိုင်းတာ လုပ်ပေးနေရတဲ့ ရွေးကောက်ပွဲ ကော်မရှင် ဆိုတာကလည်း ဘယ်တော့မှ တရား
မျှတတဲ့ ဥပဒေအတိုင်း လုပ်ဆောင်ပေးမှာမဟုတ်ဘူး”ဟု မြ၀တီမြို့မှ ကရင်တိုင်းရင်းသား ကုန်သည်တဦးက ပြောသည်။

ကရင်ပြည်နယ်မှ ရွေးကောက်ပွဲ မကျင်းပတော့သည့်နေရာတွင် မြ၀တီမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၄ ခုပါဝင်ပြီး မြ၀တီ ဒေသ၌ စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ယူထားသည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(DKBA) အဖွဲ့ဝင် များ အခြေစိုက်လျက်ရှိသည်။

ရွေးကောက်ပွဲ ကျင်းပခြင်း မပြုဟု ကြေညာထားသော ပြည်နယ် ၅ ခုမှ မြို့နယ်ပေါင်း ၃၂ မြို့နယ်၏ ကျေးရွာအုပ်စု အများစု သည် လုံခြုံရေး စိတ်မချရဟု ယူဆရသော်လည်း တချို့သောနေရာ ဒေသများတွင် တည်ငြိမ်အေးချမ်းမှု အပြည့်အ၀ရှိကြောင်း လည်း တိုင်းရင်းသား ပါတီ ခေါင်းဆောင်များက ပြောသည်။

ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေက “အဓိကက လုံခြုံရေးကြောင့် မလုပ်ဖြစ်ဘူးလို့ ထင်တယ်။ ဒါပေမယ့် တည်ငြိမ် အေးချမ်းသွားတဲ့ အချိန်ရောက်ရင်တော့ ရွေးကောက်ပွဲ ပြန်လည် ကျင်းပပေးနိုင်ပါတယ်။ ဒီလိုလုပ်ပေးခဲ့တာ မြန်မာနိုင်ငံမှာ ရော နိုင်ငံတကာမှာလည်း ရှိခဲ့တယ်”ဟု ပြောသည်။

၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ၌လည်း ငြိမ်းချမ်းမှု မရှိဟု ယူဆသော မဲဆန္ဒနယ် ၇ ခုတွင် ရွေးကောက်ပွဲ မပြုလုပ်ခဲ့ကြောင်း သိရသည်။

ရွေးကောက်ပွဲ ကော်မရှင်သည် စက်တင်ဘာလ ၁၄ ရက်နေ့တွင် NLD အပါအ၀င် နိုင်ငံရေးပါတီ ၁၀ ပါတီ ကို ဖျက်သိမ်းခြင်း၊ နိုင်ငံရေးပါတီများအနေဖြင့် ရေဒီယိုနှင့် ရုပ်မြင်သံကြားမှ ဟောပြောခွင့်ပြုမိန့် လျှောက်ထားနိုင်ခြင်းတို့ကိုလည်း ကြေညာချက် များ ထုတ်ပြန်ခဲ့သည်။
http://www.irrawaddy.org/bur/index.php/news/1-news/4084-2010-09-17-11-22-01

No comments:

Post a Comment