ondragstart="return false" onselectstart="return false"

Sunday, September 19, 2010

ကင်းချောင်း ရထားလမ်းတွင် လက်နက်ကိုင် တပ်ဖွဲ့များမှ အကောက်ဂိတ်ဖွင့်၍ ဆက်ကြေးကောက်

9/19/2010

ရခိုင်ပြည်နယ် ပုဏ္ဍားကျွန်းမြို့နယ် ကင်းချောင်းကို ရထားလမ်း အတွက် ပိတ်ဆို့ဆည်ထားသော နေရာတွင် လက်နက်ကိုင် တပ်ဖွဲ့များမှ အကောက်ဂိတ်များ ဖွင့်လှစ်ပြီး လာလာသမျှ စက်လှေ၊ မော်တော်ဘုတ်နှင့် လှေ သဗ္ဗာန်များမှ ဆက်ကြေးများ ကောက်ခံနေကြောင်း သတင်း ရရှိသည်။

“ အခု အကောက်ဂိတ်ဖွင့်ပြီး အကောက် ကောက်ခံနေတာက ခမရ ၅၅၀၊ စရဖနဲ့ ရဲအဖွဲ့တို့ ပူးပေါင်းပြီး ဖွင့်လှစ်ထားတဲ့ အကောက်ဂိတ်က ကောက်ခံနေတာ ဖြစ်ပါတယ်။ တရားဝင် ဘယ်ဟုတ်ပါ့မလဲ။ သူတို့ကိုယ်ကျိုး အတွက် ကောက်ခံ နေတာ ဖြစ်ပါတယ်” ဟု ကုန်သည် တစ်ဦးက ပြောသည်။

ထိုသို့ကောက်ခံရတာတွင် စက်လှေ အကြီး တစီးကို ၃၀၀၀ ကျပ်၊ အငယ် တစီးကို ၂၀၀၀ ကျပ်၊ သဗ္ဗာန် တစီးကို ၁၅၀၀ ကျပ်နှင့် လှေ တစီးကို ၅၀၀ ကျပ် ကျစီ ကောက်ခံနေသည်ဟု သူက ပြောသည်။

“ မပေးလို့ မရပါဘူး။ ပစ္စည်းတောင် လှေပေါ်က မချရသေးဘူး။ သူတို့က လှေပေါ်တက်လာပြီး ဘယ် ပစ္စည်းတွေကို ပါတာကြည့်တယ်။ ပီးရင် ပိုက်ဆံ တောင်းတော့ တာပါဘဲ” ဟု သူက ဆက်ပြောသည်။

ယခုကဲ့သို့ ငွေကြေးများ ကောက်ခံနေသဖြင့် စက်လှေကြီးများဖြင့် ခရီးသွားလာနေသူ စီးပွားရေး သမားများအတွက် မထောင်းသာလှသော အနီးအနား ပတ်ဝန်းကျင်မှ ကောက်ပဲသီးနှံများ လာရောက် ရောင်းချသူများမှာ အထူး ထိခိုက် နစ်နာမူ ရှိနေသည်။

“ အဓိကတော့ ပုဏ္ဍားကျွန်းမြို့နယ် တောဖျားချောင်းဘက်က ထွက်တဲ့ ကောက်ပဲသီးနှံတွေကို လာရောင်းတဲ့ တောင်သူ လယ်သမားတွေ အနေနဲ့ အထူး ထိခိုက်နစ်နာမူ ရှိနေပါတယ်။ ချောင်းကို ပိတ်ပြီး ရထားလမ်း ဆည်ထားတဲ့ အတွက် သွားလာလို့ မရ ဖြစ်နေတဲ့ အထဲမှာ အကောက်တွေပါ ထပ်ကောက်ခံနေတော့ တစ်ပူပေါ် နှစ်ပူဆင့် ဖြစ်နေကြရပါတယ်” ဟု သူက ပြောသည်။

ကင်းချောင်းမှာ မေယူမြစ်နှင့် ကုလားတန် မြစ်အကြား အချိန်တို အတွင်း ဖြတ်သန်းသွား လာနိုင်သော ချောင်း ဖြစ်သော်လည်း ယခုအခါ နအဖ စစ်အာဏာပိုင်များက ရထားလမ်းအတွက် ပိတ်ဆို့ ဆည်ထားသဖြင့် ရခိုင်လူထု အနေဖြင့် ခရီးသွားလာရာတွင် အထူး အခက်အခဲ ကြုံတွေ့နေကြသည်။

ထိုသို့ ရခိုင်ပြည်သူလူထု အနေဖြင့် အခက်အခဲများ ကျရောက် ဖြစ်ပေါ်နေသည့် အပေါ် နအဖ စစ်အာဏာပိုင်များက တစုံတရာ ထည့်သွင်း မစဉ်းစားသည်သာမက ရထားလမ်းကို ဖြတ်ပြီး ဟိုဘက် သည်ဘက် ပစ္စည်းများ သယ်ယူနေရသော လှေမှန်သမျှထံမှ လိုင်စင်ရ ဓါးပြများကဲ့သို့ ဆက်ကြေးများ ကောက်ခံနေခြင်း ဖြစ်သည်။
http://www.narinjara.com/detailsbur.asp?id=2747

No comments:

Post a Comment