ondragstart="return false" onselectstart="return false"

Friday, September 24, 2010

မြ၀တီရဲစခန်း စီးနင်းခဲ့သည့် ဒီကေဘီအေအဖွဲ့အား အရေးယူရန် အမိန့်ထုတ်

ရဲရင့် / ၂၄ စက်တင်ဘာ ၂၀၁၀

အသိမ်းခံရသည့်ကားများ ပြန်ယူရန်အတွက် မြ၀တီရဲစခန်းအား ၀င်ရောက်စီးနင်းသည့် ဒီကေဘီအေအဖွဲ့အား ကားများ ပြန်မပေးသည့်အပြင် အလားတူဥပဒေမဲ့ဖြစ်ရပ်မျိုး ထပ်မံလုပ်ဆောင်ပါက ပြင်းထန်စွာအရေးယူရန် အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှ အမိန့်ရရှိထားသည်ဟု နအဖတပ်ဖွဲ့ဝင်တဦးက ပြောကြားသည်။

၎င်းက “ရတခ က အမိန့်ပေးထားပြီး ဒီတခါဖြစ်ရင်တော့ အပြတ်ချရတော့မယ်။ ဒီပြဿနာက ကကကြည်းက နေပြည်တော်အထိရောက်သွားပြီ။ ကားတွေကို ပြန်မပေးတဲ့အပြင် ဒီကိစ္စမှာပါတဲ့ ဒီကေဘီအေအဖွဲ့တွေကိုလည်း ဆင့်ခေါ်ထားတယ်။ လူကြီးတွေကတော့ နောက်ကို ဒီလိုပြဿနာမျိုး အဖြစ်မခံတော့ဘူး။ အကုန်ပြောမယ်ဗျာ ပစ်မိန့်ရထားပြီ” ဟု ပြောသည်။

ပြီးခဲ့သည့်အင်္ဂါနေ့က ထိုင်းဘက်မှတင်သွင်းသည့် ဒီကေဘီအေ အဖွဲ့ပိုင်ကား (၇) စီးကို မြ၀တီအာဏာပိုင်များက ဖမ်းဆီးပြီး ရဲစခန်းတွင် သိမ်းထားလိုက်သည့်အတွက် ယင်းကားများအား ပြန်ပေးရန် မြ၀တီခရိုင်တောင်ဘက်ရှိ ဒီကေဘီအေ ကလို့ထူးဘောဗျူဟာအခြေစိုက် တပ်ရင်း (၉၀၂) ၏ တပ်ရင်းမှူး ဗိုလ်ကျော်သက် ဦးဆောင်သည့် အင်အား (၂၀) ခန့်ပါသည့် တပ်ဖွဲ့ဝင်များက အင်အားသုံးကာ ရဲစခန်းအား ၀ိုင်းထားရာမှ ပြဿနာဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါ သိမ်းဆည်းလိုက်သည့် လိုင်စင်မဲ့ကား (၇) စီးတွင် ကျပ်ငွေသိန်းထောင်ကျော်သည့် မာစီးဒီးကား တစီးအပါအ၀င် အခြားတန်ဖိုးကြီးကားများဖြစ်သည်ဟု မြ၀တီမြို့မှ ကားပွဲစားတဦးကပြောသည်။

စက်တင်ဘာ (၂၀) ရက်နေ့၌ နအဖ အဖွဲ့နှင့် ဒေသခံ အာဏာပိုင်အဖွဲ့အစည်းများက သင်္ဃန်းညီနောင်ရှိ ဗျုဟာဂိတ် (တံတားကျိုးဂိတ်) တွင် ထိုင်းမှ တရားမ၀င်တင်သွင်းလာသည့် လိုင်စင်မဲ့ကား (၄၇) စီးအား ဖမ်းဆီးရမိရာတွင် ဒီကေဘီအေမှ ကား (၇) စီး ပါရှိခြင်းဖြစ်သည်။

ယင်းပြဿနာ ဖြစ်ပွားခဲ့သည့်အတွက် ဖမ်းဆီးထားသည့် လိုင်စင်မဲ့ကားများထားရှိရာ မြ၀တီရဲစခန်းအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များကို (၃) နေရာခွဲ၍ ချထားသည်ဟု လ၀က၀န်ထမ်းတဦး၏ ဇနီးဖြစ်သူက ခေတ်ပြိုင်သို့ ပြောသည်။

၎င်းက “ကျမတို့က ရဲစခန်းအရှေ့က လ၀က ၀င်းထဲမှာနေတာ၊ လုံခြုံရေးတွေကိုတော့ တအားချထားတယ်။ ရဲစခန်းအနားမှာရှိတဲ့ အကောက်ခွန်ရုံး၊ လ၀ကရုံးနဲ့ မီးစက်ဟောင်းနေရာတွေမှာ တပ်တွေချထားတယ်။ အရင်တခါမှမရှိဘူး။ ဖြစ်တဲ့နေ့ကဆိုရင် ဒီကေဘီအေက ရဲစခန်းကိုဝိုင်း၊ စစ်တပ်က ဒီကေဘီအေကိုပြန်ဝိုင်း၊ တပ်မက စစ်ကားတွေကတဆင့် ထပ်ဝိုင်းနဲ့ဆိုတော့ ရပ်ကွက်ထဲက လူတွေ လွတ်ရာကို အထုတ်တွေပိုက်ပြီး ပြေးနေကြတာ ကမ္ဘာပျက်သလိုပဲ” ဟု ပြောသည်။

အဆိုပါပြဿနာကို ဖြေရှင်းရန်အတွက် အာဏာပိုင်များက ဒီကေဘီအေနှင့် ကားပိုင်ရှင်များကို ဆင့်ခေါ်ထားသော်လည်း လာရောက်ခြင်းမရှိသေးကြောင်း၊ ဒီကေဘီအေမှ ဗိုလ်ကျော်သက်နှင့်အဖွဲ့သည် အသိမ်းခံရသည့် အဆိုပါကား (၇) စီးကို ကားကုန်သည်များထံမှ အခကြေးငွေယူ၍ ပို့ဆောင်ပေးစဉ် အဖမ်းခံရခြင်းဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရရှိသည့်သတင်းအရ ဒီကေဘီအေတပ်ရင်း (၉၀၂) ဗိုလ်ကျော်သက်သည် အရှေ့တောင်တိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းနေလင်းထံ ကားများပြန်ပေးရန်နှင့် အရေးယူမှုများ မပြုလုပ်ရန် အသနားခံစာ တင်ခဲ့သော်လည်း တိုင်းမှူးမှ လက်ခံခြင်းမရှိဟု သိရသည်။
http://www.khitpyaing.org/index.php?route=detail&id=4851

No comments:

Post a Comment