ondragstart="return false" onselectstart="return false"

Tuesday, September 14, 2010

ဝတပ်ဖွဲ့နယ်မြေအနီး နအဖတပ်များ ချဉ်းကပ်

ပေါက်ပေါက် / ၁၄ စက်တင်ဘာ ၂၀၁၀

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲအခြေစိုက် အမှတ် (၁) စစ်ဆင်ရေးကွပ်ကဲမှုစစ်ဌာနချုပ် (စကခ) လက်အောက်ခံ တပ်ရင်း (၃) ခုသည် တန့်ယန်းမြို့၌ စက်တင်ဘာ (၁၂) ရက်တွင် လာရောက်တပ်စွဲထားပြီး သံလွင်မြစ် အရှေ့ဘက်ခြမ်း ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ဝတပ်ဖွဲ့ ထိန်းချုပ်နယ်မြေအနီးသို့ ချဉ်းကပ်လှုပ်ရှားလျက်ရှိသည်။

တန့်ယန်းဗျူဟာလက်အောက်ခံ တပ်ရင်းများအပြင် စကခ (၁) တပ်ရင်းများသည် သံလွင်အရှေ့ခြမ်း၊ နအဖရှေ့တန်းတပ်စခန်း လွယ်ပန်လုံတွင် အခြေပြုပြီး အနီးရှိ ဝတပ်ဖွဲ့ထိန်းချုပ်ရာ မန်းရှာဒေသအတွင်း တိုက်ပွဲ ဖော်ကောင်း ဖော်လာနိုင်သည်ဟု ဝတပ်ဖွဲ့နှင့်နီးစပ်သူ စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက ပြောသည်။

၎င်းက “တန့်ယန်းဗျူဟာ နယ်မြေထဲမှာ တပ်ရင်း (၇) ခုလောက်ရှိနေပြီ။ ကျန်တဲ့ တပ်တွေကိုလည်း စစ်ထွက်နိုင်အောင် ပြင်ဆင်ထားတာလည်း ရှိသေးတယ်။ လွယ်ပန်လုံက နအဖတပ်တွေက နဂိုကတည်းက သိမ်းထားပြီးသား။ အဲဒီ အရှေ့က မန်းရှာကို တိုက်လို့ရတယ်။ ဝဒေသကို အကန့်အသတ်နဲ့ တိုက်လာနိုင်တယ်။ အဲဒီ မန်းရှာက တရုတ်နယ်စပ်နဲ့လည်း ဝေးတယ်” ဟု ပြောသည်။

နအဖဘက်က ဝတပ်ဖွဲ့အပါအဝင် အပစ်ရပ်အဖွဲ့များအား နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးအတွက် ယမန်နှစ် ဧပြီလအတွင်း ဖိအားပေးစဉ်ကတည်းက စ၍ ဝတပ်ဖွဲ့က စစ်ရေးသတိဖြင့် ရှိနေခဲ့သည်။

ယခုကဲ့သို့ နအဖတပ်များ ချဉ်းကပ်လှုပ်ရှားလာမှုအပေါ် ဒေသခံတို့အနေဖြင့်လည်း စစ်ပွဲများနှင့်ပတ်သက်၍ စိုးရိမ် ထိတ်လန့်မှုများ မကြာခဏဖြစ်နေရသဖြင့် မည်သို့မျှ ထူးထူးခြားခြား ဖြစ်မလာတော့ကြောင်း ပန်ဆန်းဒေသခံတဦးက ပြောသည်။

၎င်းက “နယ်ခြားစောင့်ကိစ္စ ပေါ်ကတည်းက ဝရဲဘော်တွေ ဟိုသွား၊ ဒီသွားနဲ့ ရှိလာတယ်။ ကိုးကန့်နယ်မှာ တိုက်ပွဲတွေဖြစ်ပြီးတော့ ဒီဘက်မှာ တရုတ်ဘက်ပြေးရတာတွေလည်း ရှိတယ်။ တိုက်ပွဲတွေ ဖြစ်မှာကို စိုးရိမ်တာပေါ့။ အစိုးရဝန်ထမ်းတွေ ပြန်တာတောင် (၂) ကြိမ်ရှိနေပြီ။ အဲဒါတွေ ခဏခဏဖြစ်နေတော့ ရိုးလာနေပြီ။ ဟိုတခေါက်တုန်းကလို ပစ္စည်းတွေ ရွှေ့ပြောင်းတာ မရှိသေးဘူး။ တကယ်ဖြစ်မှပဲ ရွှေ့ရင် ရွှေ့တော့မယ်” ဟု ပြောသည်။

နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် ဝတပ်ဖွဲ့က ငြင်းဆိုခဲ့သဖြင့် နအဖဘက်က တိုက်ပွဲဖြစ်လာမည်ကို စိုးရိမ်ပြီး ဝဒေသအတွင်း တာဝန်ထမ်းဆောင်နေကြသည့် နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးမှုဝန်ကြီးဌာန (နတလ) လက်အောက်ခံ ဝန်ထမ်းများနှင့် အန်ဂျီအိုများအား ယခုနှစ် ဧပြီလအတွင်း၌ ၀ဒေသအတွင်းမှ ပြန်လွှတ်ခဲ့သည်။

စက်တင်ဘာ (၁) ရက် နောက်ဆုံးထားပြီး လက်နက်စွန့်ရန် နအဖဘက်က ပြောဆိုမှုကို ဝတပ်ဖွဲ့က ငြင်းဆိုခဲ့သဖြင့် ဝဒေသအတွင်းရှိ နအဖ ဆက်ဆံရေးရုံး လုံခြုံရေးတာဝန်ကျ စစ်သားများနှင့် နတလ ဝန်ထမ်းများကိုလည်း စက်တင်ဘာ ပထမပတ်အတွင်းက နအဖက ပြန်ခေါ်ယူသွားခဲ့သည်။

မကြာသေးမီက နအဖစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ တရုတ်ပြည်ခရီးစဉ်အတွင်း နယ်စပ်ဒေသများတွင် တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရန် တရုတ်နှင့်မြန်မာအကြား ဆွေးနွေးမှုများ ရှိခဲ့သေးသည်။
http://www.khitpyaing.org/index.php?route=detail&id=4467

No comments:

Post a Comment