ondragstart="return false" onselectstart="return false"

Friday, September 10, 2010

နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁၀ဦးကျော် ကေအဲန်ယူနှင့် ပူးပေါင်းခဲ့



အမေ့အိမ်သို့ ပြန်လာသော သားကြီးများအား နွေးထွေးစွာ ကြိုဆိုပါကြောင်း.....


စက်တင်ဘာ ၁၀ရက်။ နန်းဖော့ဂေ (ကေအိုင်စီ)

သြဂုတ်လအတွင်း ကရင်ပြည်နယ်တွင် နအဖ၏ နယ်ခြားစောင့်တပ် တပ်ဖွင့်ပွဲ ကျင်းပပြုလုပ်အပြီး ဒီကေဘီအေမှ နယ်ခြား စောင့်တပ် ဖြစ်သွားကြသည့်နောက်ပိုင်း ယနေ့အထိ ၎င်းတပ်ဖွဲ့ဝင် ၁၃ဦးသည် ကေအဲန်ယူ တပ်မဟာ(၇)ထံ လာရောက်ပူး ပေါင်းခဲ့ကြောင်း သိရသည်။

ကေအဲန်ယူ လက်အောက်ရှိ ကေအဲန်အယ်လ်အေ တပ်မဟာ(၇)မှ ရုံးထိုင်မှူး ဗိုလ်မှူးစောအဲဆဲဆဲက “ပြီးခဲ့တဲ့ သြဂုတ်လ ၁၉ ရက်နေ့ကနေ ဒီနေ့အထိဆိုရင် ကျနော်တို့ တပ်မဟာကို လက်နက်ကျည်ဆံတွေနဲ့အတူ လာရောက်ပူးပေါင်းတဲ့ နယ်ခြားစောင့် တပ်ဖွဲ့ဝင်တွေ ၁၃ဦး ရှိနေပါပြီ။ ဒီလူတွေ အားလုံးနီးပါးလောက်က လက်နက်ပစ္စည်းတွေ ပါလာကြတာချည်းပဲ။”ဟု ယမန်နေ့ က ကေအိုင်စီကို ပြောသည်။

ယမန်နေ့ညနေ ၅နာရီခန့်တွင် လက်ရှိ နယ်ခြားစောင့်တပ်မှ ဗိုလ်မှူးစောမောင်ဝင်း ဦးစီးသည့်တပ်ရင်းမှ တပ်ကြပ်ကြီးစော လယ်မူး ၃၄နှစ်၊ စောကျော်မင်းထွန်း ၁၈နှစ်နှင့် စောကျူးနော် ၁၇နှစ်တို့သည် လက်နက် ၇လက်၊ ကျည်ဆံ ၇၀၀ကျော်နှင့်အ တူ ၎င်းတို့ထံ လာရောက်ပူးပေါင်းခဲ့သည်ဟု ကေအဲန်အယ်လ်အေ တပ်မဟာ(၇)မှူး ဗိုလ်မှူးချုပ်စောဂျော်နီက ပြောသည်။

သြဂုတ်လ ၂၀ရက်နေ့တွင် လှိုင်းဘွဲမြို့နယ်၊ မဲပလဲ့ကျေးရွာ၌ ကျင်းပခဲ့သည့် နယ်ခြားစောင့်တပ်ဖွင့်ပွဲကို တက်ရောက်ခဲ့ရသည့် တပ်ကြပ်ကြီးစောလယ်မူးက “ကျနော်က အရင် ဒီကေဘီအေ အထူးတပ်ရင်း ဗိုလ်မောင်ဝင်းတပ်ဖွဲ့ကပါ။ ကျနော်တို့ကို အထက်အရာရှိက နယ်ခြားစောင့်တပ် အခမ်းအနားရှိတယ်။ သွားရမယ်ပြောတော့ ကျနော်တို့လည်း သွားတက်လိုက်တာပါပဲ။ အခု ကျနော်တို့တပ်ရင်းအမှတ်က ဘယ်လောက်လဲ ကျနော်လည်း မသိဘူး။”ဟု ဆိုသည်။

၎င်းတို့ယူဆောင်လာသည့် လက်နက်များမှာ Nato စက်လတ် ၁လက်၊ ကျည်အတောင့် ၅၀၀။ RPG-7 ၁လက်၊ ကျည် ၅လုံး။ M-16 ၃လက်၊ ကျည်အတောင့် ၁၉၀။ AK-47 ၂လက်၊ ကျည် ၄၀တောင့်၊ လက်ပစ်ဗုံး ၁လုံးနှင့် လမ်းလျှောက်စကားပြောစက် ၁လုံးတို့ ဖြစ်သည်ဟု သိရသည်။

ကေအဲန်ယူထံ လာရောက်ပူးပေါင်းခဲ့သည့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များအနက် ဒုဗိုလ် ၁ဦး၊ တပ်ကြပ်ကြီး ၂ဦး၊ တပ်ကြပ် ၂ဦး တို့ပါဝင်ပြီး အများစုမှာ နယ်ခြားစောင့်တပ် တပ်ဖွင့်ပွဲအခမ်းအနားကို မတက်ရောက်ခဲ့ကြဘဲ ရှေ့တန်းနေရာများတွင် ရှိနေကြ သူများဖြစ်သလို ထိုအထဲတွင် ကလေးစစ်သားများလည်း ပါဝင်သည်။

ယင်းသို့ နယ်ခြားစောင့်တပ် ပြောင်းလဲမဖွဲ့စည်းမီ သြဂုတ်လ ၄ရက်နေ့နှင့် ၆ရက်နေ့များတွင် ဖားအံမြို့ရှိ နအဖ တပ်မ(၂၂) ဌာနချုပ်ခန်းမတွင် နအဖ အရှေ့တောင်တိုင်း တိုင်းမှူး ဗိုလ်ချုပ်သက်နိုင်ဝင်း၊ G1 နှစ်ဦးဖြစ်သော ဗိုလ်မှူးကြီးကျော်မြင့်၊ ဗိုလ် မှူးကြီးမျိုးမြင့်၊ ဗိုလ်ချုပ်မောင်မောင်အုန်း၊ ဗိုလ်မှူးကြီးဝင်းမြင့်တို့နှင့် ဒီကေဘီအေ ထိပ်ပိုင်းခေါင်းဆောင်များ ဆွေးနွေးရာတွင် နိုင်ငံတော်၌ လက်နက်ကိုင်တပ်ဟူ၍ တပ်မတော်တစ်ခုတည်းသာရှိရမည့်အတွက် ဒီကေဘီအေမှ နယ်ခြားစောင့်သို့ ပြောင်း ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။

၎င်းအပြင် ရွေးကောက်ပွဲပြီးလျှင် နယ်စပ်တွင် သောင်းကျန်းသူများမထားရှိတော့ဘဲ ကရင်ပြည်နယ်ရှိ သံလွင်မြစ်နှင့် သောင် ရင်းမြစ်ကမ်းတွင် နယ်နိမိတ်ကာကွယ်ရေးအတွက် နယ်ခြားစောင့်တပ်ကိုသာ ထားရှိသွားမည်ဖြစ်ကြောင်းလည်း အဆိုပါအ စည်းအဝေးတွင် စစ်ဗိုလ်ချုပ်များက ဆွေးနွေးချပြခဲ့သည်။

ယခုအချိန်တွင် ကရင်အပစ်ရပ်အဖွဲ့များဖြစ်သည့် ဒီကေဘီအေမှ တပ်ရင်း ၁၂ရင်းနှင့် ဟောင်သရော ငြိမ်းချမ်းရေးအဖွဲ့မှ တပ် ရင်း ၁ရင်းသည် သြဂုတ်လ ၁၈ရက်နေ့မှ ၂၂ရက်နေ့အထိ နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်ပြီး သြဂုတ်လကုန် ပိုင်းမှစ၍ လစာနှင့် တပ်ရိက္ခာများ စတင် ထုတ်ယူနေပြီဖြစ်ကြောင်း သိရသည်။

နယ်ခြားစောင့်တပ်သားတစ်ဦးက “ကျနော်တို့လခထုတ်ဖို့က လက်ဗွေနှိပ်ရတယ်။ အရာရှိရှေ့မှာ လက်ဗွေမနှိပ်ရင် လခကို ထုတ်မပေးဘူး။ ဒီလကစပြီး လစာထုတ်တာ ကျနော်ဆို ကျပ်ငွေ သုံးသောင်းခြောက်ထောင်ရတယ်။ ဆန်၊ ဆီ၊ ဆား၊ ငြုပ်သီး ရိက္ခာတွေလည်း ရတယ်။ အခြားရိုးရိုးတပ်သားတွေလည်း ဒီအတိုင်းပဲ။”ဟု ဆိုသည်။

No comments:

Post a Comment