ondragstart="return false" onselectstart="return false"

Thursday, September 9, 2010

UWSA ၀ါရင့်တပ်မှူးဟောင်းကြီးဦးဆောင်၍ တောင်ပိုင်း ၀ နယ်မြေသို့ တပ်ရင်း ၃ ရင်း အင်အားဖြည့်

Wednesday, 08 September 2010 19:06 သျှမ်းသံတော်ဆင့်

မြောက်ပိုင်းရောက် ၀ါရင့် ၀ တပ်မှူးဟောင်းကြီးဦးဆောင်၍ ထိုင်းနယ်စပ် တောင်ပိုင်း ၀ တပ်ဖွဲ့နယ်မြေသို့ တပ်ရင်း ၃ ရင်းစာ ထပ်မံအင်အားဖြည့်ကြောင်း စုံစမ်းသိရှိရပါသည်။

“အစပိုင်းက တပ်မဟာ ၃ ခု လို့ထင်တာ အမှန်တော့ တပ်ရင်း ၃ ရင်းဘဲ၊ ဝေ့ဆိုက်ထန်ဦးဆောင်တယ်။ အခြေအနေ မကောင်းလို့ အင်အားထပ်ဖြည့်တဲ့သဘော” - ဟု တာချီလိတ်ရောက် ဒေသခံကုန်သည်တဦးက ပြောပြ ပါသည်။

[UWSA ၀ါရင့်တပ်မှူးဟောင်းကြီး ဝေ့ဆိုက်ထန်]

ဝေ့ဆိုက်ထန်သည် မိုင်းယွန်းအခြေစိုက် ယခင် တပ်မဟာ ၂၅၁၈ ၏တပ်မှူးဟောင်းတဦးဖြစ်သည်။ ငွေအတုလုပ် မှုဖြင့် မြောက်ပိုင်း ဌာနချုပ်၌ ၄-၅ နှစ် ချုပ်နှောင်ခံရကာ၂၀၀၈ ကပြန်လွတ်လာ၏။ ခွန်ဆာ့ MTA နှင့် တိုက်ပွဲ ဖြစ်စဉ် နာမည်ကြီး ရှေ့တန်းတိုက်စစ်မှူး တဦးဖြစ်ခဲ့ဖူးသည်။ တိုက်ရေးခိုက်ရေးအပြင် တောင်ပိုင်း ၀ နယ် မြေပါ ကျွမ်းကျင်သောကြောင့် ၎င်းအားပြန်လည်အသုံးပြုခြင်းဖြစ်ကြောင်း တောင်ပိုင်း ၀ ထိပ်ပိုင်းခေါင်းဆောင်နှင့် ရင်းနှီးသည့် ဒေသခံအကြီး အကဲတဦးက ပြောပါသည်။

“ဝေ့ဆိုက်ထန်က တကယ့် မျိုးချစ်ပုဂ္ဂိုလ်ဗျာ့၊ သျှမ်းတပ်နဲ့ တိုက်ပွဲဖြစ်တာ သူသိပ်မလိုလားဘူး။ သူအဖမ်းခံရ တုန်းက ငွေတုမှုတခုထဲတော့မဟုတ်ဘူး၊ သျှမ်းတပ်နဲ့လျှို့ဝှက်ဆက်သွယ်မှု တရုတ်လူမျိုးမလိုလားမှု စတာတွေ လဲပါတယ်၊ နောက်ပြီးသူက ဘိန်းဘုရင်တဦးဖြစ်တဲ့ ဝေ့ရှော်ကန်းနဲ့လဲပြိုင်ဘက်ဆိုတော့ ထိုင်းက သူ့ကိုပိုသဘောကျတယ်လို့ တောင်ကြားဖူးတယ်”- ဟု ၀ ထိပ်ပိုင်းနှင့် ရင်းနှီးသည့် တာချီလိတ်ရောက်ကုန်သည် နောက်တဦး ကပြော၏။

စက်တင်္ဘာ ၁ ရက်နေ့နောက်ဆုံးထား လက်နက်ချရေးဆိုသည့် နအဖ စစ်အုပ်စု၏ ရာဇဒဏ်အား ၀ တပ်ဖွဲ့ လက်ခံခြင်း မရှိသည့်အပြင် ယခုကဲ့သို့အင်အားဖြည့် လှုပ်ရှားလာခြင်းဖြစ်သည်။

နအဖ စစ်အုပ်စုကမူ တောင်ပိုင်း ၀ နယ်မြေဘက်သို့ ထူးထူးခြားခြားအင်အားဖြည့်ခြင်းမရှိသော်ငြားလည်း ၀ တပ်ဖွဲ့အား အချိန်မရွေးစစ်ရေးအရအရေးယူလာခဲ့လျှင် စစ်ဘေးစစ်ဒဏ်မှရှောင်တိမ်းနိုင်ရန် အထုပ်အပိုးနှင့်တကွ ၂၄ နာရီအဆင်သင့် ပြင်ထားရန် ၀န်ထမ်းများအား ယခုလ ၅ ရက်နေ့က လျှို့ဝှက်စာပေးပို့ထားခဲ့သည်။

ထို့အပြင်၎င်းင်းတို့၏ပေါ်လစီကို ငြင်းဆန်ထားသည့် ၀ တပ်ဖွဲ့အပေါ် တုန့်ပြန်ဒဏ်ခတ်သည့်အနေဖြင့် မြောက် ပိုင်း ၀ နယ်မြေရှိ ၀န်ထမ်းများ၊ နအဖ စစ်သားများအား ယခုလ ၃ ရက်နေ့က အားလုံးရုပ်သိမ်းပြီးဖြစ်သည်။

ဒေသခံ စီးပွားရေးသမားများနှင့် ခရီးသွားများ၊ ကားသမားများကမူ ၀ မြေမှ စစ်အုပ်စုဝန်ထမ်းများ ထွက်ခွါသွား ပြီးနောက် ဂိတ်ပတ်စ်တောင်းရန်မလိုသကဲ့သို့ လမ်းခရီးနှောင့်နှေးကြန့်ကြာမှုမရှိသည့်အပြင် ဂိတ်ပတ်စ်ဖိုး ယွမ်ငွေ ၂၀ (ဗမာငွေ ကျပ် ၃၀၀၀ ကျော်) လည်း သက်သာသွားသည်ဟု ကားဆရာတဦးက ၀မ်းသာအားရ ပြောပြပါသည်။
http://www.mongloi.org/burmese/2008-08-01-03-22-02/85-2008-08-01-03-14-40/1084-uwsa-

No comments:

Post a Comment