ondragstart="return false" onselectstart="return false"

Monday, January 4, 2010

ဘရက်ခ်အိုဘားမား၏ လောကအမြင်

NEJ / ၄ ဇန်န၀ါရီ ၂၀၁၀

ကမ္ဘာပေါ်တွင် စစ်အင်အားအကြီးမားဆုံး အမေရိကန်ပြည်ထောင်စု၌ ဘရက်ခ်အိုဘားမား သမ္မတ ဖြစ်လာသည်မှာ တနှစ်ရှိသွားပြီဖြစ်၏။ သမ္မတသက်တမ်း (၁၁) လတွင် နိုဘယ်လ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံရသဖြင့် အိုဘားမားကိုယ်တိုင် တအံ့တသြဖြစ်သွားရသည်။ သမ္မတတာဝန် စတင်ထမ်းဆောင်ခါစဖြစ်၍ အောင်မြင်မှုပြစရာ မရှိသေးမီ နိုဘယ်လ်ဆု ချီးမြှင့်ခံလိုက်ရခြင်းသည် ငြိမ်းချမ်းရေးအတွက် လုပ်ချင်ကိုင်ချင်စိတ် ပြင်းထန်အောင် လှုံ့ဆော်လိုက်ခြင်းဖြစ်သည်ဟု သုံးသပ်ကြ၏။ ဤသုံးသပ်ချက်ကို အိုဘားမားကလည်း သဘောတူ၏။

သမ္မတအိုဘားမား၏ လက်ရှိနိုင်ငံခြားရေးလမ်းစဉ်တွင် အယ်လ်ကိုင်ဒါ အကြမ်းဖက်သမားချေမှုန်းရေးသည် အဓိကအကျဆုံး ဖြစ်သည်။ ဒီမိုကရေစီပြန့်ပွားရေး၊ လူ့အခွင့်အရေးမြှင့်တင်ရေး၊ ဆင်းရဲသား ကယ်ဆယ်ရေး စသည်များကို ဦးစားမပေးပါ။ အမေရိကန်၏ ရေရှည်လုံခြုံရေးသည် ပြည်တွင်းအင်အား၌ မူတည်သဖြင့် စီးပွားရေးရှင်သန်တိုးတက်မှု၊ အတတ်ပညာ တိုးတက်မှု၊ ပညာရေးပြုပြင်မှုများကို ဦးစားပေးလုပ်ကိုင်ရန် အိုဘားမားက ရည်ရွယ်ထားသည်။ ထို့ကြောင့် ယခင်အစိုးရကဲ့သို့ အကြမ်းဖက်သမား တိုက်ဖျက်ရေး၊ မင်းဆိုးမင်းညစ်တိုက်ဖျက်ရေးနှင့် ဒီမိုကရေစီမြှင့်တင်ရေးကို ဦးစားမပေးခြင်းဖြစ်၏။
တိဘက်ခေါင်းဆောင် ဒလိုင်လားမားဘုန်းတော်ကြီး ၀ါရှင်တန်သို့ ရောက်ရှိလာသော်လည်း တရုတ်အစိုးရ ငြိုငြင်မည်စိုး၍ အိုဘားမားက တွေ့ဆုံရန် ငြင်းပယ်လိုက်၏။ ဤသည်မှာ (၁၈) နှစ်အတွင်း ပထမဆုံးအကြိမ် အမေရိကန်သမ္မတက ငြင်းပယ်လိုက်ခြင်းပင်ဖြစ်သည်။ တရုတ်ပြည်ခရီး၌လည်း ရှင်းဂျန်ပြည်နယ်မှ အူဝီဂါတိုင်းရင်းသားအရေးကို တံခါးပိတ် အစည်းအဝေး၌သာ မေးမြန်းပြီး တရုတ်အစိုးရ၏ အခန်းကဏ္ဍကိုသာ အိုဘားမားက အတိအလင်း ချီးကျူးစကားပြောဆိုသည်။ ဝေဖန်မှုများ ရှိလာသဖြင့် ဒီမိုကရေစီသဘောတရားနှင့် လူ့အခွင့်အရေးမြှင့်တင်ရေးသည် အိုဘားမား နိုင်ငံခြားရေးလမ်းစဉ်၏ သော့ချက်များဖြစ်သည်ဟု နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ရှင်းပြရ၏။
ဒီမိုကရေစီနှင့်လူ့အခွင့်အရေးကို အိုဘားမားအစိုးရက ဂရုမစိုက်ဟု မပြောနိုင်သော်လည်း လောလောဆယ် ဦးစားမပေးသည်မှာ ထင်ရှားသည်။ အမေရိကန်ပြည်ထောင်စုကို အန္တရာယ်ပေးနိုင်သည့် အကြမ်းဖက်သမားနှင့် မင်းဆိုးမင်းညစ်ကိုသာ ရွေး၍ တိုက်ခိုက်သည့် နည်းလမ်းပင်ဖြစ်သည်။ ဤနည်းကို သုံးခြင်းအားဖြင့် အခြားနိုင်ငံကြီးငယ်များနှင့်ဆက်ဆံကာ အမေရိကန် အကျိုးစီးပွားကို မြှင့်တင်နိုင်လိမ့်မည်ဟု အိုဘားမား ယူဆပုံရသည်။ အဖဂန်နစ္စတန်တွင် စစ်အင်အားဖြည့်တင်းရန် စီစဉ်နေချိန်၌ နိုဘယ်လ်ဆုရရှိသဖြင့် လက်နက်ကိုင်တိုက်ပွဲနှင့် နှလုံးရည်တိုက်ပွဲအကြောင်း မလွဲမသွေပြောဆိုလာရပေ၏။
အိုဘားမားကဲ့သို့ စစ်ဆင်ရေးကာလ၌ နိုဘယ်လ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံရသူမှာ နိုင်ငံခြားရေးဝန်ကြီးဟောင်း Dr. Henry Kissinger ဖြစ်သော်လည်း ကိုယ်ကျင့်တရားမရှိသူဖြစ်သဖြင့် အိုဘားမားက လျစ်လျူရှုလိုက်၏။ နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို လက်ခံသည့် (၆) မျက်နှာမိန့်ခွန်းကို (၃၆) မိနစ်ကြာ အိုဘားမားက ပြောသည်။ တရားသောစစ်ပွဲအကြောင်း ပြောဆိုသည်က များ၏။ ကမ္ဘာပေါ်တွင် မကောင်းဆိုးဝါး ရှိနေသရွေ့ တရားသောစစ်ပွဲဆင်နွှဲရန် လိုအပ်သည်ဟုဆိုပါသည်။ အကြမ်းဖက်ခြင်းဖြင့် ငြိမ်းချမ်းရေးမရနိုင်ဟု အမေရိကန်လူမည်းခေါင်းဆောင် မာတင်လူသာကင်း နိုဘယ်လ်ဆု ယူစဉ်က ပြောခဲ့သည့် မိန့်ခွန်းကိုသာ အိုဘားမားက ကိုးကားပြောဆိုသွားသည်။
သို့သော်လည်း မာတင်လူသာကင်းနှင့် အိန္ဒိယခေါင်းဆောင် ဂန္ဒီကြီးတို့၏ အကြမ်းမဖက်သော နှလုံးရည်တိုက်ပွဲကို နေရာတိုင်း၌ သုံး၍မဖြစ်နိုင်ဟု အိုဘားမားက ယုံကြည်၏။ ကျူးကျော်တိုက်ခိုက်နေသော ဟစ်တလာ၏ စစ်တပ်ကို အကြမ်းမဖက်သော နှလုံးရည်တိုက်ပွဲဖြင့် ဟန့်တား၍ မရနိုင်သကဲ့သို့ အယ်လ်ကိုင်ဒါ အကြမ်းဖက်ခေါင်းဆောင်များကို လက်နက်စွန့်လွှတ်ရန် စေ့စပ်ဆွေးနွေး၍ မရနိုင်ဟု အိုဘားမားက ဆိုပါသည်။ ထို့ကြောင့် လက်နက်ကိုင်တိုက်ခိုက်ရန် လိုအပ်သည့်အချိန်အခါများရှိ၏။ ဤသည်မှာ လူသား၏ အားနည်းချက်နှင့် ဆင်ခြင်တုံတရား အကန့်အသတ်ဖြစ်သည်ဟု ဆို၏။
တရားသောစစ်ပွဲ၏ အဓိပ္ပာယ်ကို အိုဘားမားက ဖွင့်ဆိုသွားသည်။ မိမိကိုယ်မိမိ ကာကွယ်သည့်စစ်ပွဲနှင့် အခြားနည်းလမ်း မရှိတော့၍ မတိုက်ချင်ဘဲ တိုက်ရသည့်စစ်ပွဲကို တရားသော စစ်ပွဲဟု ဆိုသည်။ အမေရိကန်သည် အယ်လ်ကိုင်ဒါ အကြမ်းဖက် သမားအန္တရာယ်ကို ကာကွယ်သည့်အနေဖြင့် စစ်ဆင်နေခြင်းဖြစ်သဖြင့် တရားသောစစ်ပွဲ ဖြစ်သည်ဟု ဆိုခြင်းပင်ဖြစ်သည်။ အကြမ်းဖက်သည့်အင်အားကို အချိုးအစားအလိုက် အသုံးပြုမှုနှင့် အရပ်သားကို အန္တရာယ်မပေးသည့် စစ်ဆင်မှုသည် တရားသော စစ်ပွဲဟု ဆို၏။ လက်နက်မပါသော ဆန္ဒပြသမားများကို မီးသတ်ပိုက်ဖြင့်ပက်ခြင်းနှင့် မျက်ရည်ယိုဗုံးသုံးခြင်းကို အချိုးအစားအလိုက် အကြမ်းဖက်ခြင်းဟု ဆိုနိုင်သည်။ နအဖစစ်အစိုးရကဲ့သို့ ဖြတ်လေးဖြတ်နည်းဖြင့် အရပ်သားများကို ဦးတည်တိုက်ခိုက်ခြင်းသည်မှာ မတရားသော စစ်ပွဲပင်ဖြစ်၏။

လူသားချင်းစာနာထောက်ထားသည့်အနေဖြင့် မတရားလုပ်သူကို တိုက်ခိုက်ခြင်းသည်လည်း တရားသောစစ်ပွဲဖြစ်သည်ဟု အိုဘားမားက ဆို၏။ Balkens ဒေသတွင် နေတိုးအဖွဲ့က ၀င်ရောက်တိုက်ခိုက်သည်ကို ဥပမာပေးထား၏။ နအဖတပ် အနိုင်ကျင့်သဖြင့် နယ်စပ်ဒေသသို့ ထွက်ပြေးကြရသော တိုင်းရင်းသားလူမျိုးစုများ၏ အခြေအနေသည် Balkens ဒေသထက်ပို၍ ဆိုးဝါးနိုင်သော်လည်း မတရားသော နအဖတပ်ကို တုံ့ပြန်မည့်သူ မရှိဘဲဖြစ်နေ၏။ အနည်းဆုံး တိုင်းရင်းသား လက်နက်ကိုင်များကို စစ်ပစ္စည်းထောက်ပံ့ခြင်းဖြင့် မတရားသောစစ်ပွဲကို တုံ့ပြန်သင့်ပေသည်။

တရားမျှတ၍ ရေရှည်ခံမည့် ငြိမ်းချမ်းရေးတည်ဆောက်သည့် နည်း (၃) မျိုးကို အိုဘားမားတင်ပြသည်။ ပထမနည်းမှာ အပြည်ပြည်ဆိုင်ရာ စည်းကမ်းဥပဒေဖောက်ဖျက်သူကို အနုနည်းဖြင့် အရေးယူခြင်းဖြစ်သည်။ မြောက်ကိုရီးယား၊ အီရန်၊ မြန်မာကဲ့သို့သော အစိုးရများကို အပြင်းအထန် အရေးယူခြင်းဖြင့် အပြည်ပြည်ဆိုင်ရာစည်းကမ်းကို လိုက်နာစေသည့် နည်းဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ စည်းကမ်းကို လိုက်နာလာအောင် အရေးယူဒဏ်နိုင်ရမည်ဟု ဆိုသည်။ သို့သော်လည်း အောင်မြင်သည့် သက်သေသာဓက ရှားပါးနေသော နည်းပင်ဖြစ်၏။
ဒုတိယနည်းမှာ လူ့အခွင့်အရေးအပေါ်၌ တည်ဆောက်သည့် တရားမျှတသော ငြိမ်းချမ်းရေးပင်ဖြစ်သည်။ ပဋိပက္ခဖြစ်သည်ကို မမြင်ရတိုင်း ငြိမ်းချမ်းရေးရပြီဟု မပြောနိုင်ပါ။ လူ့အခွင့်အရေးကို ကာကွယ်နိုင်မှ ငြိမ်းချမ်းမည်ဟုဆို၏။ ဤနေရာတွင် ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ သိက္ခာရှိသူများကို လေးစားကြောင်း ဖော်ပြသည်။ အဖိနှိပ်ခံပြည်သူ၏ ရည်မှန်းချက် အကောင်အထည်ဖော်နိုင်ရန် လွတ်လပ်သော ပြည်သူလူထုနှင့် လွတ်လပ်သောနိုင်ငံများက အကူအညီပေးရပေလိမ့်မည်။
ဤနေရာတွင် ဆက်ဆံဆွေးနွေး ဒဏ်ခတ်အရေးယူရေးသဘောတရားကို အိုဘားမားရှင်းပြ၏။ လူ့အခွင့်အရေးကို အပြောဖြင့် မြှင့်တင်၍ မရပါ။ အပတ်တကုပ် ကြိုးစားအားထုတ်၍ ဆောင်ရွက်ရသည့်ကိစ္စဖြစ်သည်။ နအဖကဲ့သို့သော ဖိနှိပ်ညှဉ်းပန်းသော အစိုးရမျိုးကို သည်းခံဆက်ဆံမှသာ လိပ်ခဲတည်းလည်း အခြေအနေကို ကျော်လွှားနိုင်မည်ဟု ဆို၏။ ဤနေရာတွင် လူပေါင်းများစွာ သေကျေပျက်စီးခဲ့ရသော မော်စီတုန်း၏ ယဉ်ကျေးမှုတော်လှန်ရေးကို အိုဘားမားက ဥပမာပေးထားသည်။ ခွင့်မလွှတ်နိုင်လောက်သော မှုခင်းကြီးကို ကျူးလွန်ထားသည့် မော်စီတုန်းကို အမေရိကန်သမ္မတနစ်ဆင်က တွေ့ဆုံဆွေးနွေး သဖြင့် တရုတ်ပြည် တံခါးပွင့်သွားပြီး တရုတ်ပြည်သူပြည်သား အများအပြား ဆင်းရဲတွင်းမှ လွတ်မြောက်သွားကြပုံကို အိုဘားမား ထောက်ပြထားသည်။
တတိယအချက်မှာ တရားမျှတသော ငြိမ်းချမ်းရေးတွင် နိုင်ငံရေးရပိုင်ခွင့်သာမကဘဲ စီးပွားရေးအခွင့်အလမ်းနှင့် လုံခြုံမှု သည်လည်း အကျုံးဝင်နေခြင်းဖြစ်ပေသည်။ ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရုံနှင့် ငြိမ်းချမ်းမှုကို မရနိုင်ပါ။ ချို့တဲ့ခြင်းမှ လွတ်ကင်းရန်လည်း လိုအပ်ပါသည်။ ဤနေရာတွင် တိုင်းနိုင်ငံအချင်းချင်း သဘောတူချက်ရယူနိုင်မှု၊ နိုင်ငံတကာ အဖွဲ့အစည်းများ အားကောင်းမှု စသည်တို့ အရေးကြီးကြောင်းကိုလည်း ပြောပါသည်။
ဂန္ဒီနှင့်မာတင်လူသာကင်းတို့၏ အကြမ်းမဖက်သော နှလုံးရည်တိုက်ပွဲကို နေရာတိုင်းတွင် လက်တွေ့သုံး၍ မဖြစ်နိုင်သော်လည်း ၎င်းတို့၏ ယုံကြည်ချက်သည် ရှေ့ဆောင်လမ်းပြပင်ဖြစ်ပေသည်။ ဖြစ်သင့်ဖြစ်ထိုက်သော တရားမျှတသော လောကကို တည်ဆောက်ဖို့ ကြိုးပမ်းရာ၌ စိတ်ဓာတ်ကျစရာမလိုပါ။ ဖိနှိပ်ညှဉ်းပန်းမှုဟူသည် ကွယ်ပျောက်သွားမည့်အရာ မဟုတ်သဖြင့် တရားမျှတမှုကိုရရှိရန် အမြဲတမ်း တိုက်ပွဲဝင်နေရမည်ဟု ဆို၏။ ဤသို့တိုက်ပွဲဝင်ခြင်းဖြင့် လူ့သမိုင်းသည်လည်း တိုးတက် ပြောင်းလဲလာခြင်းဖြစ်သည်ဟု အိုဘားမားက မြင်သည်။
မြန်မာ့ရေးရာဘက်က သုံးသပ်မည်ဆိုပါက နအဖစစ်အုပ်စုကို ဖြုတ်ချရန် စိတ်မကူးသည်မှာ ထင်ရှားသည်။ သည်းခံ၍ ဖျောင်းဖျ ပြောဆိုရန်သာ ရည်ရွယ်ပါသည်။ မအောင်မြင်ပါက တင်းကျပ်စွာ ဒဏ်ခတ်မည်ဟု ဆိုသည်။ နိုင်ငံခြား၌ နအဖအပ်ထားသော ဒေါ်လာငွေကို ချုပ်ချယ်ရန် ကြိုးစားနိုင်သည်။ သို့သော်လည်း နအဖ၏ ဆရာတဆူဖြစ်သော မြောက်ကိုရီးယားအစိုးရကို ကုလသမဂ္ဂက ပြင်းပြင်းထန်ထန် ဒဏ်ခတ်ထား၍ အထီးကျန်ဖြစ်နေပါပြီ။ သို့သော်လည်း မြောက်ကိုရီးယားသည် ထင်ရာစိုင်းနေဆဲဖြစ်၏။ အခြားနိုင်ငံများနှင့်ပူးပေါင်း၍ မင်းဆိုးမင်းညစ်ကို ဆုံးမလိမ့်မည်ဟု ယူဆရပေသည်။ သို့သော်လည်း အတွေ့အကြုံရင့်ပြီး အချိန်ကြာလာသောအခါတွင် အိုဘားမား၏ လောကအမြင်သည်လည်း ပြောင်းလဲသွားနိုင်ပါသည်။
ခေတ်ပြိုင်သတင်းမှ

No comments:

Post a Comment