ondragstart="return false" onselectstart="return false"

Friday, January 8, 2010

စစ်အစိုးရ ရွေးကောက်ပွဲကြောင့် မြန်မာ ဒုက္ခသည် ပိုမို တိုးပွား လာဖွယ်

မြန်မာနိုင်ငံတွင် နှစ်ပေါင်း (၂၀)မျှ ကာလအတွင်း ပထမဆုံး အကြိမ် ကျင်းပ ပြုလုပ်မည့် ရွေးကောက်ပွဲ ကြီးသည် အိမ်နီးချင်းနိုင်ငံ များတွင် လာရောက် ခိုလှုံနေသည့် မြန်မာဒုက္ခသည် အရေအတွက် ကို ပိုမို တိုးပွားလာ စေဖွယ် ရှိနေသည်။

ထန်ဟင် ဒုက္ခသည်စခန်း ထဲရှိ ကရင်တိုင်းရင်းသား မိသားစုများအား တွေ့မြင်ရစဉ် © thaiphotoblogs

မြန်မာ စစ်အစိုးရသည် နယ်စပ် ဒေသရှိ KNU နှင့် အခြားသော တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ များအား ရွေးကောက်ပွဲ မတိုင်မီ စေ့စပ် ဆွေးနွေးမှုများ ပြုလုပ်ရန် ဆန္ဒ ရှိနေသည့်တိုင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ၏ ယုံကြည်မှုကို မရရှိ နိုင်သေးချေ။

မြန်မာ စစ်တပ်နှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များကြား မကြာခဏ တိုက်ခိုက်မှု ဖြစ်ပွားရာ ဒေသများမှ မြန်မာ တိုင်းရင်းသား များသည် ထိုင်းနှင့် တရုတ်နယ်စပ်ရှိ ဒုက္ခသည် စခန်းများသို့ ခိုလှုံ ဝင်ရောက်လာလေ့ ရှိသည်။

မဲဆောက် ဝန်းကျင်ရှိ ဒုက္ခသည် စခန်းအများစုသည် အမှိုက်သရိုက် များဖြင့် ပြည့်နှက် ညစ်ပတ် နေသည့်တိုင် မြန်မာဒုက္ခသည် အရေအတွက်မှာ တစထက် တစ များပြား လာနေဆဲ ဖြစ်သည်။ မဲဆောက် အနီး ဒုက္ခသည် စခန်းသို့ ရောက်နေသည့် အသက် (၃၈)နှစ် အရွယ် မစန်းစန်းက သူမသည် ဒုက္ခသည် စခန်းတွင် နေထိုင်ရင်း ငွေကြေးအတန်အသင့် စုမိဆောင်းမိ ဖြစ်လာကြောင်း၊ ထို့အတွက် ဒုက္ခသည်စခန်း ၀န်းကျင်သည် ညစ်ပတ်ပြီး နေထိုင်ရေး ခက်ခဲသည့်တိုင် သည်းခံနိုင်ကြောင်း ပြောကြားခဲ့သည်။ သူမသည် ပလပ်စတစ်ပစ္စည်းများ ရောင်းချခြင်းဖြင့် တစ်နေ့လျင် ဘတ်(၁၀၀)မျှ ဝင်ငွေရရှိကာ ဝမ်းကျောင်း ရှာဖွေနေသူ ဖြစ်သည်။

မြန်မာ စစ်တပ်သည် တိုင်းရင်းသား ကျေးရွာများတွင် လူသတ်ခြင်း၊ မုဒိမ်းကျင့်ခြင်း၊ ချွေးတပ်ဆွဲခြင်း၊ မီးရှို့ခြင်း စသည်တို့ကို ပြုလုပ်လေ့ရှိကြောင်း ထို့ကြောင့် နာမည်ဆိုး မကြာခဏ ထွက်လေ့ရှိရာ နယ်စပ်ဒေသများ အနီးရှိ တိုင်းရင်းသား များသည် အိမ်နီးချင်း နိုင်ငံများ၏ ဒုက္ခသည် စခန်းများသို့ ဝင်ရောက် ခိုလှုံလေ့ရှိကြသည်။

ယခု လပိုင်းများအတွင်း စစ်တပ်နှင့် တိုင်းရင်းသား တပ်ဖွဲ့များအကြား အပြန်အလှန် တိုက်ခိုက်မှု လျော့ကျ လာခြင်းကြောင့် အိမ်နီးချင်း နိုင်ငံများသို့ ထွက်ပြေးခိုလှုံသူ အရေအတွက် မှာလည်း ယခင်ကထက် ကျဆင်းလာကြောင်း သိရှိရသည်။

သို့သော်လည်း မြန်မာ စစ်အစိုးရ အနေနှင့် KNU အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအား အပြည့်အဝ မစည်းရုံးနိုင်ဘဲ ၎င်းတို့ တဖက်သတ် စီစဉ်ထားသည့် ရွေးကောက်ပွဲကို ကျင်းပမည် ဆိုပါက တိုက်ပွဲများ တကျော့ပြန် ပြင်းထန်လာမည် ဖြစ်သလို မွေးရပ်မြေကို စွန့်ခွာထွက်ပြေးသူ အရေအတွက် မှာလည်း ပြန်လည်မြင့်တက် လာနိုင်သည်။

ထိုအခါ ရွေးကောက်ပွဲမှ စတင်သော ဂယက်သည် နိုင်ငံခြား ဒုက္ခသည် စခန်းများတွင် မြန်မာ တိုင်းရင်းသားဦးရေ အလုံးအရင်း ဝင်ရောက်လာစေရေး ဦးတည်သွားဖွယ် ရှိနေသည်။ ထို့အပြင် ဒီဇင်ဘာလ အတွင်းက ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများအပြီး မြန်မာ စစ်တပ်သည် ကရင်ပြည်နယ်တွင် စားနပ်ရိက္ခာ စုဆောင်းမှုများ ပြုလုပ်နေရာ ထိုးစစ်တခု စတင်ဆင်နွှဲ လာဖွယ်ရှိကြောင်း ဒေသခံ ကရင်တိုင်းရင်းသား များက ခန့်မှန်း ပြောကြားလိုက်သည်။

ဒီဇင်ဘာ (၁၆)ရက်နေ့က KNU တပ်ဖွဲ့များ၏ ချုံခို တိုက်ခိုက်မှုကြောင့် နည်းဗျူဟာမှူး တဦး အပါအ၀င် မြန်မာစစ်သား (၁၄)ယောက် သေဆုံးပြီး (၁၇)ဦး ဒဏ်ရာများ ရရှိခဲ့ကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း မြန်မာ အစိုးရက တိတိကျကျ သတင်း မထုတ်ပြန် ခဲ့ချေ။ နောက်(၃)ရက် အကြာတွင် KNU တို့ သိမ်းပိုက်ထားသော နယ်မြေတခုကို ထိုးစစ်ဆင် တိုက်ခိုက်ရင်း မြန်မာ စစ်သားနှစ်ဦး ကျဆုံးကာ (၄)ဦး ဒဏ်ရာများ ရရှိ သွားကြောင်း သိရှိရသည်။
လူထုအသံမှ

No comments:

Post a Comment