ondragstart="return false" onselectstart="return false"

Monday, January 4, 2010

ဗိုလ်ချုပ်၏ အမိန့်နှင့် ကြေငြာချက်များ

ဗိုလ်ချုပ်အောင်ဆန်းရဲ့ အမိန့်နဲ့ ကြေငြာချက် တစိတ်တဒေသ၊ ပြည်သူပြည်သားများနှင့် ဆက်ဆံရာတွင် တပ်မတော်မှ အရာရှိ/စစ်သည်များ၏ လိုက်နာရမည့် စည်းကမ်းချက် များ နှင့် ယနေ့  လက်တွေ့ မှာ ဗမာ့တပ်မတော် ဘယ်လိုကွာခြားနေဒါကို နိုင်းယဉ်နိုင်ရန်အတွက် ဖိုးတရုတ်ဘလော့မှ ပြန်လည်ကူးယူ ဖေါ်ပြပေးလိုက်ပါသည်။

ရှာဖွေတင်ပြသူ - မောင်ကျော်ရင်

ငါတို့ တပ်ဗိုလ် တပ်ကြပ် တပ်သားများသည် တိုင်းသူပြည်သားနှင့် ဆက်ဆံရာတွင် -

၁။ မည်သူ့ကိုမျှ အထက်အမိန့် မရှိဘဲ (ဝါ) အကြောင်းမရှိဘဲ မစော်ကားရ၊ မကျူးကျော်ရ၊ မဖမ်းဆီးရ၊ ကိုယ်ထိလက်ရောက် မလုပ်ရ။
၂။ မည်သူပိုင် စည်းစိမ်ဥစ္စာကိုမှ အထက်အမိန့်၊သို့မဟုတ် အကြောင်းမရှိဘဲ မသိမ်းရ။
၃။ မည်သူ၏ အိမ်ကိုမှ အထက်အမိန့်၊ သို့မဟုတ် အကြောင်းမရှိဘဲ ဝင်ရောက်ခြင်း၊ တည်းခိုခြင်း၊ ဖျက်ဆီးခြင်း မပြူရ။
၎။ လူတိုင်း ကိုးကွယ်လိုရာ ဘာသာကို ကိုးကွယ်နိုင်သည်။ လူတစ်ဦး လူတစ်မျိုး၏ ဘာသာ၊ အယူဝါဒ၊ ဓလေ့ထုံးစံတို့ကို မိမိတို့ မယုံကြည်စေကာမူ တတ်နိုင်သမျှ ငါတို့ လေးစားကြရမည်။

အထက်ပါ အချက်ကြီးများသည် ပြည်သူ့လွတ်လပ်ရေး (Civil Liberties) အခြေခံအချက် အနည်းဆုံး ဖြစ်သည်။ ၎င်းလွတ်လပ်ရေးတို့ကို ငါတို့လုပ်ငန်း၊ စစ်တိုက်ခိုက်ရေးတို့နှင့် မဆန့်ကျင်သမျှ ကာလပတ်လုံး။ ငါတို့ ဗိုလ်၊ တပ်ကြပ်၊ တပ်သား အားလုံးတို့သည် လေးလေးမြတ်မြတ် လိုက်နာဆောင်ရွက်ရမည်။

အောင်ဆန်း
စစ်ဝန်ကြီးနှင့်စစ်သေနာပတိ။




ဖက်စစ်ဂျပန်သို့ စစ်ကြေငြာချက်

မတ်လ (၂၇) ရက်နေ့ ညတွင်၊ ဗိုလ်ချုပ်အောင်ဆန်း ဦးစီးသော ဗမာ့တပ်မတော် သည် ပြည်သူ့ လွတ်လပ်ရေး တပ်မတော် ဟူသည့် အမည်ကို ခံယူကာ ဖက်စစ်ဂျပန်တို့အား စစ်ကြေငြာခဲ့၏။ ၎င်း၏ စစ်ကြေငြာချက်မူရင်းမှာ အောက်ပါအတိုင်း ဖြစ်သည်။

သတိ

အားလုံး တိုင်းသူပြည်သား သိရှိရန်။

ဗမာ့တပ်မတော်၊ ဗမာပြည်ကွန်မြူနစ်ပါတီ၊ ပြည်သူ့အရေးတော်ပုံပါတီ၊ ထိုအမှူးပြုသော ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်ကြီး (ဖဆပလ)က ဂျပန်ဖက်ဆစ် အစိုးရအား စစ်ကြေငြာ လိုက်ပြီ။

၁။ ယခုအခါ ဗမာ့တပ်မတော် တပ်ခွဲများသည် ဧရာဝတီမြစ် အနောက်ဘက်တွင် မင်းဘူးခရိုင်မှ ဟင်္သာတခရိုင် အထိ၎င်း၊ ဧရာဝတီမြစ် အရှေ့ဘက်တွင် အောင်လံနယ်မှ ရန်ကုန်အထိ၎င်း၊ မြစ်ဝကျွန်းပေါ်ဒေသ အသီးသီးတွင်၎င်း၊ ပဲခူးမှ ပျဉ်းမနား တောင်ပိုင်း ရှမ်းပြည်တွင်၎င်း၊ ရေနံချောင်း ခရိုင်တွင်၎င်း၊ တနင်္သာရီတိုင်းတွင်၎င်း၊ မိတ္ထီလာနယ် တွင်၎င်း၊ တပ်ဖြန့်ကာ တိုက်ပွဲများကို ဆင်နွှဲနေကြပြီ။

၂။ ဧရာဝတီမြစ် အနောက်ဘက် မင်းဘူးခရိုင် အချို့ဒေသများ သရက်ခရိုင် နှင့် ပြည်ခရိုင် အချို့ဒေသများကို ဗမာ့ တပ်မတော်က သိမ်းပိုက်ပြီးလေပြီ။

၃။ ရခိုင်ပြည်တွင် ညိုထွန်း အမှူးပြုသော တော်လှန်ရေးသမားများသည် ဂျပန်များကို မဟာမိတ်များနှင့် ကူညီတိုက်ခိုက် မောင်းထုတ်ပြီးလေပြီ။ မန္တလေး တဝိုက်တွင် ဗမာ့ တပ်မတော်နှင့် တော်လှန်ရေးသမားများသည် ဂျပန်များကို တိုက်ခိုက်ခဲ့ လေပြီ။

တိုင်းသူပြည်သား အပေါင်းတို့။

၁။ ငါတို့အား ရန်သူ၏ သတင်းများကို ပေးကြလော။ အစားအစာ၊ အဝတ်၊ ဆေး၊ လှေ၊ ယာဉ်၊ မြင်း၊ ကျွဲ၊ နွား၊ ဆင်၊ တိရိစ္ဆာန်များနှင့် ငွေများကို တတ်အားသရွေ့ ပေးလှူကြလော့။

၂။ ပြည်သူ့လွတ်လပ်ရေးအဖွဲ့များ ဖွဲ့ကြလော့။ လက်နက်များစု၍ ပြည်သူ့ကာ ကွယ်ရေး အဖွဲ့များ ဖွဲ့ကြလော့။

၃။ အစိုးရ အမှုထမ်းအားလုံး အထူး ပညာသည်များ (ဆရာဝန်- အင်ဂျင်နီယာ-သူနာပြု အစရှိသည်တို့ ဖြစ်သည်) ငါတို့ တပ်များရှိရာသို့ ဝင်ကြလော့။

၎။ ကိုယ်ပိုင်လက်နက် ရှိသူများသည် မိမိတို့ရှိ လက်နက်များကို ပြည်သူ့ကာကွယ်ရေး အဖွဲ့များသို့၎င်း၊ လာရောက် အပ်နှံကြရမည်။ မအပ်နှံသူများသည် အပြစ်ပေး ခံရမည်။ ငါတို့ထံ၌ လက်နက်စာရင်းများ ပြုလုပ်ပြီး ရှိသည်။

၅။ အားလုံးသော တိုင်းသူပြည်သားများသည် အောက်ပါ အချက်များ လုပ်နိုင်သမျှ နေရာများတွင် လုပ်ကြရမည် -

(က) ဂျပန်ထံမှာ လုပ်သော အလုပ်သမားများ၊လက်နက်ပစ္စည်း တွေ့ရသမျှ ယူထွက်ပြေးခဲ့(သို့မဟုတ်) တော်လှန်ပြီး ထွက်လာကြ။
(ခ) ဂျပန်သိမ်းသော ပစ္စည်းအရပ်ရပ် ပြန်လုယူ၊ မယူနိုင်က ဖျက်ပစ်။
(ဂ) ငါတို့ ပစ္စည်းအရပ်ရပ် ဖြန့်ပြီး ဝှက်ထား၊ မဝှက်နိုင်လျှင် ဖျက်ပစ်။
(ဃ) ဂျပန်၏ သွားလမ်း လာလမ်းများကို ပိတ်ပစ် (သို့မဟုတ်) ဖျက်ပစ်။ ကြေးနန်းကြိုးတွေဖြတ်၊ ဝိုင်ယာလက်ရုံတွေ ဖျက်ပစ်၊ လုယူနိုင်က လုယူ၊ ဂျပန် ရေးမှတ်ထားတဲ့ လမ်းအမှတ်အသားတွေ ဖျက်ပစ်၊ တံတားတွေဖျက်၊
(င) ဂျပန် လက်နက်ရုံတွေ၊ ဓါတ်ဆီရုံတွေ၊ လေယာဉ်ကွင်းတွေကိုဝင်စီး၊လု ယူ၊ မယူနိုင်သမျှ မီးရှို့ ဖျက်ပစ်။
(စ) တွေ့သမျှ ဂျပန်တွေကိုဖမ်း၊ ဂျပန်တွေက ငါတို့ တိုင်းသူပြည်သားများကို သတ်လျှင် ၎င်းတို့ကို သတ်ပစ်။
(ဆ) ဂျပန်တွေက ပစ္စည်းသိမ်း၊ ကျွဲသိမ်း၊ နွားသိမ်း၊ လှည်းသိမ်း လုပ်တာတွေ မခံနှင့် ပြန်ချ၊ မချနိုင်က ဝှက်ထားပေး၊ ပုန်းကြ။
(ဇ ) ပြေးလာသော ဂျပန်စစ်သား၊ အိန္ဒိယ အမျိုးသား စစ်သားများကို ဖမ်း ဆီး၍ ကောင်းမွန်စွာ လက်နက်များနှင့်အတူ ငါတို့ တပ်တွေရှိရာပို့။
(ဈ ) လမ်းဘေးကျသော ရွာများ၊ မြို့များမှာ အားလုံးရှောင်ရှားနေကြ။

၆။ အောက်ပါကျူးလွန်သူများအား တိုင်းပြည်ရန်သူများ အဖြစ် ငါတို့ ကြေငြာလိုက်သည်။ ၎င်းသူများ၏ ပစ္စည်းများကို အကြွင်းမရှိ၊ အလျော်မရှိ သိမ်းပိုက်မည်။ ၎င်းသူများကို ဖမ်းဆီး၍ ပြည်သူများ၏ ရုံးများတွင်၎င်း၊ စစ်တရားရုံးများတွင်၎င်း စစ်ဆေး၍ ကြီးလေးသော အပြစ်ဒဏ်များ ပေးမည်။ ၎င်းရုံးများ မရှိခိုက်တွင် တိုင်းမှူး၊ တပ်မှူးများနှင့် ၎င်းတို့က အာဏာ လွှဲအပ်ထားသော အရာရှိများသည် ငါတို့ ညွှန်ကြားချက်အတိုင်း စစ်ဆေးအပြစ်ပေးလိမ့်မည် -

(က) ငါတို့ စစ်တပ်များ၊ မဟာမိတ်စစ်တပ်များ၊ ငါတို့အဖွဲ့သားများ သတင်းကို ရန်သူအား ပေးခြင်း။
(ခ) ငါတို့ စစ်တပ်များ၊ မဟာမိတ်စစ်တပ်များ၏ လုပ်ငန်းများကို နှောင့်ယှက် ခြင်း၊ ငါတို့ စစ်တပ်များ၊ မဟာမိတ်စစ်တပ်များကို မကူညီရန် လှုံ့ဆော်ခြင်း။
(ဂ) ရန်သူများအား တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အားပေးခြင်း၊ကူညီ ခြင်း။
(ဃ) ကုန်ပစ္စည်းများကို အဆမတန် အမြတ်ယူ၍ ရောင်းချခြင်း။
(င) ကုန်ပစ္စည်းများကို မိမိတစ်ဦးတည်း ကောင်းစားရန်အတွက် သိုဝှက်ထား ခြင်း၊ အခြားမည်သည့်နည်းနှင့်မဆို တိုင်းသူပြည်သားများ၏ နေရေး၊ ထိုင် ရေး၊ စားသောက်ရေး ထိခိုက်လာအောင် ပြုခြင်း။
(စ) ဓါးပြတိုက်ခြင်း။ (ဆ) မုဒိမ်းကျင့်ခြင်း။
(ဆ ) ငါတို့ တပ်မှ ထွက်ပြေးခြင်း။ (ဇ) ဗမာပြည်တွင်းရှိ လူမျိုးအချင်းချင်း၊ ဘာသာအချင်းချင်း အဓိကရုဏ်း ဖြစ်စေခြင်း။
(ဈ) နိုင်ငံနှင့် လူမျိုးအကျိုးကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ထိခိုက်စေခြင်း။

၇။ ငါတို့တပ်များကို သော်၎င်း၊ ငါတို့အဖွဲ့များကို သော်၎င်း၊ မဟာမိတ်တပ်များကို သော်၎င်း၊ ကူညီကြသူများအား ငါတို့သည် အထိုက်အလျောက် ချီးမြှင့်ရန် မှတ်တမ်းတင် ထားမည်။ ငါတို့အား မကူညီကြသူများသည် ငါတို့၏ အချီးအမြှောက်ကို ခံယူရရှိမည် မဟုတ်။

၈။ အားလုံးသော တပ်ခွဲ အဖွဲ့ခွဲသစ်များသည် ငါတို့တပ်ဌာနများနှင့် ချက်ခြင်းဆက် သွယ်ရမည်။ ငါတို့ တပ်မတော်မှ ကွဲထွက်သူများသည် အနီးဆုံး တပ်ဌာနမှတ ဆင့် သက်ဆိုင်ရာသို့ အမြန်ဆုံး သွားကြရမည်။

၉။ မြို့တိုင်း ရွာတိုင်းတွင် အနီရောင်ခံ၍ အတွင်းအလံတိုင် အထက်ထောင့်တွင် အဖြူရောင် ကြယ်ပွင့် ပါရှိသော အောင်လံတော်ကို၎င်း၊ မဟာမိတ်တပ်များ(တရုတ်၊ အမေရိကန်၊ အင်္ဂလိပ်၊ ရုရှား) အောင်လံတော်များကို၎င်း လွှင့်ထူကြကုန် လော့။

၁၀။ ငါတို့ တပ်များ သိမ်းပိုက်သည့် ဒေသများတွင် ငါတို့၏ စစ်တပ်များသည် လက်ရှိ အုပ်ချုပ်ရေး အရာရှိများ၏ အကူအညီဖြင့်၎င်း၊ ရပ်ရွာ ကိုယ်စားလှယ်အဖွဲ့များ ဖွဲ့၍၎င်း အုပ်ချုပ်လိမ့်မည်။

(ပုံ) - အောင်ဆန်း
စစ်သေနာပတိ
ပြည်သူ့လွတ်လပ်ရေး တပ်မတော်။

No comments:

Post a Comment