ondragstart="return false" onselectstart="return false"

Tuesday, January 12, 2010

အသက်ရှင်နေသရွေ့ သမိုင်းဝင် တပ်နာမည် မပြောင်းနိုင်ဟု အပစ်ရပ် SSA တပ်မှူးတဦးပြော

ဒီဇင်ဘာ ၂၀၀၉ နောက်ဆုံးထား၍ နယ်ခြားစောင့်တပ်/ဒေသစောင့်တပ် အသွင်ပြောင်းရန် လူသူလက်နက်စာရင်းပေးပို့ ရမည်ဆိုသည့် နအဖပေးသည့် ဒက်လိုင်းကို ဖီဆန်ကာ ‘အသက်ရှင်နေသရွေ့ သမိုင်းဝင်တပ်နာမည်ပြောင်းတာ အဖြစ်မခံ နိုင်ဘူး’ - ဟု SSA တပ်မှူးတဦးက သျှမ်းသံတော်ဆင့်သို့ပြော၏။

“ကျနော်တို့ ၀ တပ်မတော်လို တောင်းဆိုချက် ၉ ချက် မတောင်းပေမယ့် ရပ်တည်ချက် မကွာဘူး။ နအဖ က SSA ဌာနချုပ် စိန်ကျော့ကို ဖိအားပေးတာလဲ ကမ်းကုန်နေပြီ အဲထက်ပိုမဖိနိုင်တော့ဘူး။”- အမည်မဖေါ်လိုသည့်အပစ်ရပ် SSA တပ်မှူးတဦး ကပြောပါသည်။ အသက် ၄၀ နီးပါးရှိ ထိုတပ်မှူးလူငယ်သည် လွန်ခဲ့သည့် ၅ - ၁၀ နှစ်ခန့်က မြို့ပေါ်အနေများ သော်လည်း ၂၀၀၉ နှစ်ဦးပိုင်းမှစ၍ ကျေးလက်ခြေစိုက် မိမိတပ်ရင်း၌ ဦးဆောင်လာခဲ့သူဖြစ်သည်။


UWSA ဥက္ကဌ ပေါက်ယူချန်း၊ NMSP ဥက္ကဌ နိုင်ထောမွန် နှင့် SSA-N ဒုဥက္ကဌ ဗိုလ်ချုပ် ကိုင်ဖှ

နအဖ/စရဖ အရာရှိချုပ် ဒု - ဗိုလ်ချုပ်ကြီးရဲမြင့် နှင့် အပစ်ရပ် SSA ခေါင်းဆောင်ပိုင်းတို့ ၂၀၀၉ နိုဝင်ဘာ ၁၄ ရက် တွေ့ ဆုံစဉ် နယ်မြေစောင့်တပ်HGF ( Home Guard Force) အဖြစ်အသွင်ပြောင်းရန် တပ်ရင်း ၃ ရင်း လက်နက်ကိုင် အင်အား ၁၀၀၀ စာရင်းကို ၂၀၀၉ ဒီဇင်ဘာ နောက်ဆုံးထားပေးပို့ရမည့် ဒက်လိုင်းကျော်လွန်သည်အထိ တင်းခံလာခြင်းဖြစ်သည်။

“ကျနော့်အနေနဲ့တော့ တိုင်းပြည်နဲ့လူမျိုးအတွက် အမှန်တကယ်ရပ်တည်တဲ့ တော်လှန်ရေးတပ်မှန်ရင်- ‘လူမသေ နာမည် မပြောင်း’ဘူး၊ နအဖ ပြောတိုင်း လိုက်ယောင်ဖို့လဲမလိုဘူး” - ဟု အဆိုပါတပ်တပ်မှူးက ဆက်ပြောပါသည်။

အခြားတဖက်တွင်လည်း SSA အသွင်ပြောင်းလျှင် ထောင်ဒဏ် ၁၀၆ နှစ် ကျခံနေသည့် ဗိုလ်ချုပ်ဆေထဲန့်နှင့် သျှမ်းခေါင်း ဆောင်များ လွတ်ပေးမည်ဟု နအဖ ဖက်က တီးတိုးကမ်းလှမ်းသွေးတိုးစမ်းထားကြောင်း ဒေသခံများကပြောပါသည်။

နှစ်ရှည် ထောင်ဒဏ်ကျခံနေရသည့် ခွန်ထွန်းဦး၊ ဗိုလ်ချုပ်ဆေထဲန် နှင့် စိုင်းညွှန့်လွင်တို့ကမူ ၎င်းတို့ကို ငဲ့ညှာနေစရာ မလိုကြောင်း၊ လုပ်ရမည့် လုပ်ငန်းဆောင်တာများကို ရဲရဲဝံ့ဝံ့သာ ဆက်လက်ကြိးပမ်းသွားရန် ပြင်ပလောကရှိ ခေါင်းဆောင်များ/လူငယ်များ၏ တာဝန်ဖြစ်ကြောင်း မကြာခဏ မှာကြားလေ့ရှိသည်။

ထို့အတူ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကိစ္စနှင့် ပတ်သက်ပြီး နိုဝင်ဘာ ၁၀ ရက် ရက်စွဲပါ ၀ ခေါင်းဆောင် ပေါက်ယူ ချမ်း လက်မှတ်ထိုးပေးပို့သည့် တောင်းဆိုချက် ၉ ချက်အား နအဖ မှ လုံးဝလျစ်လျူရှု ပယ်ချခဲ့သော်လည်း ထပ်မံတွေ့ဆုံကြ ရန် ဒုဗိုလ်ချုပ်ကြီးရဲမြင့် က ယခုလဆန်းပိုင်း၌ တယ်လီဖုန်းဆက်ကမ်းလှမ်းလာပြန်၏။

ဝ ခေါင်းဆောင်ပေါက်ယူချဲန်းက အချိန်နေရာမရွေး လာတွေ့နိုင်ကြောင်း၊ သို့သော် မိမိတို့အဖို့ ၀ လူထုနှင့် ၀ တပ်အရာရှိ အရာခံ အကြပ် တပ်သား တပ်မှူးများ၏ ဆန္ဒ လိုလားချက်ကိုပင် လက်ကိုင်ထားဆဲဖြစ်ကြောင်း၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနှင့်ဖြေရှင်းရန် မျှော်လင့်ကြောင်း - ဆက်သွယ်ရေးတာဝန်ခံမှတဆင့် အကြောင်းပြန်ကြားလိုက်သည် ဟု ၀ ခေါင်းဆောင်ပိုင်းနှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းက ပြောပါသည်။

တရုတ်နယ်စပ်အခြေစိုက် အင်အားကြီးအပစ်ရပ်တပ်ဖွဲ့များဖြစ်သည့် ၀ ပြည်သွေးစည်းရေးတပ်မတော် UWSA ၊ ကချင်လွတ် မြောက်ရေးတပ်မတော် KIA ၊ အမျိုးသားဒီမိုကရက်တစ်တပ်မတော် NDAA မိုင်းလားတပ်ဖွဲ့ နှင့် သျှမ်းပြည်တပ်မတော်တို့ သည် တိုင်းရင်းသားတန်းတူအခွင့်အရေးအတွက် နိုင်ငံရေးရပ်တည်ချက်အခိုင်အမာဖြင့် သမိုင်းကြောင်းထင်ရှားကြသည့် တပ်မတော်များဖြစ်သည်။

No comments:

Post a Comment