ondragstart="return false" onselectstart="return false"

Tuesday, January 26, 2010

ဘိန်းစိုက်ပျိုးမှု တိုးလာဟု ပလောင်အဖွဲ့ ထုတ်ပြန်

မူးယစ်ဆေးနဲ့ ပါတ်သက်လာရင် နအဖ စစ်အစိုးရနဲ့ သူ့ နောက်လိုက် ၀ါဒဖြန့် ချီရေးသမားတွေက ဟိုလူကို လက်ညိုးထိုး ဒီလူကို လက်ညိုးထိုးနဲ့ လုပ်ကြံဇတ်တွေ အမြဲခင်းနေလေ့ရှိပါသည်။ တကယ်တော့ မူးယစ်ဆေး တကယ်ထုတ်လုပ်သူနဲ့ တိုက်ရိုက်ဖြစ်စေ သွယ်ဝှိက်ဖြစ်စေ ပါဝင်ပါတ်နေတဲ့ အဖွဲ့ က နအဖ ကိုယ်တိုင်ဖြစ်ပါကြောင်း ဒီသတင်းက သက်သေခံနေပါသည်။

Tuesday, 26 January 2010 သန်းထိုက်ဦး

မြန်မာ စစ်အစိုးရ ထိန်းချုပ်မှု အောက်၌ရှိသော ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း ဒေသများတွင် လွန်ခဲ့သည့် ၃ နှစ်အတွင်း ဘိန်းစိုက်ပျိုးမှု အလျှင်အမြန် တိုးများလာကြောင်း ပလောင် အမျိုးသမီး အစည်းအရုံး (PWO) က ယနေ့ထုတ်ဖော် ပြောကြား လိုက်သည်။

PWO အဖွဲ့မှ ထုတ်ပြန်သော “အဆိပ်သင့် တောင်တန်းများ”ဟု အမည်ရသည့် အစီရင်ခံစာတွင် ယခုကဲ့သို့ ဖော်ပြထားခြင်း ဖြစ်သည်။ ၎င်း အစီရင်ခံစာနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲကို ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့နှင့် ဘန်ကောက်မြို့တွင် ယနေ့ ပြုလုပ်ကြောင်း သိရသည်။

အစီရင်ခံစာတွင် ရှမ်းပြည်နယ် မန်တုန်နှင့် နမ့်ခမ်း မြို့နယ်များ၌ ဘိန်းစိုက်ပျိုးရာ နေရာများသည် ၂၀၀၆ ခုနှစ်မှ ၂၀၀၉ ခုနှစ် အတွင်း ၅ ဆခန့် တိုးများလာပြီး ဧရိယာ ၄၅၀၀ ဟက်တာ ရှိကြောင်း ရေးသား ဖော်ပြထားသည်။

ထို ဘိန်းစိုက် ဧရိယာ ကိန်းဂဏန်းသည် နှစ်စဉ် ထုတ်ပြန်လေ့ ရှိသော ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှု ဆိုင်ရာရုံး (UNODC) ၏ စစ်တမ်း ကောက်ယူချက်နှင့် ကွာဟနေကြောင်း PWO က ဆိုသည်။

ထိုသို့ UNODC စစ်တမ်းနှင့် ကွာဟရခြင်းမှာ UNODC သည် စစ်အစိုးရခွင့်ပြုချက်ရသည့် နေရာများတွင်သာ စစ်တမ်းကောက်ယူရ ပြီး ၎င်းတို့အနေဖြင့် တရွာဝင် တရွာထွက် လွတ်လပ်စွာ စစ်တမ်းကောက်ယူမှုပြုလုပ်နိုင်ခြင်းကြောင့် ဖြစ်ကြောင်း အစီရင်ခံစာ အတွက် သုတေသနပြုခဲ့သူ လွေးနွေနှောင်းက ပြောသည်။

“UNODC က မြန်မာနိုင်ငံမှာ သွားပြီးတော့ စစ်တမ်းသွားကောက်တာတွေရှိပါတယ်၊ နအဖ ခွင့်ပြုချက်ရမှ သွားလို့ရတယ်၊ တော တွေ တောင်တွေ ရှိတဲ့နေရာတွေမှာဆိုရင် နအဖက သူတို့ကိုသိပ်ပြီးတော့ ပြတာမရှိဘူး၊ အဲဒါ သူတို့ကို နားလည်တယ်၊ ကျမတို့
ဆိုရင် တောတွေ တောင်တွေကြားမှာများတယ်၊ ကျေးရွာတွေကို တရွာဝင် တရွာထွက် အဲဒီလိုမျိုး လုပ်တဲ့ ဟာတွေရှိတယ်၊ ဒါကြောင့်မို့ ဒီလို ကွာဟမှုတွေ အများကြီးရှိတယ်”ဟု သူက ရှင်းပြသည်။

UNODC ၏ စစ်တမ်းတွင် ၂၀၀၉ ခုနှစ်အတွင်း ဘိန်းစိုက်ဧရိယာမှာ ရှမ်းပြည် အရှေ့ပိုင်း၌ ၁၁၉၀၀ ဟက်တာ၊ ရှမ်းပြည် မြောက် ပိုင်းတွင် ၁၆၀၀ ဟက်တာ၊ ရှမ်းပြည် တောင်ပိုင်း၌ ၁၆၅၀၀ ဟက်တာ ရှိပြီး ရှမ်းပြည်နယ် တခုလုံးတွင် ဟက်တာ ၃၀၀၀၀ ရှိ ကြောင်း ဖော်ပြထားသည်။

လွေးနွေနှောင်းက“စစ်အစိုးရ တပ်တွေနဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေက နေရာတိုင်းလိုလိုမှာ ပိုများလာပြီး ရှိနေတယ်၊ ကျမတို့ အဖို့တော့ မူးယစ်ဆေးတွေ ပိုထွက်လာမယ်၊ မူးယစ်ဆေးစွဲတာတွေ ပိုများလာလိမ့်မယ်လို့ မြင်နေတယ်”ဟုလည်း အစီရင်ခံစာတွင်ပြောဆို ထားသည်။

ထို့အပြင် စစ်အစိုးရက ကျောထောက် နောက်ခံပြုထားသည့် ပြည်သူ့စစ် လက်နက်ကိုင် တပ်ဖွဲ့များက ဘိန်းစိုက် တောင်သူများထံမှ အခွန်ငွေ ကောက်ယူခြင်း၊ အစိုးရ မူးယစ်နှိမ်နင်းရေး တပ်ဖွဲ့များက ဘိန်းခင်းများကို ရှင်းလင်း သုတ်သင်ရမည့်အစား ငွေကြေးများ ကို တောင်းယူ၍ မဖျက်ဆီးဘဲ ချန်ထားကြောင်း သိရသည်။

အစီရင်ခံစားအရ ဘိန်းစိုက်တောင်သူများအနေဖြင့် လာဘ်ငွေအဖြစ် ပေးကြရသော ပမာဏသည် ၂၀၀၇ – ၂၀၀၈ ခုနှစ် အတွင်း ဘိန်းစိုက်ရာသီ၌ မန်တုန်မြို့နယ် တခုတည်းတွင်ပင် မြန်မာကျပ်ငွေ ၃၇ သန်း(အမေရိကန် ဒေါ်လာ ၃၇၀၀၀) ရှိကြောင်းသိရသည်။
မန်တုန်မြို့နယ်ရှိ ကျေးရွာ တရွာတွင် သုတေသနပြုထားချက်အရ အသက် ၁၅ နှစ် အထက် လူငယ်နှင့် ယောက်ျား ၈၅ ရာနှုန်းမှာ ဘိန်း သို့မဟုတ် ဘိန်းဖြူ စွဲနေကြကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ကျမတို့ နေရာမှာတော့ ဆေးစွဲနေတဲ့သူကိုမှ မယူရင် အိမ်ထောင်ပြုဖက် ရှာလို့ရတော့မှာ မဟုတ်ဘူး၊ ဘာကြောင့်လဲဆိုတော့ လူ တိုင်းက ဆေးစွဲနေကြလို့ပဲ၊ မူးယစ်ဆေးဝါး မသုံးတဲ့လူဆိုလို့ ဘုန်းကြီးကျောင်းမှာ ရှိနေတဲ့ ဘုန်းကြီး သံဃာတွေပဲ ရှိတော့တယ်”ဟု အစီရင်ခံစာ အတွက် တွေ့ဆုံမေးမြန်ခဲ့သူ အမျိုးသမီးတဦးက ပြောကြောင်း ရေးသား ဖော်ပြထားသည်။

အလားတူပင် ရှမ်းပြည်နယ် မြောက်ပိုင်း နန်းခမ်းမြို့ရှိ ကျေးရွာများတွင်လည်း ဘိန်းစိုက်ပျိုးမှုမှာ ယခင်နှစ်ထက် ပိုမို စိုက်ပျိုး လာကြောင်း မျက်မြင်များက ဆိုသည်။

ထိုင်းနိုင်ငံသို့ လွန်ခဲ့သည့်နှစ်တွင် ရောက်ရှိလာသည့် ပလောင် အမျိုးသမီး တဦးဖြစ်သူ လွေးမိုးလှိုင်က“ ကြည့်ရတာ လမ်း ဘေး တွေမှာကို ဘိန်းတွေ တော်တော် စိုက်တယ်၊ ဘယ်လောက် အစိုက်များလည်း ဆိုလို့ရှိရင် ပန်းဈေးရွာက လူတွေက ဘိန်းစိုက် တဲ့ ခြံတွေမှာ မြေသွားပေါက်ကြတယ်၊ သွားပေါက်တော့ သူတို့ကို စရိတ်ငြိမ်း သုံးရက်ကို မြန်မာ ကျပ်ငွေ တစ်သောင်းပေးတယ်၊ အထူးသဖြင့် အမျိုးသားတွေက သွားလုပ်ကြတာ များတယ်”ဟု ဧရာဝတီသို့ ပြောခဲ့သည်။

မူးယစ်ဆေးဝါးများကို ရှမ်းပြည်နယ် အတွင်းရှိ တချို့သော တိုင်းရင်းသားလက်နက်ကိုင် ငြိမ်းချမ်းရေး အဖွဲ့များက ထုတ်လုပ်နေကြ ပြီး တာချီလိတ်မြို့ဘက်မှ ထိုင်းနိုင်ငံ အတွင်းသို့ သယ်ဆောင်ရောင်းချမှုများ ရှိကြောင်းလည်း သတင်းများ ဖော်ပြချက်အရ သိရ သည်။

ယင်း ဒေသတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင် ငြိမ်းချမ်းရေးအဖွဲ့ တဖွဲ့ ဖြစ်သော ၀ ပြည်သွေးစည်းညီညွတ်ရေး တပ်ဖွဲ့ (UWSA) သည် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများကို အာရှတွင် အမြောက်အမြား ကျယ်ပြန့်စွာ ထုတ်လုပ်နေသည့် အဖွဲ့ တဖွဲ့ဖြစ်ကြောင်း အမေရိကန် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့က ဆိုသည်။

အမေရိကန်နှင့် ကုလသမဂ္ဂတို့ ၏ ထုတ်ပြန်ချက်များအရ ကမ္ဘာတဝန်းတွင် အာဖဂန်နစ္စတန်သည် ဘိန်းအများဆုံး ထုတ်လုပ်သည့် နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံသည် ဒုတိယ အများဆုံး နိုင်ငံဖြစ်ကြောင်း သိရသည်။
ဧရာဝတီသတင်းမှ

No comments:

Post a Comment