ondragstart="return false" onselectstart="return false"

Tuesday, January 5, 2010

စစ်ဦးကျိုးစေရန် နအဖ တပ်ရိက္ခာများကို ကေအန်ယူ သိမ်းဆည်း

ဝီရ/ ၅ ဇန်န၀ါရီ ၂၀၁၀

လာမည့် ပွင့်လင်းရာသီတွင် ကေအန်ယူ တပ်မဟာ (၆) ကို ထိုးစစ်ဆင်ရန် နအဖစစ်တပ်ဘက်မှ တပ်ရိက္ခာဖြည့်တင်းနေမှုကို စစ်ဦးကျိုးသွားစေရန် ရည်ရွယ်၍ ကေအန်ယူက သိမ်းဆည်းခဲ့သည်။

ကေအန်ယူ တပ်မဟာ (၆) မှ ဗိုလ်ကြီး ထွဲနေက “ဒီဒေသကို ထိုးစစ်ဆင်ဖို့ ပြီးခဲ့တဲ့ ဒီဇင်ဘာ (၂၀) ရက်ကတည်းက ဆန်အိတ်ထောင်ချီပြီး အနန်းကွင်းကို နအဖ ပို့ထားတယ်။ ဆန်ရိက္ခာတွေ ထောင်ချီပို့တာ ဒါ ပထမဆုံးအကြိမ်ပဲ။ အနန်းကွင်းကနေ ဘုရားသုံးဆူဘက်ကို ဆက်သယ်လာတဲ့ တပ်ရိက္ခာတွေကိုပဲ ကျနော်တို့ သိမ်းတာပါ။ လိုင်းကားတိုင်းမှာ နအဖက ဆန်အိတ် (၆) အိတ်ကနေ (၁၀) အိတ်အထိ သယ်ခိုင်းလာတဲ့အထဲက အခုလို သိမ်းလိုက်တာပါ” ဟု ပြောကြားသည်။

နအဖဘက်မှ တပ်ရိက္ခာ ဖြည့်တင်းနေမှုမှာ ယခင်နှစ်ကထက် (၄) ဆခန့် များပြားလာကြောင်း၊ စကခ (၈) သာမက စကခ (၁၉) နှင့် စကခ (၁၂) လက်အောက်ခံ တပ်ရင်းတို့ကိုလည်း ယခုနှစ် ထိုးစစ်တွင် အသုံးပြုဖွယ်ရှိ၍ စစ်ဦးကျိုးသွားစေရန် ရန်သူ့တပ်ရိက္ခာတို့ကို ယင်းကဲ့သို့ သိမ်းဆည်းရခြင်းဖြစ်ကြောင်း ဗိုလ်ကြီး ထွဲနေက ပြောသည်။

နအဖတပ်ရိက္ခာများကို ကေအန်ယူက သံဖြူဇရပ်၊ ဘုရားသုံးဆူနယ်စပ်မြို့အကြား လမ်းခရီးတွင် ဒီဇင်ဘာ (၂၇) ရက်နေ့မှ စတင် သိမ်းဆည်းလိုက်ခြင်းဖြစ်ပြီး ထိုတပ်ရိက္ခာ တင်ဆောင်လာသည့် ချောဆွဲလိုင်းကားများကို နအဖစစ်တပ်က အတင်းအဓမ္မ ပြန်လျော်ခိုင်းခဲ့ကြောင်း သိရသည်။

ကားသမားတဦးက “ဆန်(၁) အိတ်ကို ထိုင်းဘတ် (၆၀၀) နဲ့ ဘုရားသုံးဆူကနေ ဝယ်ပြီး ဇန်နဝါရီ (၃) ရက် နောက်ဆုံးထားပြီး တပ်စခန်းအရောက် ပြန်ပို့ခိုင်းတယ်။ ပြန်မဝယ်ပေးရင် ကားပါ သိမ်းမယ်ဆိုတော့ သယ်လာတုန်းက ဆန်အသိမ်းခံရတဲ့ ကားသမားတိုင်းက ပြန်ဝယ်ပေးရတာပေါ့။ ကျနော်က (၆) အိတ်စာအတွက် ပို့စရိတ်ပါဆိုရင် ဘတ် (၄,၀၀၀) လောက် ကုန်သွားတယ်” ဟု ပြောသည်။

ထိုတပ်ရိက္ခာများကို ကြာအင်းဆိပ်ကြီးမြို့နယ်၊ အနန်းကွင်း နအဖဗျူဟာရုံး တပ်စခန်းမှတဆင့် ဘုရားသုံးဆူမြို့သို့ တင်ဆောင်လာစဉ် အသိမ်းခံခဲ့ရခြင်းဖြစ်ပြီး ဆန်အိတ်ပေါင်း (၈၀) နီးပါးအတွက် ကားသမားတို့က လျော်ပေးခဲ့ရကြောင်း သိရသည်။

ဗိုလ်ကြီး ထွဲနေက “အခု လိုင်းကားတွေနဲ့ မသယ်တော့ဘဲ ကားအစီးလိုက်ငှားပြီး လုံခြုံရေးအပြည့်နဲ့ သယ်ဖို့ ကားသမားတွေဆီက ထိုင်းဘတ် (၁,၅၀၀) လိုက်ကောက်နေတယ်။ ဘယ်လိုပဲသယ်သယ် ကျနော်တို့က ရန်သူ့တပ်ရိက္ခာတွေ ဘုရားသုံးဆူအထိ ရောက်မလာအောင်တော့ တားဆီးရမှာပဲ” ဟု ပြောကြားသည်။

ဘုရားသုံးဆူနယ်စပ် ကားလမ်းမှ ပြေးဆွဲနေသည့် လိုင်းကားပေါင်းမှာ အစီးရေ (၄၀) ခန့်ရှိသည်။
ခေတ်ပြိုင်မှ

No comments:

Post a Comment