ondragstart="return false" onselectstart="return false"

Saturday, August 15, 2009

နယ်စပ်မြို့ မြဝတီမှာ လုံခြုံရေး တင်းကျပ်

မဇ္ဈိမသတင်းဌာန
သောကြာနေ့၊ သြဂုတ်လ 14 ရက် 2009 ခုနှစ် 19 နာရီ 45 မိနစ်


မဇ္ဈိမ (ချင်းမိုင်)။ ။ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တွင် ယခုရက်ပိုင်း၌ စစ်ဆေးမှုများ ယခင်ကထက်ပို၍ ပြုလုပ်လာနေကြောင်း မြို့ခံများက ပြောသည်။

ယခုလ ၁၀ ရက်နေ့မှ စတင်၍ ရပ်ကွက်ကောင်စီ (ရယက)၊ ရဲ၊ DKBA ၊ စစ်ဖက်ဆိုင်ရာ လုံခြုံရေး (စရဖ) နှင့် စစ်တပ်သည် မြဝတီမြို့ လမ်းမများပေါ်တွင် လုံခြုံရေး တင်းကျပ်စွာ ချထားပြီး လူနေအိမ်များကိုလည်း ညအိပ်ချိန်များတွင် ဧည့်စာရင်း ဝင်ရောက် စစ်ဆေးခြင်းများ ပြုလုပ်နေခြင်း ဖြစ်သည်။

အမှတ် (၄) ရပ်ကွက်တွင် နေထိုင်သူတဦးက “ဟုတ်တယ် အကို။ ဧည့်စာရင်း စစ်တယ်။ အရင်တုန်းက ဒီလောက် မစစ်ဘူး။ လာရင်လည်း ၄-၅ ယောက်လောက်ပဲ လာတယ်။ ၁၁ ရက်နေ့ နောက်ပိုင်းမှာတော့ ၁၅ ယောက်ကျော်လောက်နဲ့ လာတယ်။ ရပ်ကွက်လူကြီး၊ မီးသတ်၊ ရဲ၊ စစ်သား ပါတယ်။ ၁၁ နာရီနောက်ပိုင်းပေါ့၊ သူတို့ လာစစ်တာ” ဟု မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းက မြဝတီမြို့ရှိ တိုးတက်သော ဗုဒ္ဒဘာသာ ကရင်အမျိုးသား တပ်မတော် DKBA အရာရှိတဦး၏ နေအိမ်ကို လက်နက်ဖြင့် ပစ်ခတ်မှု ဖြစ်ပြီးနောက် ယခုကဲ့သို့ လုံခြုံရေး တင်းကျပ်မှုများ ပြုလုပ်လာခြင်းဖြစ်ကြောင်း မြို့ခံနောက်တဦးက ပြောသည်။

“ဒီမှာက လွန်ခဲ့တဲ့ ၃-၄ ရက်လောက်က DKBA အကောင်ကြီးတကောင်ရဲ့ အိမ်ကို ပစ်တာ၊ ခက်တာတွေ ဖြစ်ပြီးကတည်းက ဟိုစစ်ဒီစစ် လုပ်နေတာပဲ။ ကျနော်ပြန်လာတဲ့ အချိန် ည ၁ နာရီခွဲလောက်အထိ သူတို့ မသင်္ကာတဲ့၊ လမ်းလျှောက်တဲ့ လူတို့၊ ဆိုင်ကယ်တို့ စစ်တယ်” ဟု သူက မဇ္ဈိမကို ပြောသည်။

မြဝတီ-ကော့ကရိတ်လမ်းပေါ်ရှိ နအဖ စစ်တပ်ဂိတ်တာဝန်ကျများနှင့် DKBA တပ်ဖွဲ့ဝင် တချို့အကြား ယခုလ ၁ဝ ရက်နေ့က တိုက်ပွဲများဖြစ်ပွားခဲ့ပြီး နအဖ ဘက်မှ အကျအဆုံး ရှိသည်ဆိုသော သတင်းများလည်း ထွက်ပေါ်ခဲ့သည်။

လုံခြုံရေးတာဝန်ကျများက မြဝတီမြို့ရှိ အာရှလမ်းမကြီးနှင့် လမ်းငယ်များတွင် လှည့်ပတ်သွားလာနေပြီး စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေခြင်းကြောင့် မြို့ခံများအနေဖြင့် သွားရေးလာရေး၊ နေထိုင်မှု ခက်ခဲသွားပြီး ညအချိန်ဖွင့်သော စားသောက်ဆိုင်များတွင်လည်း ဧည့်သည်အရေအတွက် ကျဆင်းသွားကြောင်း သိရသည်။

မြဝတီမြို့ ရပ်ကွက်ကောင်စီအဆင့် တာဝန်ရှိသူတဦးကမူ လုံခြုံရေးတင်းကျပ်ထားခြင်း၊ စစ်ဆေးမေးမြန်းခြင်း မရှိကြောင်းနှင့် နယ်စပ်မြို့ဖြစ်သဖြင့် တာဝန်အရ ဧည့်စာရင်း စစ်ဆေးရခြင်းသာ ဖြစ်ကြောင်း ပြောသည်။

“ဟိုဘက်ရပ်ကွက် စစ်ရင်စစ်တယ်။ ဒီဘက်ရပ်ကွက် စစ်ရင်စစ်တယ်။ ဒါကတော့ စီမံချက်။ စစ်ချင်တဲ့ နေရာ စစ်တာပဲလေ။ တည်းခိုခန်း စစ်ရင်စစ်မယ်။ ရပ်ကွက်ဝင် စစ်ရင်စစ်မယ်။ ဒါကတော့ နယ်စပ်မြို့ ဖြစ်တဲ့အတွက် ဒီလိုတော့ လုပ်ရမှာပဲလေ” ဟု သူက မဇ္ဈိမကို ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ မြဝတီရဲမှ ဒုရဲအုပ်တဦးအား လက်ကိုင်ဖုန်းမှတဆင့် မေးမြန်းရာ “အဲဒါ ကျနော် မသိဘူးဗျ။ ကျနော်က အောက်က တက်လာတာမို့ စခန်းကို လှမ်းမေးကြည့်လိုက်ပါ” ဟုသာ ဖြေဆိုသည်။

ရဲစခန်းသို့ ဆက်လက်မေးမြန်းရာ တာဝန်ကျ ရဲအရာရှိတဦးက “ကျနော်လည်း စခန်းရောက်တာ ၂ ရက်လောက်ပဲရှိတာ။ ဘာမှမသိဘူး။ ကျနော်က အသစ်ပဲ။ အခုမှ ၃ ရက်ပဲ ရသေးတယ်” ဟု ဖြေသည်။

No comments:

Post a Comment