ondragstart="return false" onselectstart="return false"

Thursday, August 27, 2009

တပ်ပေါင်းစုသစ်က လူထုလှုပ်ရှားမှုဖြင့် စစ်အစိုးရကို ဖြုတ်ချမည်ဟု ကြေညာ

မေကျော်
ကြာသပတေးနေ့၊ သြဂုတ်လ 27 ရက် 2009 ခုနှစ် 20 နာရီ 06 မိနစ်

ချင်းမိုင် (မဇ္ဈိမ)။ ။ လူထုလှုပ်ရှားမှုဖြင့် စစ်အစိုးရကို ဖြုတ်ချသွားမည်ဟု ဒီမိုကရေစီလိုလားသူ အတိုက်အခံအဖွဲ့ပေါင်း တရာကျော်ပါဝင်သည့် တပ်ပေါင်းစုသစ်က ကြေညာထားသည်။

မြန်မာပြည်တွင်းမှ လျို့ဝှက်အဖွဲ့ ငါးဆယ်နှင့် ပြည်ပအခြေစိုက် အဖွဲ့ ၅၆ ဖွဲ့ပါဝင်သည်ဆိုသော Global Action For Burma (GAB) က အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှုကြီး ခေါင်းစဉ်အောက်တွင် လုပ်ငန်းများ ဖော်ဆောင်နေသည်ဟု အဖွဲ့တာဝန်ရှိသူများက ပြောသည်။

“အကြီးဆုံး တပ်ပေါင်းစုလို့ ပြောနိုင်ပါတယ်။ ပြောလို့ရတယ်။” ဟု GAB ၏ ပြောခွင့်ရ ပုဂ္ဂိုလ် အမေရိကန်နိုင်ငံ အခြေစိုက် ဦးရွှေစင်ထွန်းက ပြောကြားသည်။

“ဒါက ကျနော်တို့ တိုင်းပြည်မှာ စုစည်းညီညွတ်မှု မရှိဘူးလို့ ကျနော်တို့ကို ပြောထားတဲ့ စုစည်းညီညွတ်မှု မရှိဘူး မရှိဘူးလို့ အမြဲတမ်း ဝေဖန်ခံနေရတာကို ကျနော်တို့ ကြိုးစားပြီး အဖြေထုတ်တာဘဲ။” ဟု သူက ထပ်ပြောသည်။

အခြားသော ပြောခွင့်ရပုဂ္ဂိုလ် တယောက်ဖြစ်သော ထိုင်းနယ်စပ် အခြေစိုက် ကိုယဉ်ထွေးက “အဖွဲ့အစည်းကြီး တခုလို ဖွဲ့စည်းပုံနဲ့ တော့မဟုတ်ဘူး။ ကျနော်တို့ အလုပ်တွေနဲ့သွားတယ်။ ကျနော်တို့ လုပ်ငန်းတွေနဲ့ ပူးပေါင်းပါဝင်ပြီးတော့ အလုပ်တွေနဲ့သွားတယ်။” ဟု အင်အားစုကြီး၏ ပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်သူ ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး၊ စစ်အစိုးရ၏ လမ်းပြမြေပုံ ၇ ဆင့်ကို တန်ပြန် ဆောင်ရွက်ခြင်း၊ စစ်အာဏာရှင်ကို ဖြုတ်ချရန် ရည်ရွယ်ထားသည်ဟု သိရသည်။

၁၉၈၈ ခုနှစ်က နိုင်ငံအဝှမ်း ယခင် အာဏာရှင် ဦးနေဝင်းအစိုးရကို ဆန့်ကျင်ဆန္ဒပြခဲ့ကြရာ စစ်တပ်က ပစ်ခတ်နှိမ်နင်းပြီး နောက် စစ်ဗိုလ်ချုပ်တစုက အာဏာသိမ်းကာ စစ်အုပ်ချုပ်ရေး ထူထောင်ခဲ့သည်။

No comments:

Post a Comment