ondragstart="return false" onselectstart="return false"

Friday, August 28, 2009

ကေအန်ယူ တပ်မဟာ (၆) ကို ထိုးစစ်ဆင်မည့်သတင်း ပေါက်ကြား

NEJ / ၂၈ သြဂုတ် ၂၀၀၉

နအဖစစ်တပ်နှင့် တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) တို့က ကရင်ပြည်နယ်၊ ဘုရားသုံးဆူဒေသရှိ ကေအန်ယူ တပ်မဟာ (၆) နယ်မြေအား လာမည့်စက်တင်ဘာလဆန်းတွင် စတင်ထိုးစစ်ဆင်တော့မည် ဖြစ်ကြောင်း ဘုရားသုံးဆူနယ်စပ်ရှိ ကရင်ငြိမ်းချမ်းရေး ကေပီအက်ဖ်အဖွဲ့က ပြောသည်။

လာမည့် ထိုးစစ်ဆင်မှုတွင် ဒီကေဘီအေတပ်ဖွဲ့မှ စစ်ကြောင်း (၃) ကြောင်းအနက် လွန်ခဲ့သည့် (၄) လခန့်က ကေအန်ယူမှ ခွဲထွက်သွားပြီး ဒီကေဘီအေထံ ရောက်ရှိနေသည့် တပ်ခွဲမှူးအဆင့်ရှိ ဘိုဘိုထွန်းက စစ်ကြောင်းတကြောင်းကို ဦးဆောင်မည်ဟု ကေပီအက်ဖ် ထိပ်ပိုင်းအရာရှိတဦးက ပြောသည်။

၎င်းက “ဘိုဘိုထွန်းက ဒီတပ်မဟာ (၆) နယ်မြေကို ကျွမ်းကျင်တယ်လို့တော့ သိရတယ်။ အခု ဘုရားသုံးဆူကို ရောက်နေပြီ။ ဒီစစ်ဆင်ရေးမှာလည်း နအဖတပ်တွေက နောက်ကနေ လိုက်ဖြည့်တာလောက်ပဲ ပါမယ်။ ဒီစစ်ကြောင်း (၃) ကြောင်းစလုံးကို ဒီကေဘီအေက ဗိုလ်နှုတ်ခမ်းမွှေးက ဗျူဟာမှူးအနေနဲ့ ကိုင်တွယ်မယ်။ အရင်ဆုံး ဘုရားသုံးဆူနဲ့ (၂၄) မိုင်လောက်မှာရှိနေတဲ့ မဲကသာရွာကို ရဖို့ လုပ်ကြလိမ့်မယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

ဘုရားသုံးဆူဒေသ တောတွင်းမှ သစ်များအား သြဂုတ်လကုန်ပိုင်းတွင် အပြီးထုတ်ယူထားကြရန် ဒီကေဘီအေက ညွှန်ကြားထားသည်ဟုလည်း ၎င်းအဖွဲ့နှင့် ပူးပေါင်းလုပ်ကိုင်နေသူ စီးပွားရေသမားများက ပြောသည်။

ယခုစစ်ဆင်ရေးတွင် ဒီကေဘီအေ၏ ရှေ့တန်းစစ်ကြောင်း (၁) တပ်ခွဲမှူး ဘိုဘိုထွန်းအဖွဲ့က ဘုရားသုံးဆူ၊ ကျောက်ဖလူး၊ မအူ၊ တောင်ပေါက်၊ ကြာအင်းဆိပ်ကြီးသို့ ထိုးဖောက်မည်ဖြစ်ပြီး ဒီကေဘီအေတပ်ရင်း (၉၀၇) အား ဦးဆောင်မည့် တပ်ရင်းမှူး နော်တရာ၏ စစ်ကြောင်း (၂) က ကျွန်းချောင်း၊ မဲကသာ၊ တောင်လပ၊ ကြိုက်ဒုန်လမ်းကြောင်းတွင် တာဝန်ယူမည်ဖြစ်ကာ ဘုရားသုံးဆူ၊ ဝဲကနိုင်၊ ဖားပြ၊ ကျုံခဝန်၊ တခွန်တိုင်လမ်းကြောင်းအား ဒီကေဘီအေတပ်ရင်း (၉၀၆) က ဗိုလ်ကျော်ကျော်က ဦးစီးမည်ဟု ကေအန်ယူ တပ်မဟာ (၆) တပ်ရင်း (၁၆) မှ အရာရှိတဦးက အတည်ပြုပြောဆိုသည်။

ယင်းအရာရှိက “နအဖတပ်ရင်းတွေကိုတော့ ကျနော်တို့မသိသေးဘူး။ ဒီကေဘီအေတွေကပဲ ရှေ့တန်းက ပါမယ်ဆိုရင်တော့ တိုက်ပွဲက အကြီးအကျယ် ဖြစ်ဖို့မရှိဘူး ခင်ဗျ။ ဒီနယ်မြေမှာ ကျနော်တို့က ခံစစ်အသေချထားတဲ့စခန်းတွေ မရှိဘူးလေ။ ကျနော်တို့ကတော့ အဓိကရန်သူ နအဖကိုပဲ ပြောက်ကျားစစ်ဆင်ရေးနဲ့ တိုက်မှာပါ” ဟု ပြောသည်။

ထိုသို့ ထိုးစစ်ဆင်ချိန်တွင် ဘုရားသုံးဆူမြို့အား ကေအန်ယူမှ ဝင်ရောက်စီးနှင်းမည်ဟု သတင်းများထွက်ပေါ်နေပြီး ဘုရားသုံးဆူမြို့ပေါ် စခန်းများအား ကာကွယ်ရန် ဒု -ဗိုလ်မှူးကြီး မြတ်ထွန်းအေး ဦးစီးသည့် ခမရ (၂၈၃) အပြင် လှေဆိပ်ဂိတ် ကျွန်းချောင်းတွင် တပ်စွဲထားသည့် အင်အား (၄၀) ကျော်ရှိ ၎င်းလက်အောက်ခံတပ်ကိုလည်း ဘုရားသုံးဆူမြို့သို့ ပြောင်းရွှေ့ထားကြောင်း သိရသည်။

No comments:

Post a Comment