ondragstart="return false" onselectstart="return false"

Friday, August 14, 2009

နအဖရဲ့ စိတ်ကူးယဉ် ပင့်ကူ ကွန်ယက်ကြီး - အပိုင်း (၂)

ဗမာ့တပ်မတော်ရဲ့အတွင်းရေးကို လေ့လာသူများအတွက် ပင့်ကူကွန်ယက် အပိုင်း(၂) ကိုဆက်လက်တင်ပေးလိုက်တယ်။ ကိုဖိုးတရုတ်ဘလော့မှ ကူးယူဖေါ်ပြပါသည်။

Fiber Optic Cable ဖိုင်ဘာကေဘယ်ကြိုး (၀ါ) ဆက်သွယ်မှု ပင့်ကူကွန်ယက် - အပိုင်း (၂)

ဆောင်းပါးရှင် - မိုးကြိုး ( ပြည်တွင်းမှ တပ်မတော်သားတစ်ဦး)

ဆက်သွယ်ရေး တပ်ဖွဲ့အတွင်း အဲဒီလို FOC လုပ်ငန်းကြီး ပေါ်ပေါက်လာတာဟာ ဆက်သွယ်ရေးက တပ်ရင်းမှူးတွေအတွက် ငွေဝင်လမ်းကြီး တစ်ခုကို ရရှိခဲ့ကြတာ ဖြစ်သလို စစ်သည်တွေ အတွက်ကတော့ ၀ဋ်ကြွေးကြီးတစ်ခုအား စတင် ရရှိခဲ့ကြတာ ဖြစ်ပါတယ်။ စစ်သည်တွေဟာ ချွေးတပ်သား ရှေးခတ်ကျွန်များ သဖွယ် FOC ကို စတင် တူးဖော်ခဲ့ကြရတာ ဖြစ်ပါတယ်။ စစ်တပ်ထဲ မိုက်ခဲ့တဲ့ မိုက်ပြစ်ကို ချွေးနဲ့ ဆပ်မယ်ဆိုတဲ့ အတိုင်း အကျဉ်းကျ ကျောက်ထုအကျဉ်းသားတွေနဲ့ နှိုင်းယှဉ်ပါက သံခြေကျင်း ၊ ၀တ်စုံ အဖြူ မ၀တ်ရတာကလွဲလို့ ကျန်တာ အတူတူလို့ ပြောရမလို ဖြစ်ပါတယ်။

ဗွီဒီယို ဇာတ်လမ်းထဲက ဆက်သွယ်ရေး စစ်သားတစ်ဦးရဲ့ ဟန်အပြည့်နဲ့ ဆက်သွယ်ရေး စက်ကိုကိုင်ရင်း “လင်းယုန်မှ ပျံလွှား ၊ လင်းယုန်မှ ပျံလွှား” လို့ ပြောနေပုံကို အားကျလို့ ဆက်သွယ်ရေးတပ်ထဲ ၀င်လာမိတဲ့ စစ်သည်တွေဟာ နိုင်ငံတော်အကြီးအကဲဟု ဆိုသောသူရဲ့စေတနာကြောင့် “ပေါက်ပြားမှ မြေကြီး၊ မြေကြီးမှ ပေါက်ပြား” လို့ဆိုပြီး ပေါက်ပြားတစ်လက်နဲ့ မြောင်းတူးနေရပုံကဖြင့် “သေချင်စော်နံနေပြီ” လို့သာ ငြီးတွားနေ ကြရပါတယ်။

တပ်ရင်းအလိုက် FOC လုပ်ငန်း ဆောင်ရွက်ရန် လှုပ်ရှားအဖွဲ့တွေ ဖွဲ့ပြီး တပ်ရင်းမှူးဦးစီး အနည်းဆုံး လူအင်အား (၅၀) စီဖြင့် မိုင်အကွာအဝေး သတ်မှတ်ချက်များ လျာထားခိုင်းကာ ဆက်သွယ်မှု ကွန်ယက်လုပ်ငန်းကို တည်ဆောက်ရပါတယ်။ ဆက်သွယ်ရေး မြောင်းတူးရန် တပ်ရင်းတစ်ရင်းလျှင် ဘက်ဟိုး မြေတူးစက်ကြီး တစ်စီးနှုန်းဖြင့် ဆီ အလုံအလောက် ချပေးထားသော်လည်း တပ်ရင်းမှူးတွေဟာ အဲဒီ ဘက်ဟိုးတွေကို ခြင်ထောင်ချထားကာ အလှထိုင်ကြည့်ပြီး စစ်သည်တွေရဲ့ အခမဲ့လုပ်အားကို အစွမ်းကုန် ညှစ်သွင်းရင်း ဆက်သွယ်ရေးမြောင်းတွေကို တူးဖော်စေခဲ့ပါတယ်။

ဘက်ဟိုးအတွက် ကျလာတဲ့ ဆီတွေကိုတော့ ရောင်းစားလိုက်ကြပါတယ်။ အထက်ဌာနမှ တပ်ရင်းအလိုက် တစ်နေ့ကို ဘယ်နှစ်ပေအပြီး တူးရမယ်ဆိုပြီး သတ်မှတ် ပေးထား ပါတယ်။ ဆီကို အကြံအဖန်လုပ် ရောင်းစားပြီး ဘက်ဟိုးဖြင့်ု နာရီပိုင်းသာတူးကာ ကျန်တဲ့အပိုင်းကို လူအင်အားနဲ့ သုံးတဲ့အတွက် စံနှုန်း နှစ်ပေအကျယ်နှင့် ခြောက်ပေ အနက် တူးရမယ့်အစား တစ်ပေအကျယ် အနက် တစ်ပေခွဲသာ တူးပြီး ကြိုးခင်းခဲ့ကြ ပါတော့တယ်။ တစ်နေ့တာ ပြီးစီးမှုကိုတော့ ကြေးနန်းဖြင့် လျှို့ဝှက်အဆင့်အတန်းနဲ့ အစီရင်ခံစာ တင်ပြပြီး ခပ်တည်တည်နဲ့ ဖြီးဖြန်းနေကြပါတယ်။

တပ်ရင်းမှူးတွေက စစ်သည်တွေကို တစ်ဦးလျှင် တစ်နေ့ဘယ်နှစ်ပေ တူးရမယ်ဆိုပြီး ထပ်မံ သတ်မှတ်ပေးရာမှာ “မင်းတို့ တစ်နာရီနဲ့ ပြီးရင်ပြီးသလို နားလို့ရတယ်၊ တစ်နေကုန်လည်း လုပ်လို့ရတယ်။ မင်းတို့ကို စကေးနဲ့ ပေးထားတာ ဖြစ်လို့ မင်းတို့ ကြိုက်သလို တူးနိုင်တယ်” ဆိုပါတယ်။ အပြောက ရွှေမန်း ဆိုသလို စစ်သည်တွေကို အားပေးတဲ့စကားလို့ ယူဆရပေမယ့် တကယ်တမ်းကျတော့ စံချိန်စံညွှန်းနဲ့ဆိုရင် တပ်ရင်းမှူး ပေးတဲ့ အတိုင်းအတာကို တစ်နေကုန် မနားတမ်း တူးရင်တောင် မပြီးနိုင်ပါ။

ဒါကြောင့် တပ်ရင်းမှူး လိမ်ညာတာကိုသိလို့ စစ်သည်တွေလည်း နာရီပိုင်းနဲ့ပြီးအောင် တူးပြီး တာဝန်ကျေသဘောနဲ့ လုပ်ကိုင်ပေးကြပါတယ်။ တစ်နေ့ တစ်နေ့ ခံစားခွင့်ဘာမှ မရှိဘဲ ရင်းမှူး၊ ခွဲမှူး ၊ စုမှူး၊ ဆရာကြီး ဆိုသူတွေရဲ့ တန်းစီဆဲဆို ကြိမ်းမောင်းမှုအောက်မှာ မြောင်းတူးနေရတဲ့ ဘ၀တွေကို ခါးသီးစွာ ရုန်းကန်ဖြတ်သန်း နေကြရပါတယ်။ စစ်သည် တွေအတွက် ဆောင်းတွင်း ၀တ်ဖို့ တစ်ဦးလျှင် တစ်စုံနှုန်းဖြင့် အထက်မှ ချပေးလိုက် သော်လည်း အောက်ခြေစစ်သည်တွေရဲ့ လက်ဝယ်သို့ မရောက်ရှိဘဲ တချို့ဆိုရင် သိတောင်မသိကြရတဲ့ အဖြစ်ဆိုးမျိုးနဲ့ အထက်မှ ရောင်းစားကုန်တာကိုလည်း ခံနေကြ ရပါတယ်။

ဒါ့အပြင် စစ်သည်တွေရဲ့ ရိက္ခာစိုငွေတွေကိုလည်း ခေါင်းပုံဖြတ်တာ ခံရပါသေးတယ်။ ဆက်သွယ်မှု ကွန်ယက် တည်ဆောက်ရေးလုပ်ငန်းမှာ လုပ်ကိုင်နေတဲ့ စစ်သည်တွေ အတွက် ရိက္ခာစိုငွေ အဖြစ် တစ်နေ့ တစ်ရာကျပ်အပြင် ပင်ပန်းကြမ်းတမ်းမှု အတွက် နောက်ထပ် တစ်နေ့ တစ်ရာကျပ်ကို ထပ်ဆောင်းပြီး ပေးထားပါတယ်။

ဒါပေမယ့် စစ်သည်တွေရဲ့ စားဖိုဆောင်ထဲကို ရောက်လာတာကတော့ ဈေးအပေါဆုံး အသီးအရွက်တွေပဲ ဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ် နှစ်ဆန်းပိုင်းလောက်မှာ တြိဂံဒေသတိုင်း စစ်ဌာနချုပ် ကျိုင်းတုံအခြေစိုက် ဆသရ(၃) မှ စစ်သည်တစ်ဦးရဲ့ခရမ်းချဉ်သီးပုပ်တွေကိုပဲ ကျွေးတယ်ဆိုပြီး BBC မှ ရင်ဖွင့်သံ ပါလာတဲ့ အချိန်ကျမှသာ ဆက်သွယ်ရေး တပ်ရင်းမှူးတွေဟာ အပိုဆောင်းငွေတွေကို မထိရဲတော့ဘဲ FOC စစ်သည်တွေကို အပြည့်အ၀ ချပေးပါတော့တယ်။

FOC လုပ်ငန်းကိုသာ အဓိကထား အချိန်ကုန်ခံပြီး အလုပ်လုပ်ခိုင်းဖို့ မဟုတ်ဘဲ စစ်သည် များရဲ့ မူလတာဝန်နဲ့ အခြားတာဝန်များကိုလည်း အလှည့်ကျ တာဝန်ပေး ခိုင်းစေဘို့ အထက်က ညွှန်ကြားခဲ့သော်လည်း တပ်ရင်းမှူးတွေက လစ်လျူရှု ခဲ့ကြပါတယ်။ ဒါ့အပြင် သူတို့က FOC ပြီးသွားမှာကို စိုးရိမ်နေကြကာ FOC အကြောင်းပြုပြီး တိုင်းပြည်ဘဏ္ဍာငွေကို အလွဲသုံးစားလုပ်ရင်း ကားတစ်စီးနဲ့ တိုက်တစ်လုံး ဆောက်နိုင်ဖို့ ပိုင်ဆိုင်ဖို့ကိုသာ ရမက်ကြီးကြီးနဲ့ ကြိုးစားနေကြပါတယ်။ ရင်းမှူးတွေဟာ FOC လုပ်ငန်း အဓွန့်ရှည်ပါစေလို့ အခါခါ ဆုတောင်းရင်းး နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေကို ခိုးယူနေကြသူများ ဖြစ်ကြောင်း တင်ပြလိုက်ပါတယ်။

အပိုင်း(၃)ကို ဆက်လက်တင်ပြသွားပါမည်။

No comments:

Post a Comment