ondragstart="return false" onselectstart="return false"

Sunday, August 16, 2009

ဒီကေဘီအေတပ်သားသစ်အတင်းကောက်ယူမှု သံဃာတော်များနှင့်ဒေသခံများလက်မခံနိုင်

တပ်မဟာ(၆)နယ်မြေရှိ သံဃာတော်များနှင့်ဒေသခံများ၏ အမျိုးသားရေးအသိ နှင့်နိုင်ငံရေးနိုးကြားမှုကို သောသီခိုမှ အထူးဂုဏ်ယူကြိုဆိုပါသည်။ ကရင်အချင်းချင်းပေးသတ်တိုက်ခိုက်မည့် မည်သည့်အစီအစဉ်မျိုးကို မဆို ဆန့် ကျင် ကြရန် ကရင်တမျိုးသားလုံးကို တိုက်တွန်းလိုပါသည်။ ဒီကေဘီအေ လည်း ကိုယ့်ကျိုးစီပွားတစ်ခုတည်းကို သာမကြည့်ဘဲ ကရင်တမျိုးသားလုံး၏ ရေရှည် အကျိုးစီပွားကို ထည့်သွင်းစဉ်းစားချိန်တန်ပြီ ဖြစ်ပါသည်။ တပ်မဟာ(၇)တွင် ဖြစ်ပျက်ခဲ့သည့် အခြေအနေများကို သင်ခန်းစာယူပြီး ဘယ်သူတွေ အမြတ်ထွက်သွားပြီး ဘယ်သူတွေ နစ်နာ ခဲ့ရသည်ကို သဘောပေါက်သင့်ပြီ ဟုယူဆမိပါသည်။

Kaowao
သြဂုတ် ၁၆ ၊၂၀၀၉။

စံခလပူရီ(သြဂုတ်-၁၆)။ ။ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ကျေးရွာတစ်ရွာ၌ ဒေသခံကရင်သံဃာတော်များ၊ ကျေးရွာအသီးသီးမှ ကရင်ရွာအကြီးအကဲများ ယမန်နေ့က အစည်းအဝေးတစ်ရပ်ပြုလုပ်ခဲ့ရာ ဒီကေဘီအေမှ ဒေသခံတို့ထံမှ တပ်သားသစ်များကောက်ခံမည့်ကိစ္စကို လက်မခံကြောင်း ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်ခဲ့သည်ဟု KNU အရာရှိ တစ်ဦးက သက်ဆိုင်ရာဆရာတော်အချို့နှင့် ဆက်သွယ်မေးမြန်း သိရှိရကြောင်း ပြောပြခဲ့သည်။

“KNU တွေကောက်ခံတာ ဗမာစစ်တပ်ကိုတော်လှန်ဖို့ဖြစ်တာမို့ ကရင်လူထုကလက်ခံတယ်၊ အခုဒီကေဘီအေတွေ လူတောင်းတာက ကရင်အချင်းချင်းသတ်ဖြတ်ကြဖို့ ဖြစ်တော့ ဘုန်းကြီးတွေရော လူထုတွေပါလက်မခံဘူးလို့ ပြောတယ်၊ ဒီအစည်းအဝေး ဘယ်ရွာမှာလုပ်ခဲ့တာကို ကျနော်မပြောလိုဘူး” ဟု အဆိုပါပြောခွင့်ရ KNU အရာရှိက ပြောပါသည်။

ဖားပြရွာ၊ မင်္ဂလာသိပ္ပံကျောင်းတိုက် ဆရာတော်ဦးပညာစာရနှင့် ခလယ်၊တံခွန်တိုင်ရှိ တောင်ပကျောင်းဆရာတော် ဦးသုဇာတတို့က ၄င်းရွာသားများချမှတ်ဆုံးဖြတ်ခဲ့သောအဆိုကို ဒီကေဘီအေ နာယကဆရာတော် ဦးသုဇနထံသို့ ဆက်လက်တင်လျှောက် သွားမည်ဟုသိရသည်။

တောင်ပကျောင်းဆရာတော် ဦးသုဇာတနှင့် ဒီကေဘီအေ နာယကဆရာတော် ဦးသုဇနတို့သည် မုဒုံမြို့ရှိ ဥပေဇ္ဇျာယ်ဆရာ ဂျုံးဂျုံးဂျဆရာတော်ထံ၌ ပညာအတူတကွဆည်းပူးခဲ့ကြဘူးသည်ဟု ဆိုသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဝင်းရော်ချောင်းတဝိုက်နှင့် ဘုရားသုံးဆူမြို့နယ်ခွဲ၊ အနန်းကွင်းဒေသတဝိုက်ရှိ ဒေသခံ ကရင်ရွာများမှ ရွာငယ်တစ်ရွာလျှင် ၁၀ ယောက်မှ ရွာကြီးတစ်ရွာတွင် ၃၀ ယောက်အထိ တပ်သားသစ်များကောက် ခံပေးရန် ဒီကေဘီအေမှ ကျေးရွာ အကြီးအကဲများထံ တောင်းခံထားဆဲဖြစ်သည်။

တောင်ဒီးရွာသား ငါးရာခန့်စုရုံးပြီး လွန်ခဲ့သည့် သြဂုတ်လ ၁ ရက်နေ့တွင် ကြာအင်းဆိပ်ကြီးမြို့နယ် တံခွန်တိုင်ရွာရှိ ဒီကေဘီအေ ၉၀၆- တပ်ရင်းမှူး- ဒုဗိုလ်မှူးကြီး မန်းဥာဏ်မင်းတို့ တောင်းခံထားသော ဆန် ၇၅ တင်း၊ ငွေ ၁၅ သိန်း ကိုပေးဆောင် ခဲ့သော်လည်း တောင်းခံထားသော တပ်သားသစ် ၂၅ ဦးကိုမပေးနိုင်ကြောင်း သွားရောက်ပြောကြား ခဲ့သည်ဟု ဆိုသည်။

စစ်အစိုးရလက်အောက်ခံ နယ်ခြားစောင့်တပ်အဖြစ် ခေါင်းဆောင်များ သဘောတူခဲ့ပြီး ဒီကေဘီအေအဖွဲ့အတွင်း လက်နက်ချသူ၊ တပ်မှထွက်ပြေးသူ တစစများပြားလာရာ စစ်အစိုးရတို့သတ်မှတ်ထားသော စစ်သားအရေ အတွက်ပြည့်မီရန် အပူတပြင်း အတင်းလိုက်လံကောက်ခံ စုဆောင်းနေရသည်။

DKBA နှင့် KPF တပ်ဖွဲ့ဝင်တို့သည် ယခင်လမှစ၍ယခုအထိ KNU တပ်မဟာ ၆ ထံသို့ လက်နက်ချဝင်ရောက်ခဲ့သူ
၇၆ ဦးရှိခဲ့သည်ဟု KNU မှပြောပါသည်။

ထို့အပြင် လွန်ခဲ့သည့်သီတင်းပတ်၌ ဘုရားသုံးဆူမြို့သို့ ရောက်ရှိလာသော ဒီကေဘီအေ အမှတ် ၉၀၇ တပ်ရင်းမှ တပ်ဖွဲ့ဝင် ၂ ဦး သြဂုတ်လ ၁၄ ရက်နေ့က ထွက်ပြေးခဲ့ရာ သေနတ်ဖြင့်ပစ်ခတ်ဖမ်းဆီးခဲ့သော်လည်း ထိုင်းနယ်မြေ ဖက်သို့ ရောက်ရှိလွတ်မြောက်သွားသည်ဟု မျက်မြင်များက ပြောဆိုနေကြသည်။


No comments:

Post a Comment