ondragstart="return false" onselectstart="return false"

Friday, August 21, 2009

ချစ်သမီးငယ်အပိုင်း(၂)

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။) သောသီခိုမှ အပိုင်းလိုက် နေ့ စဉ်ပြန်တင်ပြပေးမည်။

မိတ်ဆွေများအတွက် စာလက်ဆောင်ကဏ္ဍမှာ ကွယ်လွန်လေသူ ကေအဲန်ယူ ခေါင်းဆောင် ဖဒိုမန်းရှာရဲ့ သမီး ဖြစ်သူ ဇိုရာဖန်း ရေးသားတဲ့ ချစ်သမီးငယ် စာအုပ်အကြောင်း တင်ပြနေပါတယ်။ အခုတပတ်မှာတော့ ဇိုရာဖန်း ရဲ့ ငယ်စဉ်ဘဝ အကြောင်းနဲ့ သူ့မိဘတွေရဲ့ တော်လှန်ရေးရဲဘော်ဘဝ ဖြတ်သန်း ရပုံ အကြောင်းတွေကို တင်ပြထားပါတယ်။

သောတရှင်မိတ်ဆွေများခင်ဗျား။

အခု ချစ်သမီးငယ် ဆိုတဲ့ စာအုပ်ကို ရေးသားသူ ဇိုရာဖန်းက ကရင်အမျိုးသား အစည်းအရုံး (ကေအဲန်ယူ) ရဲ့ ကွယ်လွန် လေသူ ခေါင်းဆောင် ဖဒိုမန်းရှာနဲ့ နန်းကျင်ရွှေတို့ရဲ့ ဒုတိယမြောက်သမီးပါ။ ဖဒိုမန်းရှာက ၁၉၆၂ ခုနှစ် ကျောင်းသား လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တဲ့ ကျောင်းသားတက်ကြွလှုပ်ရှားသူ တဦးဖြစ်ပြီး၊ သမိုင်းအဓိကနဲ့ ဘွဲ့ရလာသူတဦး ဖြစ်ပါတယ်။ သူ့နာမည် အပြည့်အစုံက မန်းရှာလာဖန်းဖြစ်ပြီး၊ ဒီအမည်က အမည်ရင်း မဟုတ်ပါဘူး။ တောထဲရောက်မှ ခံယူတဲ့ တော်လှန်ရေးနာမယ်ဖြစ်ပြီး၊ "ကြယ်-လတွေ တောက်ပထွန်းလင်းတယ်"လို့ အဓိပ္ပါယ်ရပါတယ်။ သူကတော့ သူ့အဖေကို ပညာတတ်ဆန်ပြီး၊ ရိုမန်းတစ်ဖြစ် စိတ်ကူးယဉ်တတ်တဲ့သူ၊ မိသားစုကို ချစ်ခင်ကြင်နာတတ်သူလို့ ဖော်ပြခဲ့ပါတယ်။ သူ့အမေကတော့ မြစ်ဝကျွန်းပေါ် ဒေသက ကရင်တိုင်းရင်းသူတဦး ဖြစ်ပြီး သူနာပြု သင်တန်း တက်ချင်တာနဲ့ တောတွင်း အဖွဲ့အစည်းထဲ ရောက်လာတာပါ။ နောက်တော့မှ တော်လှန်ရေးထဲမှာပဲ ဆက်လက် ကျန်ရစ်နေပြီး အမျိုးသမီး တပ်ခွဲ တခုကို ဦးဆောင်ခဲ့ရတဲ့ တပ်ခွဲမှူးတာဝန်ကို ယူခဲ့တဲ့သူလည်း ဖြစ်ပါတယ်။ ဇိုရာဖန်းက သူ့ အမေကိုတော့ လက်တွေ့ကျ တဲ့သူ၊ တခုခုကို ရဲရဲရင့်ရင့် ဆုံးဖြတ်ရင်ဆိုင်တတ်သူလို့ ဖော်ပြ ပါတယ်။

ဇိုရာဖန်းတို့မှာ မောင်နှစ်မ ၄- ယောက်ရှိပါတယ်။ အစ်ကိုအကြီးဆုံး ဆေးဆေး၊ သူ့အမ ဘွားဘွား၊ သူနဲ့ သူ့မောင်လေး ဆလုန်းဖန်းတို့ပဲ ဖြစ်ပါတယ်။ အစ်ကိုအကြီးဆုံး စောဆေးဆေး ကတော့ သူ့မိဘများရဲ့ မွေးစား သားဖြစ်ပြီး၊ တော်လှန်ရေး ဒေသတခုက ရဲဘော်တဦးက သူ့မိဘများကို ကျွေးမွေးစောင့်ရှောက် ပညာသင်ပေးဖို့ ပေးလိုက်တာ ဖြစ်ပါတယ်။ ဇိုရာဖန်း ဆိုတဲ့ နာမည်က ကရင်နာမည် မဟုတ်ပါဘူး။ ဒီနာမည် ဘယ်လိုရခဲ့တယ် ဆိုတာ စာရေးသူက စာအုပ် အစပိုင်းမှာပဲ ဖော်ပြခဲ့ပါတယ်။ ရုရှားဝတ္ထုစာအုပ် တအုပ်ထဲမှာ နာဇီဂျာမဏီ တွေကို တော်လှန်တိုက်ပွဲဝင် ရင်း ကြိုးပေးခံခဲ့ရတဲ့ ရုရှား တော်လှန်ရေး တိုက်ပွဲဝင် မိန်းမပျိုကလေးရဲ့ အမည် ဇိုရာ ကော့စ်မိုဒီမိုင်ယန် စကာယာ (Zoya Kosmodemyanskaya) ကို စွဲလို့ သူ့အဖေက မှည့်ခဲ့တဲ့ နာမယ်ပါ။

သူမွေးဖွားတဲ့ အချိန်မှာ သူတို့အိမ်ကလေးက သောင်ရင်းမြစ်ထဲကို စီးဝင်တဲ့ မူးယူးကလိုးချောင်းဘေးမှာ ရှိပါ တယ်။ သူ့ဖခင် ဖြစ်တဲ့ ဖဒိုမန်းရှာကတော့ တနှစ်မှာ ၂-လ လောက်ပဲ အိမ်မှာ မိသားစုနဲ့ နေနိုင်ပါတယ်။ ကျန်တဲ့ အချိန်မှာ တော်လှန်ရေး တာဝန်တွေနဲ့ ရှေ့တန်းသွားနေရတဲ့အခါ အိမ်ကို အမေဖြစ်သူကပဲ စောင့်ရှောက်ရ ပါတယ်။ သူ့အမေက ငယ်ငယ်က တိုက်ခိုက်ရေးရဲမေတဦး အဖြစ်တာဝန်ယူခဲ့ပေမယ့် အခုအခါမှာတော့ ကေအဲန်ယူ ပြန်ကြားရေးဌာနမှာ အလုပ်လုပ်ပါ တယ်။ အကယ်၍ အမေက အလုပ်သွားတဲ့အခါမှာ အိမ်မှာ ကျန် နေတဲ့ အစ်ကိုကြီးဖြစ်သူ ဆေးဆေးက မောင်နှမတွေ အားလုံးကို ကြည့်ရှုစောင့်ရှောက်ဖို့ တာဝန်ယူကြရပါတယ်။

စာအုပ်အဖွင့်မှာပဲ သူငယ်ငယ်က သေမလိုဖြစ်ခဲ့ရတဲ့အကြောင်းကိုလည်း ရေးပြခဲ့ပါတယ်။ "ကျမ ၂-နှစ် အရွယ် မှာ သေခဲ့ တယ်။ ပြီးမှ ကျမအသက်ပြန်ရှင်လာခဲ့တယ်" လို့ သူက စာအုပ်ကို ဖွင့်ခဲ့ပါတယ်။ တောထဲ၊ ကျေးလက် ဒေသတွေမှာက ဆေးမှူး၊ သူနာပြုကောင်းကောင်းလည်း ရှိတာမဟုတ်ပါဘူး။ ဇိုရာဖန်းငယ်ငယ်က အဖျားကြီးပြီး မေ့မျောနေတာကို ရွာက သူနာပြုဆရာမက သေပြီလို့ ပြောလိုက်ပါတယ်။ သူ့အမေကတော့ လက်မခံချင်ပါဘူး။ ကလေးကို ချီပြီး အခြားဆေးခန်း တခုကို ရောက်အောင် ပြေးလွှားပြသလို့သာ သူပြန်ပြီး အသက်ရှင်ခွင့် ရခဲ့တာ ပါ။ အဲသည်အဖျားကြောင့် ငယ်စဉ်ဘဝမှာ သူ့မျက်လုံး ခပ်စွေစွေဖြစ်နေတာ၊ သူ့အဖေ ကိုယ်၌က "ငါ့သမီးက မျက်လုံးစွေနေပေမယ့်လည်း လှပါတယ်" လို့ သူ့ကို ကြည်ဆည်ပြောဆိုခဲ့တာတွေကိုလည်း သူက ရိုးရိုးသားသား ဖော်ပြရေးသားခဲ့ပါတယ်။

ကျန်းမာရေးတင်မဟုတ်၊ ပညာရေးလည်း သူတို့အဖို့ ချို့တဲ့ပါတယ်။ တောထဲမှာ ဆောက်ထားတဲ့ ဖက်မိုး ဝါးကာ တဲထဲမှာ ရှိတဲ့ဆရာ-ဆရာမနဲ့ သင်ကြားခဲ့ရတာပါ။ အစားအသောက်မှာလည်း ဘဝရှင်သန် ရပ်တည်နိုင်ရုံ ကြုံသလို ရှာဖွေ စားသောက်ကြရပုံကိုလည်း ရေးသားဖော်ပြခဲ့ပါသေးတယ်။ သူ့အစ်ကိုကြီးဆေးဆေးနဲ့ သူ ဆန်ထောင်းရတာ၊ သူ့အစ်ကိုဖြစ်သူ ဆေးဆေးက ငါးရှာ-ဖားရှာတော်တဲ့ အကြောင်း၊ တောထဲက အသီး အရွက် တွေကိုလည်း ဘယ်ဟာ စားလို့ရတယ်၊ ဘယ်ဟာ စားလို့မရဘူးဆိုတာ ဘဝပေးအရ သိနေတဲ့ အကြောင်းတွေ ကိုလည်း ချစ်စဖွယ် ရေးသား ဖော်ပြခဲ့ပါသေးတယ်။ သူတို့စားခဲ့ရတဲ့ ခါချဉ်ဟင်းချို၊ မြွေသားဟင်း တွေကိုလည်း သူက မချွင်းမချန် ရေးခဲ့ပါသေးတယ်။

ဒီနေရာမှာ သူတို့မောင်နှစ်မတွေအတွက်ရော၊ စာဖတ်သူတွေအတွက်ပါ အထိခိုက်ဖွယ် အကောင်းဆုံးက သူတို့ ရဲ့ အိပ်ယာ ဝင်ပုံပြင်တွေပါ။ သူ့အမေဖြစ်သူက သူတို့ကြုံတွေ့ဖြတ်သန်းလာခဲ့ရတဲ့ တော်လှန်ရေးခရီး အကြောင်း ကို အိပ်ယာဝင် ပုံပြင်တွေလို ဖွဲ့နွဲ့ပြောပြတတ်ပါသေးတယ်။ သူ့အမေက ကရင့်တော်လှန်ရေးမှာ သူနာပြုဘဝ ကနေ နောက်တော့ အမျိုးသမီး တပ်ခွဲမှူးတာဝန်ယူရပါတယ်။ သူ့အမေက မြစ်ဝကျွန်းပေါ်ဇာတိ ဆိုတော့ သူတို့တပ်တွေ ဖြတ်လေးဖြတ် စစ်ဆင်ရေးကြောင့် အရှေ့ရိုးမဖက်ကို ခရီးကြမ်းဖြတ်ရတဲ့အခါ ကိုယ့် ဇာတိကို ခွဲသွားဖို့၊ နောက်တကြိမ် ဘယ်တော့မှ ပြန်ရောက်နိုင်မယ်မှန်းမသိ ဖြစ်ရတဲ့အခါ အတော်ကြေကွဲရ ပါတယ်။ ဒီ ခရီးတွေမှာ ငတ်ပြတ်ပုံကို သူ့အမေက ပြန်ပြောပြ လေ့ရှိပါတယ်။ ဆင်ဆိုတာ ကရင်လူမျိုးတွေ အတွက် အထွဋ် အမြတ်ထားတဲ့ တိရိစ္ဆာန်ပါ။ ဒါပေမယ့် ငတ်လွန်းတဲ့အခါ တောထဲမှာ ဆင်ရိုင်း ၂-ကောင်ကို သတ်ပြီးစားကြရပုံ တွေ၊ တပ်ခွဲမှူးဖြစ်တဲ့ သူ့အမေကိုယ်တိုင် အခြားအမျိုးသမီး ၃-ဦး နဲ့အတူ စပါးကြီးမြွေကြီး ကို နပန်းလုံးရပုံတွေ ကို သူတို့မောင်နှမတွေ သဲထိပ်ရင်ဖိုကြားခဲ့ရပါတယ်။ ရန်သူစစ်တပ်တွေ ဝိုင်းထားတဲ့ကြားက ရေစီးသန်နေတဲ့ စစ်တောင်းမြစ်ကို ဝါးဖောင်နဲ့တပ်တွေ ဖြတ်ကူးရတဲ့ အကြောင်းကလည်း သဲထိပ် ရင်ဖိုပါ။ သူ့အမေက သူ့တပ်ဖွဲ့ က ရဲဘော်တွေတယောက်မှ မဆုံးစေရအောင် ကာကွယ်ဖို့ လုပ်ခဲ့ပေမယ့် နောက်ဆုံးမြစ် ရေထဲမှာ ၁၅-ဦး ရေနစ် ဆုံးရှုံးခဲ့ရပါတယ်။ ဒီလိုကိစ္စတွေက သူ့အမေအတွက် မေ့နိုင်ဖို့ ခက်ခဲတဲ့ကိစ္စတွေပါ။

ဒါပေမယ့် ကြည်နူးဖွယ် အကြောင်းတွေလည်း ရှိပါသေးတယ်။ သူ့အမေ နောက်တန်းမာနယ်ပလော ဌာနချုပ်ကို ရောက်တဲ့ အချိန် အသက် ၃၂-နှစ်မှာ တနယ်တည်းက ဖြစ်တဲ့ မန်းရှာနဲ့ ပြန်တွေ့ခဲ့ရပါတယ်။ သူ့အဖေက သူ့အမေကို ခေါင်းအုံး လက်ဆောင်ပေးတာ၊ သူ့အမေရုံး ပြူတင်းဝမှာ နေ့တိုင်းပန်းသွားပေးတာတွေ လုပ်ပါ တယ်။ ဒီလို ပိုးပန်းပုံ မျိုးကတော့ ကရင်တွေကြားမှာ လုပ်လေ့လုပ်ထ မရှိဘူးလို့ ဇိုရာဖန်းက ရေးခဲ့ပါတယ်။ သူ့အဖေရဲ့ ရိုမန်းတစ်ဆန်ပုံကြောင့် သိပ် မကြာခင်မှာ သူ့အမေလည်း တင်းမထားနိုင်တော့ပဲ ပြန်လိုက်လျော လက်ထပ်ခဲ့ကြပါတယ်။ သူတို့ အိမ်ကလေးတောထဲမှာ ဆောက်နေစဉ်ကာလမှာလည်း သူ့အဖေက သစ်ခွတွေ၊ ပန်းတွေနဲ့ သေချာ အလှဆင်တတ်တာကြောင့် သူတို့က သူ့အဖေကို ချစ်စနိုး "ပေါကဆာ" (ပန်းသခင်) လို့ နောက်ပြောင်ခေါ်ကြပါတယ်။ အဖေက သူတို့မိသားစုကိုလည်း သေချာ ကရုစိုက်ပါတယ်။ ဒါပေမယ့် တော်လှန် ရေးတာဝန်တွေနဲ့ ခရီးများနေရတဲ့အခါမှာ လက်တွေ့ကျတဲ့ အမေရဲ့အုပ်ထိန်း စောင့် ရှောက်မှုအောက်မှာ သူတို့ မောင်နှမတွေ ကြီးပြင်းလာခဲ့ရတာ ဖြစ်ပါတယ်။

ဒီပထမပိုင်း အခန်းတွေမှာ မိသားစုကိစ္စတွေ တင်ပြရင်းနဲ့ ဇိုရာဖန်းက ကရင့်ဓလေ့ထုံးစံဖြစ်တဲ့ လက်ချည်ပွဲ၊ လိပ်ပြာခေါ်ပွဲ ကိစ္စတွေ၊ ကရင့်အလံအကြောင်း၊ သမိုင်းကိစ္စတွေကိုလည်း အလျဉ်းသင့်သလို ထည့်သွင်း ဖော်ပြခဲ့ပါသေးတယ်။ သူက တော့ လိုအပ်လို့သာ ခပ်ပါးပါးလေး တင်ပြတာပါ။ ဒါပေမယ့်လည်း အချို့သမိုင်း ကိစ္စတွေ ကတော့ ပါးစပ်ပြော ရာဇဝင်နဲ့ ပိုတူသလိုလည်း ဖြစ်နေပါတယ်။ ဥပမာဖော်ပြရရင် ဝန်ကြီးချုပ်ဟောင်း ဦးနုက ကရင်ခေါင်းဆောင်တွေကို ကရင် ပြည်နယ် လိုချင်ရင် တိုက်ယူကြလို့ ပြောတဲ့ကိစ္စမျိုးပါ။ ဦးနုက မြစ်ဝ ကျွန်းပေါ် ဒေသမှာ ကရင်တွေနဲ့အတူနေ ကြီးပြင်းလာသူ ဖြစ်သလို၊ ကရင်တွေဖက်ကဲလွန်းလို့ဆိုပြီး ကရင်နုလို့ တောင် အမည်ရသူပါ။ အခုကိစ္စက ပါးစပ်ပြောရာဇဝင်လား၊ တကယ် ရော ဟုတ်ရဲ့လားဆိုတာတော့ စဉ်းစား စရာပါ။

ဘာပဲဖြစ်ဖြစ် ကြည်နူးဖွယ်၊ ကြေကွဲဖွယ်၊ မိသားစုကိစ္စ၊ ကလေးတယောက် ဘဝကြီးပြင်းပုံတွေကို ဖတ်ခဲ့ရကြောင်း ပါ ခင်ဗျား။ အားလုံး ငြိမ်းချမ်းပျော်ရွှင်ကြပါစေ။

No comments:

Post a Comment