ondragstart="return false" onselectstart="return false"

Thursday, August 13, 2009

နအဖရဲ့ စိတ်ကူးယဉ်ပင့်ကူ ကွန်ယက်ကြီး အပိုင်း(၁)

စာဖတ်ပရိသတ်များခင်ဗျား
နအဖရဲ့ ဆက်သွယ်ရေး တပ်ရင်းတစ်ခုမှာ အတွင်းစည်းတာဝန် ထမ်းဆောင်တဲ့ ပြည်တွင်းမှ တပ်မတော်သားတစ်ဦး ရဲ့ ဆောင်းပါးတစ်ပုဒ်ကို ဒီကနေ့ တင်ပြ ပေးလိုက်ပါတယ်။ ဒီဆောင်းပါးမှာ FOC လို့ ခေါ်တဲ့ ဖိုင်ဘာကေဘယ်ကြိုးနဲ့ ပတ်သက်ပြီး အတွင်းကျကျ တင်ပြထားပါတယ်။ ကိုဖိုးတရုတ်ဘလော့မှ ပြန်လည် ကူးယူဖေါ်ပြထားပါသည်။

Fiber Optic Cable ဖိုင်ဘာကေဘယ်ကြိုး (၀ါ) ဆက်သွယ်မှု ပင့်ကူကွန်ယက် - အပိုင်း (၁)

ဆောင်းပါးရှင် - မိုးကြိုး ( ပြည်တွင်းမှ တပ်မတော်သားတစ်ဦး)
ယနေ့ မြန်မာ့စစ်တပ်တွင် ရေပန်းစားနေတဲ့ FOC (Fiber Optic Cable) လို့ ခေါ်သော ဖိုင်ဘာကေဘယ်လ်ကြိုး ခေါ် ဆက်သွယ်မှု ကွန်ယက်ကြီးကို ၂၀၀၀ ခုနှစ် နောက်ပိုင်းမှာ အထူး စီမံကိန်းကြီးချကာ လျှို့ဝှက်စွာ စတင် ဆောင်ရွက်ခဲ့ပါတယ်။

အဲဒီ စီမံကိန်းကြီးကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး၊ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး ရွှေမန်းနဲ့ ကာကွယ်ရေး ၀န်ကြီးဌာန ၊ဆက်သွယ်ရေး ညွှန်ကြားရေးမှူးရုံး (ကကဆက်) (ညွှန်ကြားရေးမှူး) ဗိုလ်ချုပ်သိန်းထွန်းတို့ ၄ ဦးသာ သိခွင့် ကိုင်တွယ်ခွင့် ရရှိတာ ဖြစ်ပါတယ်။

တစ်နိုင်ငံလုံးရဲ့ တိုင်းစစ်ဌာနချုပ်အားလုံးနဲ့ နေပြည်တော် (နပတ) စစ်ရုံး ဆက်သွယ်မှု ကွန်ယက် လမ်းကြောင်းပြ မြေပုံကို ထိပ်တန်းလျှို့ဝှက်အဆင့်နဲ့ ကကဆက်တွင် ထိန်းထားခဲ့ပါတယ်။ နေပြည်တော် တိုင်းနဲ့ စစ်ရုံးအတွင်း ဆက်သွယ်မှုကွန်ယက်ကို အချို့ဆက်သွယ်ရေး (ကကဆက်) စစ်ဦးစီး အရာရှိများပင် မသိရှိကြပါ။ ဆက်သွယ်မှု ကွန်ယက်တည်ဆောက်မှုနှင့် နည်းပညာပိုင်းကို တရုတ်နိုင်ငံမှ ရရှိခဲ့ကာ အရာရှိများနဲ့ သိပ္ပံနှင့်နည်းပညာကျောင်းဆင်း(ဟိုပုန်း)မှ တပ်ကြပ်ကြီးများကို ပညာတော်သင်များအဖြစ် တရုတ်နိုင်ငံသို့ စေလွှတ်ခဲ့ပါတယ်။

ကေဘယ်လ်ကြိုး ချပြီးတဲ့နောက် အဲဒီကြိုးတွေကို ဆက်တဲ့နေရာမှာ DSTA (တပ်မတော် နည်းပညာတက္ကသိုလ်) ကျောင်းဆင်း (သို့) DSA (စစ်တက္ကသိုလ်) မှ အီလက်ထရောနစ်ဘွဲ့ရ အရာရှိများ ဦးစီးပြီး၊ အခြားအဆင့်မှ အီလက်ထရောနစ် ပညာသည်များ ၊ သိပ္ပံနှင့် နည်းပညာ ကျောင်းဆင်း (ဟိုပုန်း) တပ်ကြပ်ကြီးများ ပါဝင်သော ကြိုးဆက်အဖွဲ့က ဆောင်ရွက် ပါတယ်။ ကြိုးးဆက်အဖွဲ့ကို တိုင်းစစ်ဌာနချုပ်နှင့် နယ်မြေအခြေအနေပေါ်မူတည်ပြီး ဖွဲ့စည်းပုံအား ပုံသေမရှိသော်လည်း အကြမ်းဖျင်း အနည်းဆုံးအင်အား (၇)ဦးမှ အများဆုံးခန့်မှန်း (၂၀)ဦးထိ ရှိတတ်ရာ တစ်ချို့အဖွဲ့များမှာ အရာရှိဦးစီးပြီး ၊အချို့အဖွဲ့များမှာ ဒုအရာခံဗိုလ်များက ဦးစီးဆောင်ရွက်ကြပါတယ်။

အဲဒီ ကေဘယ်လ်ကြိုးရဲ့ စွမ်းရည်သတ္တိထူးများကတော့ အသံကြည်လင်ပြတ်သား မှုရှိခြင်း၊ အရပ်ဖက် တယ်လီဖုန်းများရဲ့ လိုင်းများကဲ့သို့ ဂြိုလ်တုမှတဆင့် ပို့ခြင်း/ဖမ်းခြင်း မဟုတ်ဘဲ တနေရာမှ တနေရာသို့ ကေဘယ်လ်ကြိုးများနဲ့ ချိတ်ဆက်ထားတဲ့အတွက် ရန်သူမှ ကြားဖြတ် မဖမ်းနိုင်ပဲ လုံခြုံမှုရှိခြင်း၊ ကေဘယ်လ်ကြိုးတစ်ချောင်းထဲမှာပင် တယ်လီဖုန်း လိုင်းများစွာ အသုံးပြုနိုင်ခြင်း၊ အဲဒီ ကေဘယ်လ်ကြိုးကို အသုံးပြု၍ တပ်မတော် အတွင်း ကွန်ပျူတာနဲ့ Paperless စနစ် ကွန်ယက်ပါ တည်ဆောက်နိုင်ခြင်းနှင့် ရုပ်သံလိုင်းများပါ ဖျော်ဖြေရေး အတွက် ထည့်သွင်းထားခြင်း စတာတွေ ပါရှိပါတယ်။ နယ်ဘက် ကွန်ပျူတာလိုင်းနှင့် ချိတ်ဆက်ထားခြင်း မရှိသလို ကေဘယ်လ်ကြိုးတွေ သုံးကာ ကွန်ပျူတာ Connection မှာ အားကောင်းပြီး ကြိုးဖြင့်ပင် ကွန်ပျူတာအချင်းချင်း ဆက်သွယ်မှု သုံးတာဖြစ်လို့ လုံခြုံမှုလည်း ခိုင်မာလှပါတယ်။
တပြည်လုံးဆက်သွယ်မှု အနေနဲ့ ကွန်ယက် (၃) နေရာ ထိန်းချုပ်ထားပြီး ၎င်းတို့မှာ ရန်ကုန် (၉) မိုင် ပင်ပဆက်သွယ်ရေး အလုပ်ရုံ၊ စစ်ကိုင်းနှင့် ပြင်ဦးလွင် နေရာများ ဖြစ်ကြပါတယ်။ အဲဒီ FOC ကေဘယ်လ်ကြိုးအရွယ်မှာ လက်မအရွယ်ရှိကာ မြေကြီးအောက် ပျမ်းမျှ (၂)’ အကျယ် (၆)’ အနက်တူးပြီး ကေဘယ်လ်ကြိုးခင်း၍ ကြိုးအပေါ်မှ ၀မ်တိန်တိတ်လို့ ခေါ်တဲ့ ပလပ်စတစ်ပြားကို အုပ်ကာ စနစ်တကျနဲ့ မြေကြီးပြန်ဖို့ရတာ ဖြစ်ပါတယ်။ FOC လုပ်ငန်းသုံး ပစ္စည်းများကို အဓိက ဖြန့်ဝေတာကတော့ ရန်ကုန် မင်းဓမ္မကုန်းရှိ ဆသပခွဲ (၁) နဲ့ မန္တလေးရှိ ဆသပခွဲ (၂) တို့ဖြစ်ကြပါတယ်။ အောက်မြန်မာပြည်နဲ့ အထက် မြန်မာပြည်ကို ခွဲကာ ၁၀ ဘီးကားကြီးတွေနဲ့ ပစ္စည်းတွေကို တပ်ရင်းအသီးသီးသို့ လိုက်ချပေးခဲ့ပါတယ်။

အပိုင်း(၂)ကိုနက်ဖန်ပြန်လည်တင်ဆက်ပေးမည်။

No comments:

Post a Comment