ondragstart="return false" onselectstart="return false"

Saturday, August 29, 2009

ရဲဘော်ရှောင်း(သို့ မဟုတ်) ပဒိုမန်းငြိမ်းမောင်

ကိုကိုးကျွန်းအကျဉ်းစခန်းမှ လွတ်မြောက်ရေး သက်စွန့်ဆံဖျားကြိုးပမ်းခဲ့ သူ စာရေးဆရာ ရဲဘော်ရှောင်းက မျိုးဆက်သစ်များသို့ “အမွေ” လက်ဆင့်ကမ်း

သြဂုတ်လ(၂၆)ရက်

ကိုကိုးကျွန်းအကျဉ်းစခန်းမှ လွတ်မြောက်ရေးအတွက် ပင်လယ်ပြင်ကို လှေငယ်လှေတစင်းဖြင့် သက်စွန့်ဆံဖျား ဖြတ်သန်းခဲ့သူ တော်လှန်ရေးစာရေးဆရာ ရဲဘော်ရှောင်းခေါ် ပဒိုမန်းငြိမ်းမောင်က မျိုးဆက်သစ်များသို့ တော်လှန်ရေး “ အမွေ ” လက်ဆင့်ကမ်းသည့် အနေဖြင့် စာပေဟောပြောပွဲတရပ် ထိုင်းနိုင်ငံ နို့ဖိုးဒုက္ခသည်စခန်းတွင် ကျင်းပခဲ့သည်။

မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အကြွင်းမဲ့အဆုံးသတ်ရေးနှင့် ဒီမိုကရေစီအရေး ၊ ဖက်ဒရယ်ပြည်ထောင်စုဖြစ်ထွန်းပေါ်ပေါက်လာရေးတို့အတွက် ဘ၀တလျှောက်လုံး တော်လှန်ရေးဆင်နွှဲနေသည့် ကိုကိုးကျွန်းအကျဉ်းစံခဲ့ရသူ စာရေးဆရာ ရဲဘော် ရှောင်းက ယနေ့မျိုးဆက်သစ်လူငယ်များသို့ တော်လှန်ရေးအတွေ့အကြုံ၊ အတွေး ခေါ်များ လက်ဆင့်ကမ်းသည့်အနေနှင့် “အမွေ” ဟူသော ခေါင်းစဉ်ဖြင့် ထိုင်းနိုင်ငံ နို့ဖိုးဒုက္ခသည်စခန်းရှိ ငြိမ်းချမ်းရေးရင်ပြင် တိုင်းရင်းသားသင်တန်းကျောင်းခန်းမ တွင် ယနေ့ညနေပိုင်းက စာပေဟောပြောပွဲတရပ် ဟောပြောသွားခဲ့သည်။

ရဲဘော်ရှောင်းက ကိုကိုးကျွန်း၌ အာဏာပိုင်များ၏ ဖိနှိပ်ရက်စက်မှုများကို ဆန့်ကျင်၍
နည်းအမျိုးမျိုးအာခံခဲ့ပုံများနှင့် အတွေ့အကြုံ ကြီးရင့်သူများက လူငယ်ရဲဘော်များအပေါ် ဦးဆောင်မှုပေးခဲ့ပုံ၊ ဘ၀တူအကျဉ်းစံအချင်းချင်း အပြန်အလှန် လေးစားတန်ဖိုးထားမှု များရှိခဲ့ပုံတို့နှင့် အာဏာရှင်တို့ပြုသမျှ ငုံ့မခံဘဲ ပင်လယ်ပြင်ကို လှေငယ်လေးတစီးဖြင့် ထွက်ပြေးလွတ်မြောက်ရန် သူနှင့် အခြားရဲဘော် (၂) ဦးတို့၏ သက်စွန့်ဆံဖျားကြိုးပမ်းခဲ့ပုံများကို စိတ်ဝင်စားဖွယ်ဟောပြောခဲ့သည်။ ထို့ပြင် ပင်လယ်ပြင်၌ သဘာဝတရားကြီးနှင့် (၁၀) ရက်ကျော် အပြိုင်အဆိုင် အနိုင်နွှဲခဲ့ပုံများ၊ ကမ်းခြေတနေရာသို့ ရောက်ချိန်တွင် တွေ့ကြုံဆုံခဲ့ရသည့် ရိုးသားစွာ အကူအညီပေးသူ၊ ကောက်ကျစ်စွာ ထောင်ချောက်ဆင်သူတို့၏သရုပ်များကို စာပေပရိသတ်များ မျိုးဆက်သစ်လူငယ်များ လွမ်းမောအားကျဖွယ်ရာအဖြစ် များဖြင့် ရသမြောက်စွာ ဟောပြောသွားခဲ့သည်။
ရဲဘော်ရှောင်းက သူတို့ခေတ်လူငယ်များ၏ စိတ်ဓာတ်နှင့် စပ်လျဉ်း၍ ယနေ့လူငယ် များ စံပြုထိုက်ဖွယ်အဖြစ် ပြောကြားရာတွင်

“ကျနော်တို့ခေတ်က လူငယ်တွေက အပြိုင်အဆိုင်အမြဲရှိကြတယ်။ တဖွဲ့ချင်းတွေမှာ လည်း အပြိုင်အဆိုင်ရှိတယ်။ သူ့ပါတီနဲ့ ကိုယ့်ပါတီလဲ အပြိုင်အဆိုင်ရှိတယ်။ အဲဒါ ဘာတွေပြိုင်လည်းဆိုတော့ ကျနော်တို့က ဘယ်သူတွေက အဆင်းအရဲ အပင်အပမ်း ခံလဲ၊ ဘယ်သူတွေက ကိုယ်ကျိုးစွန့်လဲ၊ ဘယ်သူတွေက အနစ်နာခံသလဲ၊ ကျနော် တို့က အဲဒါ့တွေနဲ့ပြိုင်တာ၊ အဲဒီလို စိတ်ဓာတ်တွေနဲ့ပြိုင်ကြတာ” ဟု ပြောဆိုကာ ကိုကိုးကျွန်းတွင်နေရစဉ် ကျင့်သုံးခဲ့သည့် ဖြစ်ရပ်တခုကို ယခုလိုပြောပြသည်။

“ဥပမာတခု ကျနော်တို့ငါးတကောင်ရတယ်။ ငါးတကောင်ရှာလို့ရတယ်ဆိုရင် ဒီငါးကို ဘယ်လိုစားမလဲဆိုတာ စဉ်းစားတာ။ ငါးရှာလို့ ရရင် ငါးက စားဖို့ပဲပေါ့။ ငါးစားတာ စဉ်းစားစရာလိုသေးလား။ ခင်ဗျားတို့ တွေးမိမှာပဲ။ ဒါပေမဲ့ ဒီငါးကို ဘယ်လိုစားမလဲဆိုတာ ကျနော် တို့က စဉ်းစားတာ။ စဉ်းစားတယ်ဆိုတာ ဒီငါးကို ဘယ်သူ့ကို ကျွေးမလဲဆိုတာ စဉ်းစားတာ။ ကျနော်တို့ အဲဒီလိုစဉ်းစားတာ။ ဒီငါးကို ငါစားဖို့ မစဉ်းစားဘူး၊ ကျနော်တို့ထဲက ဘယ်သူ့ကို ကျွေးမလဲလို့ ကျနော်စဉ်းစားတာ။ စဉ်းစားလိုက်လို့ရှိရင် ဒို့အထဲထဲမှာ ဘယ်သူ တွေက ဖျားနာနေသလဲ၊ ဘယ်သူတွေ ဖျားနာနေလို့ရှိရင် အဲဒီ့ရဲဘော်တော့ အာဟာရဓာတ်လိုနေမှာပဲ၊ ဒီငါးကို ငါကျွေးမယ်ဆိုတဲ့ အဲဒီ့လို စဉ်းစားတာ။ အဲဒီလိုဟာမျိုး နာဖျားမကျန်းဖြစ်တဲ့ ရဲဘော်တွေကိုပဲ အရင်ဆုံးကျွေးဖို့စဉ်းစားတာ။

နာဖျားမကျန်းဖြစ်တဲ့လူမရှိလို့ရှိရင် နာလန်ထတွေကို ကျနော်တို့ကျွေးဖို့စဉ်းစားတာ။ နာလန်ထတွေမှာ မရှိဘူးဆိုလို့ရှိရင် ကျနော်တို့ ခုနက စောစောကပြောခဲ့တဲ့ သခင်ခင်အောင်တို့လို လေထီးဗိုလ်အုန်းမောင်တို့လို ၆၀ ကျော်၊ ၇၀ အဘိုးကြီးတွေကို ကျနော်တို့ကို ကျွေးတယ်။ အဲဒီ့အဘိုးကြီးတွေကလည်း မစားဘူး၊ ဖိုကြီးကိုပဲသွားပေးတယ်” စသည်ဖြင့် ပြောဆိုကာ

“ ကျနော်တို့ခေတ်က လူငယ်တွေရဲ့စိတ်ဓာတ်ကို ပြောပါတယ်၊ ကျနော်တို့ကျွန်းမှာ ဘယ်လို လက်တွေ့ဘ၀ နေထိုင်မှု ထူထောင်သလဲ ဆိုတာ ကျနော်ပြောပြချင်တာပါ ” ဟူ၍ ရဲဘော်အချင်းချင်းထားရမည့် စိတ်ဓာတ်နှင့် ခံယူချက်ကို မျိုးဆက်သစ်လူငယ်များ စံပြုလိုက် နာဖွယ်ဖြစ်အောင် ဟောပြောခဲ့သည်။


နိဂုံးပိုင်းတွင် ဆရာရဲဘော်ရှောင်းက တော်လှန်ရေးတရပ်တွင်တွေ့ရတတ်သည့် ရေသာခိုလှေကြုံစီး အချောင်သမားများ၏ စရိုက် လက္ခဏာများနှင့် ယင်းတို့၏ဘ၀နေ၀င်ချိန် တန်ဖိုးမဲ့ပုံကို သတိသံဝေဂရဖွယ်ဖြစ်အောင်လည်း ပြောကြားသွားခဲ့သည်။

ဆရာက “အမွေ” ဟူသောခေါင်းစဉ်နှင့် ဟောပြောရခြင်းနှင့်စပ်လျဉ်း၍ “ ငါ တလျှောက်လုံးတိုက်ပွဲဝင်ခဲ့တဲ့ရဲဘော်တယောက်အနေနဲ့ ငါ့ရဲ့ဖြူစင်တဲ့စိတ်ဓာတ်နဲ့ ငါ့ရဲ့ ဖြူစင်တဲ့သန့်ရှင်းတဲ့ အတွေ့အကြုံတွေကို ငါ့သားတွေသမီးတွေ နောင်လာနောက်သားတွေ ဒီအမွေပဲ ငါ့မှာပေးစရာရှိတယ်” ဟု ခံယူသည့်အတွက် ယခုလို ဟောပြောရခြင်းဖြစ်ကြောင်း ရှင်းပြခဲ့သည်။

ထိုစာပေဟောပြောပွဲသို့ နို့ဖိုးဒုက္ခသည်စခန်းအတွင်းရှိ ကရင်မျိုးဆက်သစ်လူငယ်များအပါအ၀င် တိုင်းရင်းသားလူမျိုးပေါင်းစုံ စာပေ ၀ါသနာရှင် (၁၅၀) ခန့်တက်ရောက်ခဲ့သည်။ စာပေဟောပြောပွဲတက်ရောက်သူ လူငယ်ကိုလှမြင့်ကျော်က

“ဒီဟောပြောပွဲက သိပ်တန်ဖိုးရှိတယ်။ ကျနော်တို့စိတ်ဓာတ်တွေကို အားမာန်နဲ့ သတ္တိခွန်အားကို ရစေတယ်။ ပြီးတော့ မျိုးဆက်သစ်နဲ့ မျိုးဆက်ဟောင်းကြားက ကွာဟမှုကို ဆွဲစေ့လိုက်သလို ဖြစ်သွားတယ်။ တော်လှန်ရေးဆိုတာ ကိုယ်ကျိုးစွန့်အနစ်နာခံမှု ပေးဆပ်မှု မပါဘဲ အခွင့်အရေးသမားတွေနဲ့ချည်းဆို ဘယ်လိုဖြစ်သွားမလဲဆိုတဲ့ အတွေးရတယ်ပေါ့ဗျာ” ဟု ပြောသည်။

စာရေးဆရာ ရဲဘော်ရှောင်းခေါ် ပဒိုမန်းငြိမ်းမောင်သည် မဆလခေတ် ၁၉၆၉ - ခု ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် စာရေးဆရာ ဗန်းမော်တင်အောင်၊ ဆရာမြသန်းတင့်၊ ကေတီဦးကျော်တင့်၊ လူထုဦးစိန်ဝင်း၊ လေထီးဦးအုန်းမောင်၊ ဆရာရာဂျန် စသည့် နိုင်ငံရေး အကျဉ်းသား (၂၃၃) ဦးတို့နှင့်အတူ ကိုးကိုးကျွန်းသို့ ပထမဆုံးအသုတ်အဖြစ် အပို့ခံခဲ့ရသည်။
ပေးပို့ သူ။ ။ ကိုခင်လွန်း

နေ့ သစ်သတင်းစာမျက်နှာမှ ပြန်လည်ကူးယူဖေါ်ပြသည်။


No comments:

Post a Comment