ချစ်သမီးငယ် အပိုင်း(၁)
(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)
သောသီခိုမှ အပိုင်းလိုက် နေ့ စဉ် ပြန်လည် တင်ပြပေးသွားမည်ဖြစ်သည်။
သောတရှင်မိတ်ဆွေများခင်ဗျား။
ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) ရဲ့ အထွေထွေအတွင်းရေးမှူး ဖြစ်သူ ဖဒိုမန်းရှာ ဖေဖေါ်ဝါရီလ ၁၄ ရက်၊ ၂ဝဝ၈ ခုနှစ်မှာ လုပ်ကြံခံလိုက်ရ တဲ့ကိစ္စကို သောတရှင်များ အမှတ်တရ ရှိနေကြလိမ့်ဦးမယ် ယူဆပါတယ်။ ဒီလုပ်ကြံမှုအပြီး တနှစ်အကြာမှာတော့ သူရဲ့သမီးဖြစ်သူ ဇိုရာဖန်းက အင်္ဂလိပ် ဘာသာနဲ့ သူ့ရဲ့ဖြတ်သန်းခဲ့ရတဲ့ ဘဝမှတ်တမ်းစာအုပ်ကို ရေးသားလို့ အင်္ဂလန်နိုင်ငံမှာ ထုတ်ဝေခဲ့ပါတယ်။ ဇိုရာဖန်းရေးသားတဲ့ ချစ်သမီးငယ်၊ မြန်မာနိုင်ငံနဲ့ အနောက်ကမ္ဘာမှာ ရှင်သန်ရေးအတွက် ရုန်းကန်ခဲ့ရပုံဘဝမှတ်တမ်း ဆိုတဲ့စာအုပ် ကို မိတ်ဆက်ပေးဖို့ ရည်ရွယ်ထားပါတယ်။ ဒီစာအုပ်ကို ဇိုရာဖန်းနဲ့အတူ ဒါမီးယန်း လူးဝစ် (Damien Lewis) ဆိုသူက ပူးတွဲရေးသားထားပါတယ်။
ဒီစာအုပ်ရေးသူအကြောင်း စလို့ မိတ်ဆက်ပေးရမယ်ဆိုရင်၊ ဒီစာအုပ်ထုတ်ဝေတဲ့အချိန် (၂ဝဝ၉) ခုနှစ်မှာ ဇိုရာဖန်းက အသက် ၂၉ နှစ်လို့ ဖော်ပြထားပါတယ်။ "မာနယ်ပလော" လို့ခေါ်တဲ့ ကရင်တော်လှန်ရေးတပ်တွေရဲ့ ဌာနချုပ် တောတွင်း စခန်းမှာ မွေးဖွားခဲ့ပြီး၊ အခုအချိန်မှာတော့ အင်္ဂလန်နိုင်ငံမှာ မြန်မာနိုင်ငံအရေး စည်းရုံးလှုပ် ရှားနေတဲ့ (Burma Campaign UK) အဖွဲ့မှာ ဆက် လက် လှုပ်ရှားဆောင်ရွက်နေသူတဦးလည်း ဖြစ်ပါတယ်။ သောတရှင်တွေအနေနဲ့လည်း ရေဒီယိုတွေမှာ မကြာခဏဆိုသလို သူနဲ့တွေ့ဆုံမေးမြန်း အင်တာဗျူးတာတွေ ကို ကြားရနိုင်ပါတယ်။
ဒီစာအုပ်ထွက်လာတယ် ကြားတော့ ကျနော်စိတ်ဝင်စားမိတဲ့ အကြောင်း (၂) ခုရှိပါတယ်။ ပထမအကြောင်း ကတော့ ပုဂ္ဂိုလ်ရေးလို့ပဲ ဆိုပါရစေ။ ကျနော်က ဖဒိုမန်းရှာနဲ့ လူချင်းသိရှိ ရင်းနှီးသူဖြစ်ပြီး၊ သူ့အကြောင်းကို သမီးဖြစ်သူက ဘယ်လို ရေးထားသလဲ ဆိုတာကို သိချင်တာလည်း ပါပါတယ်။ နောက်တချက်ကတော့ နယ်စပ် ဒေသတွေမှာ အစည်းအဝေး တွေရှိခဲ့ရင် အဲသည်ကတည်းက ဇိုရာဖန်းကို လူချင်းမြင်ဖူးနေခဲ့တာလည်း ဖြစ်ပါတယ်။ နောက်တချက် ကတော့ သူက ကျနော်တို့နိုင်ငံရဲ့ ပဋိပက္ခတွေကို သူဖြတ်သန်းခဲ့ရတဲ့ ကလေးဘဝ အမြင် နဲ့ ဘယ်လို ဖော်ကျူးထား သလဲဆိုတာကို သိလိုလို့ ဖြစ်ပါတယ်။ "ကလေးဘဝအမြင်" လို့ ဆိုတဲ့အခါမှာ စာရေးသူကို နှိမ်ချပြောဆိုလိုခြင်း၊ မရင့်ကျက်သေးဘူးလို့ ဆိုလိုခြင်း မဟုတ်ပါဘူး။ ဇိုရာဖန်းက သူဖြတ်သန်း ခဲ့ရတဲ့ ကရင့်တော်လှန်ရေးနဲ့ မြန်မာနိုင်ငံက ပြည်တွင်းစစ်တွေအပေါ် အမြင်ရေးတဲ့အခါ ဖဒိုမန်းရှာနဲ့ ကွဲပြားနိုင်ပါတယ်။ သူဖြတ်သန်း မြင်တွေ့ခဲ့ရတာကို ရေးမှာ ဖြစ်ပါတယ်။ ဖဒိုမန်းရှာက အကယ်၍သာ ဒီလို ကိုယ်တွေ့ အတွေ့အကြုံတွေ စာအုပ်တအုပ်ရေးသားမယ်ဆိုရင် အတော် လည်း အငြင်းပွားစရာတွေ ရှိနေကောင်း ရှိနေနိုင် ပါတယ်။ အဖွဲ့အစည်းအတွင်း ပဋိပက္ခ၊ နိုင်ငံရေး အယူအဆ၊ သမိုင်း အပေါ် ရှုမြင်ပုံ စသဖြင့် အမြင်မတူတာတွေလည်း ရှိလာကောင်း ရှိလာနိုင်ပါတယ်။
တခါက ကျနော် ရုတ်ရှင် ဇာတ်လမ်းတပုဒ်အကြောင်း ကြားခဲ့ရဖူးပါတယ်။ ဒီရုပ်ရှင်ကိုတော့ မကြည့်ဖူးပါဘူး။ ရုရှားရုပ်ရှင် ဇာတ်လမ်းတခုဖြစ်ပြီး ဒုတိယကမBာစစ်ကြီးကို ကလေးတယောက်က ကြုံတွေ့ဖြတ်သန်းခဲ့ရတဲ့ အမြင်ဖက်က ရိုက်ပြ ထား တာလို့ ဆိုပါတယ်။ အဲသည်အကြောင်းကို ကြားတဲ့အခါ ကျနော်လည်း စိတ်ကူးယဉ် ကြည့်မိပါတယ်။ မြန်မာနိုင်ငံ ပြည်တွင်း စစ်အကြောင်းကိုလည်း စစ်အတွင်း ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ (အိုင်ဒီပီ) လို့ခေါ်တဲ့ ပြည်တွင်းဒုက္ခသည် ကလေးတယောက်အမြင်နဲ့ ရိုက်မယ်ဆိုရင် ဘယ်လိုဖြစ်လေမလဲလို့ စိတ်ကူးယဉ်ကြည့်ဖူးတာပါ။ ဘာကြောင့် စစ်တွေဖြစ် နေရမှန်းမသိ၊ ဘယ်လို နိုင်ငံရေးအယူအဆတွေ ပြင်းထန် ကြပြီး ရန်ဖက်ပြိုင်နေကြတာမှန်းမသိ၊ ကလေးငယ် တဦး အဖို့ကတော့ တပြေးထဲ ပြေးနေရ။ ထမင်းငတ်ရ၊ လူတွေ သေကြတာ၊ အိုးအိမ်တွေပျက်စီးတာကို မြင်ရ၊ စစ်ရဲ့အနိဌာရုံ တွေကို ကြောက်မက်ဖွယ်ကြုံရတဲ့ အခြေ အနေကို စဉ်းစားကြည့်မိတာပါ။ အခု ဇိုရာဖန်းရဲ့ ချစ်သမီးငယ် စာအုပ်ထွက်လာ တဲ့အခါမှာလည်း ဒီလိုစိတ်ကူး နဲ့တူလေ မလားလို့ ထင်မြင်မိတာပါ။ တော်လှန်ရေးသမား မိဘနှစ်ဦးက မွေးလာရတော့ တောထဲကြီးပြင်း လာခဲ့ရတဲ့သူပါ။ သူက ဒီလို စစ်တွေ၊ နိုင်ငံရေးပဋိပက္ခတွေကြားမှာ ဆန္ဒအလျောက်ပါဝင်လာခဲ့ရတဲ့သူ မဟုတ်ပါဘူး။
ဒီစာအုပ်ကို ကျနော်ဖတ်ကြည့်ရတဲ့အခါ တွေ့ရတဲ့ထူးခြားချက်ကတော့ ရိုးဂုဏ် ပါပဲ။ သူဖြတ်သန်းခဲ့ရာ ကလေး ဘဝ၊ မိသားစုဘဝကို ရိုးရိုးသားသား တင်ပြထားတာကို တွေ့ရပါတယ်။ သမိုင်းကိစ္စတွေမှာတော့ သိပ်လေး လေးနက်နက် ဆွေးနွေးထားတာမျိုး မရှိပေမယ့် လိုအပ်သလို သမိုင်းကိစ္စ၊ ကရင်ဓလေ့ထုံးစံ ရိုးရာတွေကိုလည်း လှလှပပ ထည့်သွင်း ဖော်ပြတာကို တွေ့ရပါတယ်။ ဒီစာအုပ်ထုတ်ဝေပြီးတဲ့အချိန်မှာ နာမည်ကြီးသတင်းစာတွေ ဖြစ်တဲ့ ဖိုင်နန်ရှယ် တိုင်း (မ်စ်)၊ ဒေးလီ တယ်လီဂရပ်၊ ဖော်ရိန်း ပေါ်လစီ ဂျာနယ်တွေကလည်း စာအုပ်ဝေဖန် ချက် အဖြစ် စိတ်ဝင်တစားဖော်ပြတာကို တွေ့ရပါတယ်။ သူတို့က အကောင်းရေးသားဖော်ပြကြပါတယ်။ ဖောရိန်း ပေါ်လစီဂျာနယ်မှာ ဒေးဗစ် ကယ်လေးဂျာ (David Calleja) က ဇိုရာဖန်းက တိုက်ပွဲဝင်ဖို့ ဘဝမှာ မွေးလာတဲ့ သူလို့ ဖော်ပြခဲ့ပြီး၊ စာအုပ်ကို စိတ်ဝင်စားဖွယ် သယ်ဆောင်သွားပုံ ကို ချီးကျူးထားပါတယ်။ ဒီစာအုပ် က စစ်အကြောင်း၊ ပဋိပက္ခအကြောင်းရေးသားထားတာ ဖြစ်ပေမယ့် လောင်အန်းရဲ့ စာအုပ် (Loung Ung's First They killed My Father.) ကျမ အဖေကို သူတို့က ပထမဦးဆုံးသတ်ပစ်လိုက်တယ်ဆိုတဲ့ စာအုပ်လို ကြောက်ရွံ့စက်ဆုပ်ဖွယ် ဝိဘစ္ဆရသ မတွေ့ရလေဘူးလို့ ရေးသားခဲ့ပါတယ်။ လောင်အန်းရဲ့ စာအုပ်ကတော့ ပိုပေါ့ ခမာနီ အုပ်ချုပ်ရေးကာလ ကမ်ဘောဒီးယားနိုင်ငံ ပြည်တွင်းစစ်နောက်ခံ အကြောင်းပါ။ ဒါပေမယ့် ဇိုရာ ကတော့ ကလေး တယောက်ရဲ့ဘဝဖွံ့ဖြိုးတိုးတက်မှုမှာ ပြည်တွင်းစစ်ကြောင့် ကြုံရတဲ့ အခက်အခဲတွေကြားက ရုန်းကန်ရပုံ ကို ထင်ရှားစွာ ဖော်ပြထားနိုင်တယ်လို့တော့ ဆိုခဲ့ပါတယ်။
ဖိုင်နန်ရှယ် တိုင်း (မ်စ်) သတင်းစာမှာ ဂျပ်စ်တင် ဝင်းတဲလ် (Justin Wintle) ဆိုသူကတော့ မျိုးချစ်နိုင်ငံရေး လှုပ်ရှားသူ တဦးရဲ့ အကြောင်းပါပဲ၊ ဒါပေမယ့် စိတ်ဝင်စားစရာ လျှော့မသွားပါဘူးလို့ ဆိုခဲ့ပါတယ်။ စာရေးသူ ရဲ့ဖခင် ဖဒိုမန်းရှာနဲ့ သူ့ အမေရွေးချယ်ခဲ့တဲ့လမ်းကတော့ ဂန္ဒီကြီးလို အကြမ်းမဖက် လှုပ်ရှားမှု၊ ဒေါ်အောင်ဆန်း စုကြည်ရွေးချယ်တဲ့ လှုပ်ရှားမှု နဲ့တော့ ကွဲလွဲတယ်ဆိုတာ ထောက်ပြပါတယ်။ သူကတော့ ဒီစာအုပ်မှာ စာရေး သူ ဇိုရာဖန်းက အကြိမ်ကြိမ် နိုင်ငံတကာ မိသားစုက သူ့လူထုတွေကို ကယ်တယ်ပေးဖို့ ပျက်ကွက်တာကို အပြစ် ဆိုထားပါ တယ်တဲ့။ ဒါပေမယ့် နိုင်ငံတကာက ဘယ်လိုဆောင်ရွက်စေချင်တာလဲ၊ စီးပွားရေး ပိတ်ဆို့မှု တွေက လည်း လိုချင်တဲ့ရလဒ် ဖြစ်မလာဘူး။ လက်နက်နဲ့ ဝင်ရောက်စွက်ဖက်ရင်လည်း ဗီယက်နမ်စစ်မြေပြင်လို ဖြစ်လာတာမျိုး လိုချင်ပါသလားလို့ မေးခွန်းထုတ်ခဲ့ပါတယ်။
ဒီစာအုပ်ကတော့ ဖတ်ရတာ ညီးငွေ့စရာ မကောင်းလှပါဘူး။ စာရေးသူရဲ့ ပွင့်လင်းတဲ့ ခင်မင်ဖွယ်ဟန်ကိုလည်း မြင်ရပါလိမ့် မယ်။ အခန်း ၃၁ ခန်းခွဲလို့ ရေးသားထားပါတယ်။ နောက်တပတ်မှာတော့ ဇိုရာရဲ့ ငယ်စဉ်ဘဝ အမှတ်ရစရာ အဖြစ်အပျက် တွေကို ဆက်လို့ တင်ပြပါမယ်။ အားလုံး ငြိမ်းချမ်းပျော်ရွှင်နိုင်ကြပါစေ။
No comments:
Post a Comment