ondragstart="return false" onselectstart="return false"

Monday, August 31, 2009

ဒေါ်အောင်ဆန်းစုကြည်ပြီးယင် နယ်ခြားမစောင့်တဲ့ပုဂ္ဂိုလ်တွေအလှည့်ပါပဲ

မင်းထက်အောင်
သြဂုတ် ၃၀၊၂၀၀၉။

“တကမ္ဘာလုံးက အသိအမှတ်ပြုလေးစားခံရတဲ့ ဗမာပြည်ရဲ့ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးတောင်မှ ခင်ဗျားတို့ အဲလောက်အထိ လုပ်ရက်နိုင်သေးတယ်။ ကျနော်တို့က ခင်ဗျားတို့နဲ့ သွေးမတော်သားမစပ် လူမျိုး/ဘာသာ စကားလဲမတူဘူး၊ ကျနော်တို့အလားအလာက သူမထက်ပိုဆိုးသွားနိုင်တယ်။ အကယ်လို့ ကျနော်တို့ ခေါင်းညိတ်လိုက် မယ်ဆိုရင် နောင်တချိန် အစွယ်ကျိုးအဆိပ်မဲ့ဖြစ်သွားတဲ့ ကျုပ်တို့ကို ခင်ဗျားတို့ ဖမ်းမယ်ဆီးမယ် လုပ်လာရင် အကျဉ်း ထောင်မပြောနဲ့ ကြက်တွေဝက်တွေလိုလှောင်တဲ့ ခြင်း/တောင်းတောင် လောက်မှာမဟုတ်ဘူး” နယ်ခြားစောင့်တပ်ဖွဲ့ ကိစ္စနဲ့ပတ်သက်ပြီး လွန်ခဲ့တဲ့ ဇွန်လလယ်လောက်မှာ UWSA ခေါင်းဆောင်တစ်ဦးက စရဖအကြီးအကဲ ဒုဗိုလ်ချုပ်ကြီး ရဲမြင့်အား ပြောဆိုခဲ့တာကို သျှမ်းသံတော်ဆင့်အင်တာနက်မှာ ဖတ်ရှုခဲ့ရတာ ပြန်လည်အမှတ်ရနေမိပါတယ်။

ဘုရားသခင်လွှတ်လာတယ်ဆိုတဲ့ အမေရိကန်က မစ္စတာဂျွန်ယက်ထော၊ ရဲချုပ်ခင်ရီပြောခဲ့တဲ့ မြဝတီကအမျိုးသမီး၊ လွှတ်တော်အမတ် ဂျင်ဝက် Jim Webb တို့ ဆိုသူတွေဟာ သပွတ်အူ လှို့ဝှက်သဲဖို စုံထောက်ဇာတ်လမ်းတစ်ခုပမာ ပါဝင်သရုပ်ဆောင်ပြခဲ့ကြပြီး နောက်ဆုံး ဇတ်သိမ်းပိုင်းမှာတော့ နအဖရဲ့သွားရာလမ်းကြောင်းမှာ တံတိုင်းကြီးတစ်ခုပမာ အတားအဆီးဖြစ်နေရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ကိုပဲ ထောင် ၃ နှစ်စီ ထပ်မံချမှတ် ခဲ့ပြီးပါပြီ။ ဒါဟာ စစ်အစိုးရရည်ရွယ်ချက်က ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ ဖြစ်တဲ့နည်းနဲ့ လုပ်ချပြလိုက်တော့တာပါပဲ၊ ဥပဒေအရ အမှုအရာမြောက်မမြောက်တာ အလေးမထားပါဘူး၊ စကားလုံးလှလှ သီကုံး ရေးသားဖွဲ့ဆိုပြီး လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးမို့လို့ ဗိုလ်သန်းရွှေအနေနဲ့ စာနာထောက်ထား ပါသတဲ့။ သက်ညှာစွာပဲ နေအိမ်ကန့်သတ်အမိန့်သစ်တွေနဲ့ တစ်နှစ်ခွဲကျခံစေ။ ဒေါ်အောင်ဆန်းစုကြည်ခမျာလည်း ဒီအမိန့်ကျတော့မှပဲ အယင်ကထက် ကန့်သတ်တားဆီးမှုတွေ ပိုခံစားလာနေရတာကို သတင်းတွေမှာ ဖတ်ရှုကြားသိနေ ရပြန်တယ်။
ဒါက ဗမာ့အမျိုးသား နိုင်ငံရေးခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသမီးဖြစ်လို့၊ ဗမာအချင်းချင်းမို့ ဒိလောက်ညှာတာ ထောက်ထားလိုက်တာပါ၊ တရားနည်းလမ်းကျမကျ မစဉ်းစားပဲ မျက်နှာပြောင်တိုက်ပြီး ရှိသမျှအာဏာကို အသုံးချပြ လိုက်တာပါပဲ။ ဗမာမဟုတ်တဲ့ သျှမ်းတိုင်းရင်းသားခွန်ထွန်းဦးအပါအဝင် အခြားမရေမတွက်နိုင်တဲ့ တိုင်းရင်းသားခေါင်း ဆောင်တွေကို လိုသလိုပုဒ်မတွေတပ်ပြီး ထောင်ချထားတာက ဗိုလ်သန်းရွှေတို့စစ်အုပ်စုအနေနဲ့ လုံးဝသက်ညှာစရာ၊ မျက်နှာထောက်ထားစရာ မရှိဘူးဆိုတာ အထက်က ဝ ခေါင်းဆောင်ပြောခဲ့သလိုပါပဲ၊ လက်နက်မဲ့ဆန့်ကျင်နေသူတွေကို ထောင် ဒဏ်နှစ်ရှည်ချမယ်၊ လက်နက်ကိုင်ပြီး စစ်အစိုးရအလိုကျ မလိုက်နာတဲ့သူတွေကို ဖမ်းဆီးသုတ်သင်မယ် ဆိုတာကိုလည်း တိုင်းရင်းသားတွေ သိနားလည်ထားကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အပေါ် အမှုဆင်ဖမ်းဆီးတဲ့ကိစ္စ ကဏ္ဍတစ်ရပ်အနေနဲ့ နအဖတို့အဖို့ အောင်မြင်ပြီးဆုံးသွားပြီလို့ ဆိုရမှာပါ၊ ဒီကိစ္စတစ်ပိုင်းပြီးသွားတော့ အခုတဖန် စစ်အုပ်စုတို့က နယ်ခြားမစောင့်ကြတဲ့ အပစ်ရပ်အဖွဲ့အစည်းတွေဆီ မျှားဦးလှည့်လာနေတာကို ထင်ရှားစွာ မြင်တွေ့နေရပါပြီ။ လက်ရှိ နအဖနဲ့ ဖုန်ကြားရှင်းတို့ဖြစ်ရပ်က သက်သေတစ်ရပ်လို ပြသလိုက်တာပါပဲ။ အပစ်ရပ်အဖွဲ့အစည်းတိုင်းက မည်သို့သောပုဂ္ဂိုလ်မျိုးကိုမဆို နအဖအနေနဲ့ အချိန်မရွေးဝရမ်း ထုတ်ပြီး ဖမ်းဆီးနိုင်တယ်ဆိုတာ အခုရက်ပိုင်းတွေမှာ ဖြစ်ပေါ်ခဲ့တဲ့ ကိုးကန့်အဖွဲ့၊ ရှမ်းပြည်အရှေ့ပိုင်း အထူးဒေသ(၁) ဥက္ကဌဖုန်ကြားရှင်းတို့ ဖြစ်ရပ်တွေမှာ တွေ့ရှိနိုင်ပါတယ်။
နအဖစစ်အာဏာရှင်တွေ အလောတကြီးစီမံနေတဲ့ နယ်ခြားတပ်ဖွဲ့အသွင်ပြောင်းလဲရေးကို လက်မခံတဲ့ ကိုးကန့်အဖွဲ့ ဥက္ကဌဖုန်ကြားရှင်း၊ ဖုန်ကြားဖူးနှင့် ဖုန်ကြားရှင်းရဲ့သားနှစ်ဦးတို့ကို လားရှိုးရဲစခန်းက ဖမ်းဝရန်းထုတ်ပြီး ဆင့်ခေါ်ခဲ့ပါ တယ်။ သွားရောက်ခြင်းမရှိခဲ့လို့ ဒီသြဂုတ်လ၂၃ ရက်နေ့မှာ မြန်မာတပ်နဲ့ ရဲတွေက ဦးဖုန်ကြားရှင်းနေအိမ်ကို ဒုတိယ အကြိမ်ထပ်မံဝိုင်းရံခဲ့ပါတယ်။ မူးယစ်ဆေးဝါးကိစ္စကို အကြောင်းပြပါတယ်။ နောက်ဆုံး ကိုးကန့်ပါတီနှစ်ခြမ်း ကွဲသွားတဲ့ အထိ စစ်အစိုးရက ဖန်တီးခဲ့ပြီး ဖုန်ကြားရှင်းနောက် အများစုပါဝင်တဲ့တပ်ဖွဲ့နဲ့ စစ်အစိုးရတို့ တိုက်ပွဲများဖြစ်ပွားလာကာ ဒေသခံတစ်သောင်းကျော် တရုပ်နိုင်ငံအတွင်း ဒုက္ခသည်အဖြစ်ပြေးဝင် ခိုလှုံနေကြရပါပြီ။
နအဖရေးဆွဲထားတဲ့ လမ်းပြမြေပုံအတိုင်း ၂၀၁၀ ရွေးကောက်ပွဲ အချိန်မီကျင်းပနိုင်ဖို့ဟာ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ နည်းဥပဒေတွေကို ပြည်သူအများနဲ့ ပါတီအဖွဲ့အစည်းအသီးသီးတို့ကို ချပြဖို့အချိန်ကာလ ရောက်ရှိနေပါပြီ။ နအဖအဖို့ တစ်ဆို့နေတဲ့အချက်နှစ်ရပ်အနက် ပထမအချက်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကိစ္စကို ကိုင်တွယ်လို့ပြီးဆုံးသွားပြီလို့ ဆိုရပါမယ်။ နောက်ကျန်တဲ့ အချက်တစ်ချက်က အပစ်ရပ်အဖွဲ့တွေကို နယ်ခြားစောင့်တပ်ဖွဲ့ပြောင်းလဲနိုင်ဖို့ပါ။ အပစ်ရပ် အဖွဲ့အားလုံး နယ်ခြားတပ်ဖွဲ့အသွင် မပြောင်းလဲမချင်း ရွေးကောက်ပွဲကို နအဖအနေနဲ့ ကျင်းပလိုစိတ် ရှိဟန်မပေါ်ပါဘူး။ ဒါကြောင့် နယ်ခြားတပ်ဖွဲ့အသွင်ပြောင်းလဲနိုင်ရေးကို တာဝန်ယူနေရတဲ့ စရဖအကြီးအကဲဒုဗိုလ်ချုပ်ကြီးရဲမြင့် အပူတပြင်း လိုက်လံဆောင်ရွက်နေရတာကို သတင်းတွေကတဆင့် ကြားသိနေရပါတယ်။

စရဖအကြီးအကဲ ဗိုလ်ချုပ်ရဲမြင့်ဟာ သက်ဆိုင်တဲ့ဒေသအသီးသီးကို သွားရောက်ပြီး အပစ်ရပ်ပုဂ္ဂိုလ်တွေကို လိုအပ်လျှင် အချိန်မရွေးဖမ်းဆီးနိုင်ရေးအတွက် စစ်တိုင်းများအလိုက် မြန်မာစစ်ဗျူဟာမှူးတွေကအစ ရဲ၊ ထောက်လှန်းရေးတို့ကို အမှုဆင်ကိုင်တွယ်နည်းတွေ လိုက်လံသင်ကြား၊ ပို့ချပေးနေတယ်လို့ ကြားသိရပါတယ်။ အရှေ့တောင်တိုင်းစစ်ဌာချုပ် မှာလည်း အပစ်ရပ်အဖွဲ့တွေအပေါ် ဘယ်လိုကိုင်တွယ် ဆက်ဆံသွားရမလဲဆိုတာ မကြာခင်ရက်ပိုင်းတွေမှာ လာရောက် ချပြခဲ့ပြီးဖြစ်တယ်လို့လည်း မွန်ဒေသစစ်ရေးစောင့်ကြည့်လေ့လာနေသူများက ဆိုပါတယ်။
မူးယစ်ဆေးဝါးနှိမ်နင်းရေးကို ဗျူဟာတစ်ရပ်လိုကိုင်တွယ်အသုံးချပြီး ကမ္ဘာကထောက်ခံအားပေးမှု ရလာအောင်နဲ့ တစ်ဖက်မှာလည်း နအဖအလိုကျ မလုပ်ဆောင်တဲ့ အပစ်ရပ်ပုဂ္ဂိုလ်တွေကို မူးယစ်ဆေးဝါးအမှု(သို့မဟုတ်) အခြားအမှု အမည်တစ်မျိုးမျိုးတပ်ပြီး ဘယ်လိုနည်းတွေနဲ့ ဖမ်းဆီးအရေးယူနိုင်အောင် ထောက်လှန်းရေးသူလျှို ကလိန်ကကျစ်နည်း တွေကိုအသုံးချ ၊ အဖွဲ့အစည်းတွေအတွင်း သပ်လျှိုဖြိုခွဲလို့ရအောင် ကြံဆောင်နေကြပါတယ်။
စစ်အစိုးရဟာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို ဟန်ပြလုပ်ပြီး ငြိမ်းချမ်းရေးအဖွဲ့များကို စစ်ရေးအရ ခြိမ်းခြောက်လာနေ တယ်လို့ သြဂုတ်လ ၂၁ ရက်နေ့ထုတ် မြန်မာပြည် ငြိမ်းချမ်းရေး ဒီမိုကရက်တစ်တပ်ဦး Peace and Democracy Front ရဲ့ကြေညာချက်မှာဖော်ပြပါရှိခဲ့ပါတယ်။ မြန်မာပြည် ငြိမ်းချမ်းရေး ဒီမိုကရက်တစ်တပ်ဦးဟာ စစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး ရယူထားကြတဲ့ ဝ ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSA၊ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် NDAA ကိုးကန့်အဖွဲ့၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် MNDAA နဲ့ ဒီမိုကရေစီသစ် တပ်မတော် (ကချင်) - NDAK တို့က ပူးပေါင်းပြီး မဟာမိတ်ဖွဲ့စည်းထားခဲ့ကြပါတယ်။
ထို့အတူ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးအဆိုကို လက်မခံကြတဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ၊ ဝ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်၊ ဖုန်ကြားရှင်း ကိုးကန့်အဖွဲ့၊ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်တို့ ကလည်း စစ်ရေးအရ သီးခြား မဟာမိတ်ပြုထားပြန်ပါတယ်။ မြန်မာစစ်အစိုးရတပ်ဖွဲ့နဲ့ ဖုန်ကြားရှင်းကိုးကန့်အဖွဲ့တို့ဟာ အပစ်အခတ်ရပ်စဲမှု ပျက်ပျယ်သွားတဲ့ အနေအထားကို ရောက်ရှိသွားပါပြီ။ မြန်မာစစ်အစိုးရနဲ့ ဖုန်ကြားရှင်း ကိုးကန့် အဖွဲ့တွေအကြား အခုဖြစ်ပေါ်နေတဲ့ စစ်ရေးတင်းမာမှုများဟာ ဆွေမျိုးပေါက်ဖေါ်တရုပ်ရဲ့ထိမ်းညှိပေးနိုင်မှုအပေါ်မှာ အများကြီး ဆက်လက်တည်မှီနေပါတယ်။

ဆိုတော့ မြန်မာပြည်မြောက်ပိုင်းမှာ အခုလိုအခြေအနေတွေ ရှုပ်ထွေးနေစဉ် မြန်မာပြည်တောင်ပိုင်းမှာလည်း နယ်ခြား တပ်ဖွဲ့အသွင်ပြောင်းလဲရေးကို လက်မခံတဲ့ တစ်ခုတည်းသော အပစ်ရပ်အဖွဲ့အစည်းက မွန်ပြည်သစ်ပါတီပါ။ မွန်ပြည် သစ်ပါတီဟာ မူးယစ်ဆေးဝါးကိစ္စနဲ့ပတ်သက်ပြီး ကင်းစင်မှုရှိတယ်လို့ ဆိုကြပါတယ်။ နယ်စပ်ဒေသမူးယစ် ဆေးဝါးတား ဆီးထိမ်းချုပ်ရေးနဲ့ပတ်သက်ပြီး ထိုင်းတို့နဲ့လက်တွဲဆောင်ရွက်ရာမှာ ထောက်ခံမှုရရှိနေတယ်လို့လည်း ကြားသိခဲ့ပါ တယ်။ ဒီတော့ နအဖအပေါ်သဘောထား တင်းမာဖွယ်ရှိတဲ့ခေါင်းဆောင်တွေကို မူးယစ်ဆေးဝါးပုဒ်မတပ်ပြီး အရေးယူ လာဖို့က လက်တွေ့မှာသဘာဝမကျလှပါ။

ဒီတော့ နအဖအပေါ် နိုင်ငံရေးအရ နအဖခင်းကျင်းတဲ့အတိုင်း လိုက်လျှောမှုမပေးနိုင်တဲ့သူတွေကို ဘယ်ပုဒ်မတွေနဲ့ အရေးယူရပါမလဲ။ ဒါမှမဟုတ်ရင်လည်း သဘောထားအလယ်အလတ်ရှိသူတွေကို နအဖက ခါးပိုက်ဆောင်လုပ်ပြီး ကိုးကန့်တပ်တွေလို ပါတီနှစ်ခြမ်းကွဲစေဖို့ ဖန်တီးလာနိုင်ပါ့မလား။ လွန်ခဲ့တဲ့နှစ်တွေကတည်းမှာ မွန်အမျိုးသားလွတ် မြောက်ရေးတပ်မတော် MNLA က အနားယူသွားခဲ့တဲ့ ဗိုလ်ချုပ်ဟောင်းတစ်ဦးကို နအဖတို့ ကောက်ယူမွေးထားခဲ့ပါ သေးတယ်။ နအဖမျှော်မှန်းနေတာက အခြေအနေအမျိုးကြောင့် အနားယူသွားခဲ့ကြတဲ့ မွန်ပြည်သစ်ပါတီဝင်ဟောင်း တွေနဲ့ တပ်ဖွဲ့တစ်ခုတည်ထောင်နိုင်ဖို့ပါ။ ဒါပေမဲ့ နအဖမျှော်မှန်းသလို ဖြစ်မလာသေး။ နောက်လိုက်အင်အားက ၁၀ ယောက် ထက်မပိုလာ၊ ပိုလာပြန်ယင်လည်း ဒီအဖွဲ့ကနေ နောက်ထပ်ခွဲထွက်အဖွဲတွေ ထပ်မံပေါ်ပေါက်လာပြန်တယ်။ ဒီလိုထပ်ကွဲလာတဲ့ အဖွဲ့ငယ်တွေကိုလည်း နအဖကဆက်ပြီး အသုံးချနေတာကို တွေ့နေရပါတယ်။

နအဖအနေနဲ့ မွန်ပြည်သစ်ပါတီအပေါ် ဆန့်ကျင်အားပြိုင်လာတဲ့ မည်သည့်အုပ်စု၊ ပုဂ္ဂိုလ်ကိုမဆို သူတို့ရပ်တည်လှုပ်ရှား နိုင်ရေးအတွက် အမျိုးမျိုးသောအားပေး ထောက်ပံ့မှုတွေလုပ်လာနေတာ တွေ့ရှိနေရပါတယ်။ လက်ရှိအနေအထားမှာ စရဖရဲ့ ကြိုးကိုင်မှုနဲ့ မွန်ပြည်သစ်ပါတီဝင်တွေကို လုပ်ကြံနိုင်မဲ့ အသက်အန္တရာယ်ပေးလာနိုင်တဲ့ အဖွဲ့တွေလည်း ရှိနေ ပါပြီ။ မွန်ပြည်သစ်ကပါတီက အလတ်တန်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ နိုင်မင်းနောင်ကို မော်လမြိုင်မြို့အနီးမှာလုပ်ကြံ ခဲ့မှု၊ အခြား သောပါတီဝင်တွေကိုလည်း မအောင်မြင်တဲ့ နောက်ထပ်လုပ်ကြံမှုတွေ တစ်ကြိမ်ထက်မနည်း ဖြစ်ပေါ်လာခဲ့ တာကိုလည်း ကြားသိခဲ့ရပါတယ်။ စစ်အစိုးရထောက်လှန်းရေးတွေနဲ့ ဒီအဖွဲ့ဝင်တွေ အတူတကွနေထိုင်လှုပ်ရှားနေကြ ပါတယ်။ မွန်ပြည်သစ်ပါတီဝင်တွေဟာ မြို့ပေါ်မှာသော်၎င်း၊ နေအိမ်တွေမှာ၎င်း ယခင်ကလို မိမိတစ်ဦးတည်း လွတ်လွတ်လပ်လပ် မသွားလာရဲကြတော့ဘူးလို့ မွန်ပြည်သစ်အရာရှိတွေ ပြောဆိုနေကြပါတယ်။

ဒီလအတောအတွင်းမှာ နအဖရဲ့လက်အောက်ခံ ရယကတွေထံပေးပို့တဲ့ ညွှန်ကြားစာတစ်စောင်မှာ သတင်းတစ်ရပ် ပေါက်ကြားခဲ့ပါတယ်။ ဒီသတင်းမှာ ထိုင်းနယ်စပ်တစ်နေရာရှိ မြန်မာနိုင်ငံ ဒီမိုကရေစီပန်းတိုင်လှုပ်ရှားမှုအဖွဲ့တွင် DAB အတွင်းရေးမှူး Dr ကျော်ညွန့်၊ KNU မှ စောသမိန်ထွန်း၊ ABSDF ခေါင်းဆောင်များနဲ့ NMSP အတွင်းရေးမှူး နိုင်ဟံသာ တို့ဟာ အကြမ်းဖက်အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းထားတယ်လို့ဖေါ်ပြထားပါတယ်။ အဲစာပါအကြောင်းအရာအရ ဒီအဖွဲ့အစည်းဟာ သြဂုတ်လ ၆ ရက်နေ့မှစတင်ကာ ၈ လေးလုံးနှစ်ပတ်လည်နေ့ ကာလအတွင်း တစ်ပြည်လုံး လူထုအုံကြွမှုဖြစ်ပေါ်စေရန် မြန်မာနိုင်ငံအတွင်းသို့ ဦးဆောင်လှုပ်ရှားသူ ၆၀ ယောက်ကို ဖောက်ခွဲရေးပစ္စည်းများနဲ့အတူ စေလွှတ်ထားခဲ့တယ်ဆိုပြီး နအဖလုပ်ကြံစွပ်စွဲခဲ့တယ်လို့ မွန်ပြည်သစ်ပါတီက မွန်သတင်းဌာနတွေကို ရှင်းပြခဲ့ပါတယ်။

ဆိုလိုချက်က အပစ်ရပ်မွန်ပြည်သစ်ပါတီအတွင်းရေးမှူးကို နအဖတို့သတ်မှတ်ထားတဲ့ အကြမ်းဖက်အဖွဲ့တွေမှာ အတူ ပါဝင်လှုပ်ရှားနေတယ်လို့ သူတစ်ဦးတည်းကို နာမည်နဲ့တကွ ထည့်သွင်းဖေါ်ပြထားတာဟာ နိုင်ဟံသာအပေါ် ပါတီဝင် တွေ၊ အချို့ခေါင်းဆောင်တွေ သူ့အပေါ် အထင်အမြင်လွဲမှားလာကြအောင် နအဖက တိတ်တဆိတ် စီစဉ်ဆောင်ရွက်လာ နေပြီဆိုတာ သံသယပွားစရာ မလိုတော့ပါ။ နိုင်ဟံသာကလည်းသူ့အပေါ်ဒီလိုစွပ်စွဲတဲ့ သတင်းမဟုတ်မမှန်ကြောင်းကို မီဒီယာတွေကတဆင့် ရှင်းပြခဲ့ပြီးပါပြီ။

နအဖရဲ့ရည်ရွယ်ချက်ကတော့ နယ်ခြားစောင်တဲ့မွန်ပြည်သစ်နဲ့ နယ်ခြားမစောင့်တဲ့ မွန်ပြည်သစ်လိုအဖွဲ့အစည်းမျိုး ဖြစ်ပေါ်လာစေပြီး မွန်အချင်းချင်း တိုက်ခိုက်သတ်ဖြတ်စေတဲ့ ပုံစံမျိုးပါ။ ဒါကတော့ လက်တွေ့မှာ နအဖအဖို့အောင်မြင် နေတဲ့ ကရင်အမျိုးသားတွေအချင်းချင်း တိုက်ခတ်သတ်ဖြတ်စေကြတဲ့ နအဖရဲ့တိုင်းရင်းသား စည်းလုံးညီညွတ်ရေး တွေက သက်သေတစ်ရပ်ပါပဲ။ ကရင်အမျိုးသားအချင်းချင်းပဲ တိုက်ခိုက်နေကြတယ်။ မြန်မာတပ်ဖွဲ့တွေ ပါဝင်ပတ်သက် ခဲ့ခြင်းမရှိဘူးလို့ မြန်မာကိုရော ကမ္ဘာကိုပါဆက်ပြီးလိမ်ညာနေဦးမှာပါပဲ။

ဒါကြောင့် နအဖအနေနဲ့ သူတို့ရဲ့ ၂၀၁၀ ရွေးကောက်ပွဲဖြစ်မြောက်နိုင်ရေးအတွက် အဟန့်အတားတွေလိုဖြစ်နေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချခဲ့ပြီးပြီ။ ဒီတော့ နောက်ထပ်ပိတ်ဆို့မှုတွေလုပ်နေတဲ့ နယ်ခြားမစောင့်တဲ့ အပစ်ရပ် အဖွဲ့တွေဖက်ဆီ မျှားဦးလှည့်လာနေပြီလို့ စေတနာများဖြင့် အသိပေးလိုက်ပါရစေ။

ုkaowao သတင်းမှ

No comments:

Post a Comment