ondragstart="return false" onselectstart="return false"

Monday, August 24, 2009

ချစ်သမီးငယ် အပိုင်း(၃)

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)
မိတ်ဆွေများအတွက် စာလက်ဆောင်ကဏ္ဍမှာ ကွယ်လွန်လေသူ ကေအဲန်ယူ ခေါင်းဆောင် ဖဒိုမန်းရှာရဲ့ သမီးဖြစ်သူ ဇိုရာဖန်း ရေးသားတဲ့ ချစ်သမီးငယ် စာအုပ်အကြောင်း တင်ပြနေပါတယ်။ အခုတပတ်မှာတော့ ဇိုရာဖန်းရဲ့ ငယ်စဉ်ဘဝ အကြောင်းနဲ့ ပြည်တွင်းစစ်မီး၊ ပဋိပက္ခတွေက သူ့ကလေး ဘဝ အပေါ် လာရောက် ရိုက်ခတ်ရပုံကို အကြောင်းတွေကို တင်ပြထားပါတယ်။

သောတရှင်မိတ်ဆွေများခင်ဗျား။

အခု ချစ်သမီးငယ် ဆိုတဲ့ စာအုပ်ကို ရေးသားသူ ဇိုရာဖန်းက သူ့ငယ်စဉ် ကလေးဘဝ ပျော်ရွှင်ဖွယ် ဆော့ကစား ခဲ့ရပုံ တွေကိုလည်း အသေးစိတ် ဖော်ပြခဲ့ပါတယ်။ တကယ်တော့ ဇိုရာဖန်းကြီးပြင်းခဲ့ရတဲ့ တောရွာမှာ လျှပ်စစ်မီး မရှိသလို အခု ကလေးတွေလို ကြည့်စရာ ရုပ်မြင်သံကြား၊ ကွန်ပြူတာဂိမ်း ဆိုတာမျိုးတွေလည်း မရှိပါဘူး။ အဲသည်တော့ သူနဲ့ သူ့ သူငယ်ချင်းတွေက ဂုံညင်းဒိုးတွေ တန်းစီလို့ပစ် ကစား တာမျိုး ရှိသလို၊ ရွှံ့မြေစေးတွေနဲ့ လောက်စာလုံး လုံးတန်းကစား ကြတာမျိုး၊ နွားချေးပိုးလို ဝါးပိုးကောင်တွေ ဖမ်းပြီး တိုက်ခိုင်းကြတာမျိုးတွေ ကြံဖန် ဆော့ကစားကြပါတယ်။ အဲဒါသာမက သူတို့အိမ်အနီးက သောင်ရင်း မြစ်ထဲ ရေကူးကြတာ၊ ဒိုင်ဗင်ထိုး ကြတာလည်း ရှိပါတယ်။ အဲဒီနောက်ပိုင်းကာလမှာတော့ သူတို့အဖေ ဖဒို မန်းရှာက မာနယ်ပလောဌာနချုပ်မှာ တာဝန်ပြန်ထမ်းဆောင်ရပြီဖြစ်ပြီး၊ သူတို့ရဲ့ နောက်ထပ် အိမ်ကလေး ကိုလည်း သောင်ရင်းမြစ်ကမ်းဘေး တနေရာမှာ ပြန်လို့တည်ဆောက်ထားတဲ့ အချိန်ပါ။

ဒါပေမယ့် သူတို့ကလေးဘဝမှာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်အရိပ်မဲကြီးက ထိုးနေတဲ့ အခြေအနေကိုလည်း သူက ချွင်းချန် မထားဘဲ ထည့်သွင်းဖော်ပြခဲ့ပါသေးတယ်။ သူတို့နေထိုင်တဲ့ မာနယ်ပလောရဲ့တောင်ဘက်၊ ဒါပေမယ့် သောင်ရင်းမြစ် ညာဖက်မှာရှိတဲ့ မယ်သဝေါစခန်းမှာ ထိုးစစ်တွေ၊ တိုက်ပွဲတွေက ပြင်းပြင်ထန်ထန် ဖြစ်နေခဲ့ ပါတယ်။ လက်နက်ကြီးသံ၊ တိုက်ပွဲက သေနတ်သံတွေ မကြားရပေမယ့် တိုက်ပွဲတွေဖြစ်နေတာကို သူတို့သိနေခဲ့ ရပါတယ်။ တရက်မှာ သူတို့အိမ် အနီးက သောင်ရင်းမြစ်ထဲမှာ လူသေ အလောင်းတလောင်းလာတင်နေတဲ့ အကြောင်းလည်း ဖော်ပြခဲ့ပါသေးတယ်။ သူ့အစ်ကို ဆေးဆေးနဲ့ သူတို့အဖေက အလောင်းကို မြစ်ထဲပြန်မျှော ချလိုက်ပါသေးတယ်။ အလောင်းရဲ့ ကျောပြင်မှာ အင်မတန် အရုပ်ဆိုးအကျည်းတန်တဲ့ ဒဏ်ရာ အနာတွေကို လည်း သူတို့မောင်နှစ်မတွေ မြင်လိုက်ကြရပါတယ်။ ဘယ်လို အကြောင်းကြောင့် ဒီလို အဲဒီသူ သေဆုံးရတာ လည်းလို့ အဖေကို သူမေးမိပါတယ်။ သူ့အဖေက မြစ်ရဲ့အထက်ဖက်မှာ စစ်ပွဲတွေ ဖြစ်နေတဲ့အကြောင်း၊ အဲဒီ မှာ မြန်မာစစ်တပ်တွေက အရပ်သားတွေကို ပေါ်တာအဖြစ် အတင်းအဓမ္မ ဆွဲခေါ် လာတတ်တဲ့အကြောင်း၊ အဲဒီ ပေါ်တာတွေကို ရိုက်နှက်ည‡ဉ်းပန်းတာ၊ သတ်ဖြတ်တာတွေတောင် ရှိကြောင်း ကြားခဲ့ရ ပါတယ်။ အခု သေသူရဲ့ ကျောပေါ်က ဒဏ်ရာတွေကလည်း စစ်တပ်အတွက်ပစ္စည်းတွေကို ပေါ်တာထမ်းရလို့ ဖြစ်နေတဲ့ ဒဏ်ရာတွေ ထင်တယ်လို့ သူတို့အဖေက ပြန်ဖြေခဲ့ပါတယ်။

သူတို့အိမ်က မြစ်ဆိပ်မှာ ဖြစ်နေတော့ တိုက်ပွဲက ပြန်လာတဲ့ ဒဏ်ရာရသူတွေကိုလည်း မြင်ရပါတယ်။ နောက်ပြီး စစ်ပွဲ တွေက ခြောက်သွေ့ရာသီမှာ ဖြစ်တတ်ပြီး၊ မိုးတွင်းလို စစ်ငြိမ်တဲ့ကာလမှာ ကရင်တပ်တွေ မြစ်ကမ်းဘေး သဲခုံထဲမှာ စစ်ရေး လေ့ကျင့်ခန်း၊ သင်တန်းလုပ်ကြပုံတွေ မြင်ရတာကိုလည်း သူက ရေးသားဖော်ပြခဲ့ပါသေး တယ်။ အဲဒါတင်မက သူ့ သူငယ်ချင်းတွေရဲ့ အဖေဖြစ်သူတွေ တိုက်ပွဲထဲကျဆုံးရတာ၊ အဖေတွေ ဆုံးရှုံးသွားတာ ကြုံရပုံတွေကိုလည်း စစ်ရဲ့ အနိဌာရုံ တွေအဖြစ် ဖော်ပြခဲ့ပါတယ်။

ဇိုရာဖန်းတို့က ကလေးဘဝ ဖြစ်နေပေမယ့် စစ်ပွဲကြီး ဖြစ်တာကို သိနေကြပါတယ်။ မယ်သဝေါစခန်း (နဝတ) စစ် အစိုးရ တပ်တွေလက်ထဲ ကျသွားတာကို သူတို့ကြားကြရပါတယ်။ မယ်သဝေါက တပ်တွေလည်း သူတို့ မာနယ်ပလောဘက်ကို ပြန်ဆုတ်လာကြပါတယ်။ ဘာပဲဖြစ်ဖြစ် စစ်ပွဲတခုကနေ အနားရတယ်ဆိုပြီး သူတို့ စိတ် ဖြေကြပါတယ်။ ဒါပေမယ့်လည်း စစ်ပွဲရဲ့အန္တရာယ်က သူတို့နဲ့ ပိုနီးလာတယ်ဆိုတာ သူတို့သိနေကြပါတယ်။ ကျောင်းစာသင်ခန်းတွေမှာ ဆရာ၊ ဆရာမတွေ၊ ကလေးတွေက ဘာမှမဖြစ်သလို ဟန်ဆောင်နေကြပေမယ့် စစ်ပွဲရဲ့ အရိပ်မဲကြီး ထိုးနေတာကို သူတို့ခံစားနေရပါတယ်။ သူ့အဖေ၊ အမေကတော့ အခုစစ်ပွဲဟာ ဝေးသေး တယ်၊ သူတို့အတွက် အန္တရာယ်မဖြစ်နိုင်ဘူးဆိုတာ ပြောဆိုနှစ်သိမ့် ကြပါတယ်။ ဇိုရာဖန်းနဲ့ သူ့အမကတော့ ကျောင်းမှာစာတော်လို့ ကရင်ပညာရေးဌာနက ချီးမြှင့်တဲ့ ပညာသင်ဆုတွေ ဘာတွေလည်း ရပါတယ်။ သိပ်များ များစားစားတော့ မဟုတ်ပါဘူး။ သူတို့ကရင်ကျောင်းကနေပြီး ကနေဒါမှာ တက္ကသိုလ် ဆက်တက်ခွင့်ရတဲ့ သူတဦးအကြောင်းကြားရတော့ သူတို့လည်း တချိန်မှာ နိုင်ငံခြားတက္ကသိုလ်မှာ တက်ရအောင် ကြိုးစားဖို့လည်း စိတ်ဆုံးဖြတ်ထားကြပါတယ်။ ကရင့်ခေါင်းဆောင် စောဘဦးကြီးက အင်္ဂလန်ကနေ ဘွဲ့ရလာခဲ့တယ် ဆိုတာ ကြားဖူးတော့ တကယ်လို့ အခွင့်အရေးသာရရင် အင်္ဂလန်မှာပဲ စာသင်မယ်လို့လည်း သူတို့ စိတ်ကူးယဉ်ထား တာတွေ ရှိခဲ့ပါတယ်။

၁၉၈၈ ခုနှစ် လူထုအရေးတော်ပုံကြီး ဖြစ်လာတော့ ဇိုရာဖန်းက အသက် (၉) နှစ် လောက်ပဲ ရှိပါလိမ့်မယ်။ သူ (၃) တန်းမှာ ဆုရတော့ သူ့အဖေက ဝတ်စုံအသစ်ကလေးဝယ်ပေးပြီး ဆုချတာကို သူက ဖော်ပြခဲ့ပါတယ်။ သူ သတိထားမိတာက သူ့အဖေကတရက်မှာ အိမ်ကို ဗမာကျောင်းသား ၅ ယောက်လောက် ခေါ်လာပြီး ခဏ ဧည့်သည် အဖြစ် နေကြပါတယ်။ သူတို့ပြောပြတဲ့ ၈-လေးလုံးကာလအတွင်း ဖြစ်ပျက်ပုံဇာတ်လမ်းတွေ၊ စစ် အစိုးရက ရက်ရက်စက်စက် ပစ်ခတ်ချေမှုန်းတာ တွေကို ကြားရပါတယ်။ ကြားရတယ်ဆိုတဲ့နေရာမှာ သူတို့ကို အဖေ၊ အမေတွေက ကရင်လို ဘာသာပြန်ပြောပြပေးကြတာ ဖြစ်ပါတယ်။ ကလေးဘာဝ ဘာတွေဖြစ်ပျက်နေ တယ်ဆိုတာကိုတော့ သူ အကုန်နားမလည်ပါဘူး။ နောက်ပိုင်းမှာတော့ မာနယ်ပလောက ဒီမိုကရေစီအင်အား စုတွေရဲ့ ဌာနချုပ်လို ဖြစ်လာပါတယ်။ ကျောင်းသားအုပ်စုတွေ တဖွဲဖွဲရောက်လာပြီး အေဘီအက်ဒီအက်ဖ် ကျောင်းသားတပ်မတော် ဖွဲ့ကြပါတယ်။ နောက်တော့ ရွေးကောက်ပွဲနိုင်ထားတဲ့ လွှတ်တော်အမတ် တွေ ရောက်လာပြီး စင်ပြိုင် အမျိုးသားညွန့်ပေါင်းအစိုးရ ဖွဲ့ကြပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ သူတို့ရဲ့ငြိမ်သက်နေတဲ့ မာနယ်ပလောရွာကလေးက လှုပ်လှုပ်ရှားရှားဖြစ်လာသလို၊ မြန်မာစစ်အစိုးရကလည်း ပိုလို့ အာရုံထား စစ်ဆင်ဖို့ အကြောင်း ဖြစ်လာပါတယ်။ ခြောက်သွေ့ရာသီတွေမှာဆိုရင် ထိုးစစ်ကြီးတွေ ဖြစ်လာတာကိုလည်း သူတို့ ကြုံကြရပြန်ပါ တယ်။ မြန်မာကျောင်းသားတွေ ရောက်လာပြီးတဲ့နောက်ပိုင်းမှာ ဖဒိုမန်းရှာက အရင်က တက္ကသိုလ်ကျောင်းသား လှုပ်ရှား ခဲ့ဖူးသူလည်းဖြစ်၊ မြို့ပြမှာ ကြီးပြင်းခဲ့ပြီး နိုင်ငံတခုလုံး ကိစ္စအရေးတွေကို ကျွမ်းကျင်နှံ့စပ်သူလည်း ဖြစ်တာကြောင့် ကေအဲန်ယူ အဖွဲ့ဥက္ကဌ ဗိုလ်ချုပ်မြရဲ့ အကြံပေးအဖြစ်တာဝန်ပေးခံရ ပါတယ်။ ဇိုရာဖန်းကတော့ အခြားကိစ္စတွေ သိပ်မသိဘဲ သူတို့အဖေ ရှေ့တန်းကိုသိပ်မသွားရတော့ဘဲ နောက် တန်းမှာ မိသားစုနဲ့ ပိုလို့ကြာကြာ အချိန်ပေးနိုင်တာကြောင့် ဝမ်းသာ နေရပါတယ်။

သိပ်မကြာပါဘူး။ မာနယ်ပလောဒေသကို ထိုးစစ်ကြီးတွေ ဆင်လာပါတော့တယ်။ ရှေ့တန်းက လက်နက်ကြီးသံ တွေကို လည်း ကြားရပါတယ်။ သူတို့ကျောင်းတွေလည်း မကြာခဏဆိုသလို လုံခြုံရေးကြောင့် ပိတ်တာတွေကြုံ ရသလို၊ သူ့အမ ဘွားဘွားကိုယ်တိုင်တောင် ရှေ့တန်းရဲဘော်တွေအတွက် လုပ်အားပေး ထမင်းသွားချက်ပြီး ပို့ပေးရတာတွေ သူရေးပြ ခဲ့ပါတယ်။ သူ့အစ်ကိုကြီးဆေးဆေးကတော့ စစ်ထဲဝင်ပြီး ကွန်မင်ဒိုတပ်မှာ တာဝန်ယူ တိုက်နေရပါပြီ။ သူက လိုက်ပြီး လုပ်အားပေးကူချင်ပေမယ့်လည်း ငယ်သေးတဲ့အတွက်ကြောင့် အမေက မထဲ့ပါ ဘူး။ မာနယ်ပလောကို စစ်လေယာဉ် တွေက အကြိမ်ကြိမ် ဒုံးပျံတွေနဲ့လာပစ်တဲ့အကြောင်း၊ လေယာဉ်ပေါ်က စက်သေနတ်ကြီးတွေရဲ့ ကြောက်မက်ဖွယ် အသံ တွေ၊ စစ်ပွဲက ဒဏ်ရာရလာသူ၊ ကျဆုံးသူရဲဘော်တွေက လှေ တွေနဲ့ တဖွဲဖွဲ သူတို့အိမ်အနီး မြစ်ကမ်းက ဖြတ်သွားပုံတွေကို သူက ရေးပြခဲ့ပါတယ်။ ကလေးတယောက်နဲ့ မမျှ တဲ့ ပြည်တွင်းစစ်မီးရဲ့ အတွေ့အကြုံတွေပါပဲ။

နောက်တပတ်မှာတော့ မာနယ်ပလော ကျဆုံးရပုံနဲ့ သူတို့စစ်ဘေးဒဏ်က ပြေးလွှားရပုံတွေကို ဆက်လက်ဖော် ပြပါမယ်။ အားလုံး ငြိမ်းချမ်းပျော်ရွှင်ကြပါစေ။

No comments:

Post a Comment