ondragstart="return false" onselectstart="return false"

Saturday, August 15, 2009

ဥပဒေတစ်ရပ် တည်ရှိမှုနှင့် အာနိသင်

စာဖတ်ပုရိတ်သတ် မြန်မာ့အရေးကို လေ့လာသူများခင်ဗျား အောက်ပါဆောင်းပါးသည် ၂၀၀၉ ခုနှစ်၊ သြဂုတ်လ (၁၅) ရက်နေ့ထုတ်၊ မြန်မာ့အလင်းသတင်းစာ၊ စာမျက်နှာ(၈)မှ ဆောင်းပါးရှင် ဥပဒေသမားတစ်ဦး၏ ဆောင်းပါးအား ကူးယူဖော်ပြခြင်းဖြစ်ပါသည်။ ဥပဒေရှူထောင့်မှ အသင်ဖြေရှင်းချက်ပေးလို လျှင် သောသီခို သို့ thawthikho2009@gmail.com ယင်းအီမေးဖြင့် ပေးပို့  နိုင်ပါသည်။ ဒီဆောင်းပါး ကို တုန့် ပြန်သည့်မည်သည့်စာမူကိုမဆို သောသီခိုဘလော့မှ တင်ပေးမည်ဖြစ်ပါသည်။ အားလုံးကို ဖိတ်ခေါ်ပါသည်။

Saturday, August 15, 2009

ဥပဒေတစ်ရပ် တည်ရှိမှုနှင့် အာနိသင်

ကမ္ဘာပေါ်တွင် နိုင်ငံတိုင်းသည် မိမိနိုင်ငံနှင့် လူမျိုးအတွက် လိုအပ်သော ဥပဒေများ ပြဋ္ဌာန်း၍ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည်တို့ကို ဆောင်ရွက်ကြရပေသည်။ ထိုသို့ ဆောင်ရွက်ကြရာတွင် မိမိတို့ နိုင်ငံ အတွက် ပြဋ္ဌာန်းထားသော ဥပဒေများကို လိုအပ်သလို ပြင်ဆင်ခြင်း၊ မလိုအပ်သော ဥပဒေများကို ဖျက်သိမ်းခြင်း၊ လိုအပ်သော ဥပဒေများကို ထပ်မံပြဋ္ဌာန်းခြင်းတို့ကို ပြုလုပ်ကြရပါသည်။

မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ သမိုင်းကြောင်းကို လေ့လာသုံးသပ်လျှင် ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို တိုင်းပြုပြည်ပြု လွှတ်တော်က ၂၄-၉-၁၉၄၇ ရက်နေ့တွင် အတည်ပြု ပြဋ္ဌာန်းခဲ့ပြီး ၁၉၄၈ ခုနှစ်၊ ဇန်န၀ါရီ ၄ ရက် လွတ်လပ်ရေး ရရှိသည့်နေ့မှ စတင်ကျင့်သုံးခဲ့ပါသည်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေအရ ဖွဲ့စည်း တည်ထောင်ထားသော ယန္တရား များဖြစ်သည့် ဥပဒေပြု ယန္တရား၊ အုပ်ချုပ်ရေး ယန္တရား၊ တရားစီရင်ရေး ယန္တရား အစရှိသည်တို့သည် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေနှင့် တည်ဆဲ ဥပဒေများက အပ်နှင်းသော လုပ်ပိုင်ခွင့် အာဏာများကို အသီးသီး ကျင့်သုံးဆောင်ရွက်ကြ ရပါသည်။

၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပုဒ်မ ၂၂၆၊ ပုဒ်မခွဲ (၁)တွင် ``လက်ရှိ တရားဥပဒေများသည် ဤအခြေခံ ဥပဒေနှင့် မညီမညွတ်မှု ဖြစ်သည်အထိ လည်းကောင်း၊ ဤအခြေခံ ဥပဒေနှင့် မဆန့်ကျင်လျှင် လည်းကောင်း၊ ထိုလက်ရှိ တရားဥပဒေများကို ဖြစ်စေ၊ တစ်ခုခုကို ဖြစ်စေ ဥပဒေပြုပိုင်ခွင့် ရှိသော ဥပဒေပြု အဖွဲ့ကသော်လည်းကောင်း၊ ထိုကဲ့သို့သော အာဏာပိုင်ကသော် လည်းကောင်း၊ မရုပ်သိမ်းသေးသမျှ သို့မဟုတ် မပြင်သေးသမျှ ဆက်လက်၍ အာဏာတည်စေရမည်´´ ဟူ၍ ပြဋ္ဌာန်းခဲ့ပါသည်။ ယင်းပြဋ္ဌာန်းချက်အရ အင်္ဂလိပ် အစိုးရ အုပ်ချုပ်သော ကာလက ပြဋ္ဌာန်းခဲ့သော ဥပဒေများသည် ၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေနှင့် မဆန့်ကျင်သမျှ၊ ယင်းဥပဒေများကို မရုပ်သိမ်းသမျှ ဆက်လက် အာဏာတည်စေခဲ့ပြီး လိုအပ်သလို ကျင့်သုံးဆောင်ရွက် မှုများ ရှိခဲ့ပါသည်။

၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် ကာကွယ်ရေးဦးစီးချုပ်သည် နိုင်ငံတော် တော်လှန်ရေးကောင်စီ ကြေညာချက် အမှတ် (၁)ကို ထုတ်ပြန်၍ ပြည်ထောင်စု မြန်မာနိုင်ငံ တော်လှန်ရေး ကောင်စီကို ဖွဲ့စည်းပြီး နိုင်ငံတော်၏ အာဏာ အရပ်ရပ်ကို ရယူကာ အုပ်ချုပ်မှု ပြုခဲ့ပါသည်။ ပြည်ထောင်စု မြန်မာနိုင်ငံ တော်လှန်ရေးကောင်စီသည် ကြေညာချက် အမှတ် (၁၄)ဖြင့် ``လက်ရှိ တရားဥပဒေ အားလုံးသည် ပြည်ထောင်စု မြန်မာနိုင်ငံ တော်လှန်ရေး ကောင်စီက မရုပ်သိမ်းသေးသမျှ သို့တည်းမဟုတ် မပြင်သေးသမျှ ဆက်လက်၍ အာဏာ တည်စေရမည်´´ ဟူ၍ ထုတ်ပြန် ကြေညာခဲ့ပါသည်။ ယင်းကြေညာချက်အရ ၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အပါအ၀င် လက်ရှိတည်ဆဲ ဥပဒေအားလုံးသည် မရုပ်သိမ်းသေးသမျှ သို့မဟုတ် မပြင်ဆင်သေးသမျှ ဆက်လက် အာဏာ တည်စေခဲ့ပါသည်။

၁၉၄၇ ခုနှစ် ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ၃-၁-၁၉၄၇ ခုနှစ်တွင် အတည်ပြု ပြဋ္ဌာန်းခဲ့ပါသည်။ ယင်း ဥပဒေပုဒ်မ ၂၀၂၊ ပုဒ်မခွဲ (ခ)တွင် ``ရှိရင်းစွဲ ဥပဒေများ၊ နည်းဥပဒေများသည် ပြည်သူ့လွှတ်တော်က ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်း မပြုသေးမီ ဤဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် မဆန့်ကျင်သမျှ အတည်ဖြစ်သည်´´ဟု ပါရှိသည့်အပြင် ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ရုပ်သိမ်းလိုက်ကြောင်းလည်း မပါရှိခဲ့ပါ။ သို့ဖြစ်ရာ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်သရွေ့ အတည်ဖြစ်လျက် ရှိနေခဲ့ပါသည်။

၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့တွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့က နိုင်ငံတော်၏ အာဏာ အရပ်ရပ်ကို တာဝန်ယူလိုက်ပြီးနောက် ၂၄-၉-၁၉၈၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ကြေညာချက်အမှတ် ၆/၈၈ ၌ ``နိုင်ငံတော်၏ အာဏာအရပ်ရပ်ကို နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့က တာဝန်ယူလိုက်သည့် ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့တွင် တည်ဆဲဖြစ်သော ဥပဒေအားလုံးသည် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့က ပယ်ဖျက်ခြင်း၊ ရုပ်သိမ်းခြင်း မပြုသမျှ ဆက်လက် အတည်ဖြစ်ကြောင်း ကြေညာ လိုက်သည်´´ဟူ၍ ဖော်ပြထားပါသည်။ ထိုသို့ ဖော်ပြထားသည့် အတွက် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့က ပယ်ဖျက်ခြင်း၊ ရုပ်သိမ်းခြင်း မပြုသည့် ဥပဒေ အားလုံးသည် အာဏာ တည်နေမည်သာ ဖြစ်ပါသည်။

၂၀၀၈ ခုနှစ်၊ မေလ ၂၉ ရက်နေ့တွင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကြီးဖြင့် ၂၀၀၈ ခုနှစ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြု ပြဋ္ဌာန်းလိုက်ပါသည်။ ယင်းဥပဒေပုဒ်မ ၄၄၆ တွင် ``တည်ဆဲဥပဒေများသည် ပြည်ထောင်စု လွှတ်တော်က ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်း မပြုသေးမီ ဤ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် မဆန့်ကျင်သမျှ အတည်ဖြစ်သည်´´ဟူ၍ ပြဋ္ဌာန်းထားပါသည်။ ထို့ပြင် ယင်းဖွဲ့စည်းပုံ အခြေခံဥပဒေတွင်လည်း ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရုပ်သိမ်းကြောင်း ပါဝင်ခြင်း မရှိပါ။ သို့ဖြစ်၍ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ယနေ့အချိန်တွင် ပယ်ဖျက်ခြင်း၊ ရုပ်သိမ်းခြင်း မပြုရသေး သဖြင့် ၂၀၀၈ ခုနှစ် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် မဆန့်ကျင်သမျှ အတည်ဖြစ်လျက် ရှိပါသည်။

၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၂၀၂၊ ပုဒ်မခွဲ (က)နှင့် ၂၀၀၈ ခုနှစ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၄၄၉ တို့တွင် ``ဖွဲ့စည်းပုံ အခြေခံဥပဒေသည် နိုင်ငံတော်အတွင်းရှိ ဥပဒေအားလုံး၏ အခြေခံ ဥပဒေ ဖြစ်ကြောင်း´´ ဖော်ပြပါရှိပါသည်။ နိုင်ငံတစ်နိုင်ငံ၏ အုပ်ချုပ်သူ အစိုးရသည် မိမိတို့ နိုင်ငံအတွက် ခေတ်စနစ်နှင့်အညီ လိုအပ်သော ဥပဒေများကို ပြဋ္ဌာန်းပြီး တည်ဆဲ ဥပဒေများအနက် အချို့သော ဥပဒေများသည် ပြောင်းလဲလာသည့် အခြေအနေနှင့် ဆီလျော်မှု မရှိသောအခါ မလိုအပ်သော ဥပဒေများကို ပယ်ဖျက်ခြင်း၊ ရုပ်သိမ်းခြင်းပြုသည်များ ရှိသကဲ့သို့ လိုအပ်သလို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ အစားထိုးခြင်း များကိုလည်း ပြုလုပ်ကြရပါသည်။

ဥပဒေများ၏ သဘောသဘာဝအရ ပြဋ္ဌာန်းထားသော တည်ဆဲဥပဒေတစ်ရပ်ကို ပယ်ဖျက်ခြင်း၊ ရုပ်သိမ်းခြင်း မပြုသရွေ့ ယင်း ဥပဒေသည် အတည်ဖြစ်လျက် ရှိသည်ဟု မှတ်ယူရပါမည်။

သို့ပါ၍ ၁၉၄၇ ခုနှစ် ပြည်ထောင်စုဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ယနေ့အချိန်တွင် ပယ်ဖျက်ခြင်း၊ ရုပ်သိမ်းခြင်း မပြုရသေးသဖြင့် ၂၀၀၈ ခုနှစ် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မဆန့်ကျင်သမျှ အတည်ဖြစ်လျက်ရှိကြောင်း တင်ပြလိုက် ရပါသည်။

ဥပဒေသမားတစ်ဦး

No comments:

Post a Comment