ondragstart="return false" onselectstart="return false"

Wednesday, November 4, 2009

သတိထားရမယ့် အမေရိကန်-မြန်မာဆက်ဆံရေး

ဆောင်းပါးရှင် - ဗိုလ်ထက်မင်း

မြန်မာနိုင်ငံကို အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာ့တ်ကမ်ဘဲလ် (Kurt Campbell) နဲ့ ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး စကော့မာစီယယ်လ် (Scot Marciel) တို့ ကိုယ်စားလှယ်အဖွဲ့ ရောက်ရှိ နေကြပြီ ဖြစ်ပါတယ်။ အဲဒီကိုယ်စားလှယ် အဖွဲ့အနေနဲ့ လာရောက်တွေ့ဆုံဆွေးနွေးတဲ့ ခရီးစဉ်အတွင်းမှာ လေ့လာသုံးသပ်ပြီး စဉ်းစားချင့်ချိန်နိုင်အောင် အတွင်းရေးဖြစ်စဉ်တွေကို ရေးသားတင်ပြသွားပါမယ်။ အမေရိကန်ရဲ့ စီးပွားရေး ပိတ်ဆို့မှုဟာ ထိရောက်မှုမရှိဘူး ဆိုထားပေမယ့် အတော်အတန် ထိရောက်ခဲ့တဲ့ ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။

အမေရိကန်က စီးပွားရေးပိတ်ဆို့မှု စတင်ခဲ့တဲ့၊ စောစောပိုင်း သိပ်ပြီးမတင်းကျပ်လှတဲ့ အချိန်ကာလ ၂၀၀၀ ပြည့်နှစ်မှာပဲ အမှတ် (၁) စက်မှုဝန်ကြီးဌာနက တင်ပို့တဲ့ အထည်အလိပ်တွေ အပါအ၀င် ကုန်ပစ္စည်းတွေဟာ အမေရိကန် အကောက်ခွန် ဂိုဒေါင်မှာ တားဆီးခံနေရလို့ လိုအပ်တာတွေ အကူအညီပေးနိုင်ဖို့ ဦးဆောင်ညွှန်ကြားရေးမှူးအဆင့်က အမေရိကန်ရှိ မြန်မာသံရုံးကို စာရေးသားပို့ဆောင်လာခဲ့ပါတယ်။

ထိုအချိန်က သံအမတ်ကြီးဖြစ်တဲ့ ဦးတင်ဝင်းက “ငြိမ်နေတဲ့ မြွေပွေးကို သွားထိရင် အန္တရာယ်ရှိနိုင်တဲ့အတွက် လက်နဲ့သွားပြီး မတို့မိအောင် ဆင်ခြင်ဖို့ လိုတယ်လို့” မှတ်ချက်ပြုပြီး အဲဒီကိစ္စကို အသာလေး ခေါက်ထားခဲ့ပါတယ်။ အဲဒီတုန်းက ဦးတင်ဝင်းက ၀န်ကြီးချုပ် ဗိုလ်ခင်ညွန့်ရဲ့ တပည့်ရင်း ဖြစ်တာကြောင့်လည်း ၀န်ကြီး ဦးအောင်သောင်း ကြောက်ပြီး ဆက်မတိုးရဲခဲ့တာ ဖြစ်ပါတယ်။

၂၀၀၁ ခုနှစ် မေလမှာ ဦးတင်ဝင်းကို သံအမတ်ကြီး ဦးလင်းမြိုင်နဲ့ ချိန်းပြီးတဲ့နောက် ၀န်ကြီး ဦးအောင်သောင်း ကိုယ်တိုင် လက်မှတ်ရေးထိုးပြီး ထပ်မံတောင်းဆိုလာခဲ့လို့ သံအမတ်ကြီး ဦးလင်းမြိုင်လည်း မနေသာတော့ဘဲ သံရုံးအဖွဲ့ဝင်တွေကို အမေရိကန်ရှိ ရုံး Staff တွေထံ လိုက်ခိုင်းပါတော့တယ်။ အဲဒီအခါကျမှ Made in Myanmar ဆိုတဲ့ မြန်မာနိုင်ငံက ပစ္စည်းများ တောင်လိုရာလို ပုံနေတာကို အမေရိကန်အစိုးရ တာဝန်ရှိသူတွေကိုယ်တိုင် အံ့သြသတိပြုမိသွားပြီး (ဦးတင်ဝင်း ပြောခဲ့တဲ့အတိုင်း ပိုဆိုးသွားကာ) လုံးဝထုတ်လို့မရတော့ကြောင်း သိရှိခဲ့ရပါတယ်။

၂၀၀၃ ခုနှစ် ဒီပဲယင်းအရေးအခင်း ဖြစ်ပြီးနောက်ပိုင်း အမေရိကန်က ပိုမိုတင်းကျပ်တဲ့ စီးပွားရေးပိတ်ဆို့မှုတွေ လုပ်လာတဲ့အတွက် မြန်မာသံရုံးဝန်ထမ်းတွေဟာ တလ၊ နှစ်လလောက် စင်ကာပူက လစာငွေတွေကို ဒေါ်လာငွေနဲ့ လွှဲမရတဲ့အထိ အခြေအနေဆိုးတွေနဲ့ ကြုံတွေ့ခဲ့ရတယ်။ နောက်မှ အမေရိကန်က ခြွင်းချက်နဲ့ ပြန်လျှော့ပေးလိုက်ပါတယ်။

ဒါ့အပြင် ရုရှားနဲ့ ယူကရိန်းတို့ကနေ လေကြောင်းကာကွယ်ရေး တိုးချဲ့ဖွဲ့စည်းဖို့ မှာယူထားတဲ့ (၁၂၂) မမ အမြောက်တွေ၊ ဒုံးပျံတွေ၊ ရေဒါတွေကို သယ်ယူရေးနဲ့ ငွေပေးချေရေးတို့မှာ ပြဿနာတက်ပါတော့တယ်။ ဦးပိုင်နဲ့ MEC အကြီးအကဲတွေ၊ စစ်ထောက်ချုပ်၊ ကက၀ယ် ညွှန်ကြားရေးမှူးနဲ့ ဗဟိုဘဏ်က ပုဂ္ဂိုလ်တွေဟာ စစ်ရုံးမှာ အရေးပေါ် အစည်းအဝေးထိုင်ပြီး ငွေလဲလှယ်ရေးအတွက် ယူရိုငွေပြောင်းသုံးဖို့ ဗိုလ်သန်းရွှေထံ ခွင့်ပြုချက်တောင်းကာ အပူတပြင်း လမ်းကြောင်းရှာကြရပါတော့တယ်။

ပွဲစားအဆင့်ဆင့်နဲ့ တင်သွင်းရတဲ့အတွက် စစ်လက်နက်ပစ္စည်းတွေ ၀ယ်ယူရေးဟာ နှောင့်နှေးကြန့်ကြာပြီး ငွေကြေးလည်း ပိုမိုသုံးစွဲခဲ့ရပါတယ်။ Target Sanction ရဲ့ အကျိုးသက်ရောက်မှုက စစ်အာဏာရှင် မိသားစုတွေ၊ အမျိုးအနွယ်တွေနဲ့ ပတ်သက်ရာပတ်သက်ကြောင်း ကုမ္ပဏီပိုင်ရှင်တွေကို တိုက်ရိုက်ထိမှန်ခဲ့ပါတယ်။ ကုန်သည်လုပ်ငန်းရှင်တွေဟာ ကိုယ်တိုင်ထိမှ နာတတ်ကာ စစ်အာဏာရှင်တွေကြောင့် ဖြစ်ရတယ်ဆိုတာကို သိလာကြပါတယ်။ စစ်အာဏာရှင် မိသားစုရဲ့ စင်ကာပူက ငွေတွေကိုလည်း ဒူဘိုင်းကို အမြန်ရွှေ့ပြောင်းခဲ့ရပါတယ်။

နအဖ အဓိက အထိနာဆုံးကတော့ ကူးလူးဆက်သွယ်မှုလုပ်ထားတဲ့ ဥရောပတိုက်နိုင်ငံတွေဆီ ခရီးသွားလာရာမှာ အဆင့်မြင့် ဗိုလ်မှူးကြီးနဲ့အထက် အရာရှိကြီးတွေဟာ ဗီဇာမရတော့တဲ့အတွက် ခြေချုပ်မိပြီး ဖရိုဖရဲ ဖြစ်ကုန်တာပါပဲ။ ဗီဇာတွေ ပိတ်ဆို့ခံရမှုဟာ သူတို့အတွက် ခံရအခက်ဆုံးပါ။ သူတို့ရဲ့ ကိုယ်ကျိုးစီးပွားနဲ့ ဈေးဝယ်ဖို့လောက်တောင် လုပ်လို့မရတော့လို့ မခံချည့်မခံသာ ဖြစ်ကုန်ကြပါတယ်။

အဲဒီအခါကျမှ ဒီလိုဖြစ်ရတာဟာ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကြောင့်ဆိုတဲ့ ဗဟာဗျူဟာကို ဗိုလ်သန်းရွှေက ချမှတ်ပြီး အဲဒီမဟာဗျူဟာကို လက်နက်သဖွယ် သုံးလာပါတော့တယ်။ ယခင်က ကကကြည်း လေးလပတ် အစည်းအဝေးတိုင်း မှာ ဗိုလ်သန်းရွှေက အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့မှုကို ဂရုစိုက်ရန်မလိုကြောင်း၊ လွတ်နေတဲ့ ဂယ်ပေါက်ကို ရှာဖွေရန် လိုကြောင်း၊ အာဆီယံဝင်ပြီးဖြစ်လို့ တရုတ်၊ အာဆီယံနိုင်ငံတွေနဲ့ အိန္ဒိယနိုင်ငံကို (စီးပွားရေးမက်လုံးပေး စည်းရုံးပြီး) နယ်စပ်ဂိတ်တွေကတဆင့် အသုံးချရန်လိုကြောင်း ပြောခဲ့ပါတယ်။ ဒါပေမယ့် ၂၀၀၃ ခုနှစ်နောက်ပိုင်း ကကကြည်း လေးလပတ် အစည်းအဝေးတွေမှာတော့ ဗိုလ်သန်းရွှေ လေသံပြောင်းသွားခဲ့ပါတယ်။

သူ့ရဲ့ Strategy က “ဒေါ်အောင်ဆန်းစုကြည်အား အမေရိကန်နဲ့ အနောက်နိုင်ငံတွေရဲ့ အသုံးချခံ လက်ပါးစေသဖွယ်ဖြစ်အောင် ဖန်တီးဖို့လိုကြောင်း၊ အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့မှုကြောင့် လှိုင်သာယာစက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံများ ဈေးကွက်ပျက်ပြီး ပိတ်လိုက်ရကာ အလုပ်သမားများ အလုပ်လက်မဲ့ ဖြစ်သွားရပုံတွေကို ဆင်းရဲဒုက္ခရောက်တယ်လို့ ပုံကြီးချဲ့ပြီး သတင်းနဲ့ မီဒီယာတွေမှာ ၀ါဒဖြန့်ဖို့လိုကြောင်း၊ အမေရိကန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့အား ပြည်သူလူထုက မုန်းတီးလာအောင် စိတ်ဓာတ်စစ်ဆင်ရေးအနေနဲ့ ၀ါဒဖြန့်ဖို့လိုကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းတွေထဲမှာ အနောက်နိုင်ငံများရဲ့ စီးပွားရေးပိတ်ဆို့မှုကို ကန့်ကွက်တဲ့ လေသံတခါမှ မကြားရတာကိုကြည့်ရင် ကြိတ်ပြီး ၀မ်းသာနေတဲ့ သဘောရှိတာတွေ့ရကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို အလိုတူ အလိုပါ အားပေးအားမြှောက် လုပ်တဲ့သူအဖြစ် ဖန်တီးရမှာဖြစ်ကြောင်း” စသဖြင့် ပြောဆိုခဲ့ပါတယ်။

အဲဒီနောက် စိတ်ဓာတ်စစ်ဆင်ရေးအနေနဲ့ ကြေးမုံ၊ မြန်မာ့အလင်းနဲ့ အသံလွှင့်ရုံ၊ ရုပ်မြင်သံကြားတွေကတဆင့် ဆောင်းပါးတွေ၊ သတင်းဓာတ်ပုံတွေနဲ့ ဆက်လက်ပြီး ၀ါဒဖြန့်ပါတော့တယ်။ သိသာထင်ရှားတဲ့ မဟာဗျူဟာတိုက်ကွက်တခုကတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူနဲ့ တွေ့ဆုံဆွေးနွေးဖို့ ပြုလုပ်ချင်တယ်ဆိုရင် အမေရိကန် Sanction ရုပ်သိမ်းခိုင်းဖို့ဆိုတဲ့ အချက်ကို ပြည်သူလူထု အထင်မှားအောင် ဗိုလ်သန်းရွှေက တဖက်သတ် တောင်းဆိုခဲ့ခြင်းပဲဖြစ်ပါတယ်။

အမှန်တကယ်က နိုင်ငံရဲ့စီးပွားရေးကျဆင်းလာပြီး စားဝတ်နေရေး ကျပ်တည်းလာတာဟာ နအဖ စစ်အာဏာရှင်တွေရဲ့ စီမံခန့်ခွဲရေးညံ့ဖျင်းမှု၊ မတရားကိုယ်ကျိုးရှာမှု၊ လက်ဝါးကြီးအုပ် ခြယ်လှယ်ချုပ်ကိုင်ထားမှု၊ လယ်ယာလုပ်ငန်းနဲ့ စက်မှုလယ်ယာစီမံကိန်းတွေ မအောင်မြင်မှု၊ GDP တွက်ချက်ပုံ မှားယွင်းမှု၊ အဂတိလိုက်စားမှု၊ စစ်တပ်အင်အား အဆမတန်တိုးချဲ့မှု၊ ဦးပိုင်နဲ့ MEC စတဲ့ စစ်တပ်က စီးပွားရေးမှာ ချုပ်ကိုင်လွှမ်းမိုးမှုတွေကြောင့်သာ ဖြစ်ပါတယ်။

အဆိုးဆုံးကတော့ အခုတလော အမေရိကန်က မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ လေ့လာနေချိန်မှာ တကယ်လို့ ဒေါ်အောင်ဆန်းစုကြည်က လူထုအတွက် Sanction ကို တစိတ်တဒေသ ရုပ်သိမ်းဖို့ ပြောဆိုခဲ့လို့ အမေရိကန်က ရုပ်သိမ်းခဲ့ရင်တောင် အမေရိကန်ရဲ့လက်ပါးစေ၊ လက်ကိုင်တုတ်အဖြစ် သူတို့ ခေါင်းစဉ်တပ်နေကျ ပြည်ပအားကိုး ပုဆိန်ရိုးဆိုတဲ့ စကားလုံးနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အလိုလို နိုင်ငံရေးသေပြီးသား ဖြစ်သွားအောင်လုပ်ဖို့ နအဖက ယုတ်မာတဲ့အကွက် (Strategy) ကို ဆင်ထားပြီးသားဖြစ်ပါတယ်။

တကယ်တော့ ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုတိုင်းလည်း အမေရိကန်က ပိတ်ဆို့တာကို လုပ်ချင်မှ လုပ်မှာဖြစ်သလို ဒေါ်အောင်ဆန်းစုကြည် ပြောတိုင်းလည်း နအဖရဲ့ အခြေအနေပေါ် မူတည်ပြီး ရုပ်သိမ်းချင်မှ ရုပ်သိမ်းမှာ ဖြစ်ပါတယ်။ နှစ် (၂၀) စီးပွားရေးစီမံကိန်း မအောင်မြင်ဖြစ်ရခြင်းနဲ့ စားဝတ်နေရေး ကျပ်တည်းနေတာတွေဟာ နအဖရဲ့အပြစ်ကြောင့်ဆိုတာကို ဖုံးကွယ်ချင်လို့ ဗိုလ်သန်းရွှေက အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့မှုနဲ့ အစားထိုးပြီး လမ်းကြောင်းလွှဲခြင်းဖြစ်ပါတယ်။

ဒါ့အပြင် နအဖဟာ UWSA ကြောင့် Strategy အရ တရုတ်နဲ့ Power Playing လုပ်ချင်လို့ အမေရိကန်ကို ချဉ်းကပ်တာလည်း ဖြစ်ပါတယ်။ အခုအခါမှာ အမေရိကန်အစိုးရက မြန်မာနိုင်ငံစစ်အစိုးရကို မြောက်ကိုရီးယားနဲ့ မတူဘဲ သတိထားကိုင်တွယ်ရမယ် လို့ ပြောသွားတာလည်း ကြားသိရပါတယ်။ ဒါကြောင့် အခုသွားနေတဲ့ အမေရိကန်ကိုယ်စားလှယ်အဖွဲ့နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့အနေနဲ့ ဉာဏ်နီဉာဏ်နက်များလှတဲ့ နအဖကို သတိပြုချင့်ချိန်နိုင်ဖို့ ဘယ်လိုမဟာဗျူဟာအခင်းအကျင်း ချမှတ်ပြီး ကိုင်တွယ်ဆက်ဆံသွားမယ်ဆိုတာကို ကြိုတင်စဉ်းစားထားဖို့ အထူးလိုအပ်လှကြောင်း တိုက်တွန်း တင်ပြလိုက်ရပါတယ်။
(ခေတ်ပြိုင်ဝက်ဘ်ဆိုဒ်မှ ကူးယူဖော်ပြပါသည်)

No comments:

Post a Comment