ondragstart="return false" onselectstart="return false"

Monday, November 2, 2009

ခြေနှစ်ချောင်းနဲ့လမ်းလျှောက်ခြင်း - (ဟားမာ့စ်)

ဖတ်လို့ ကောင်းသော ဆောင်းပါးတစ်ပုဒ်ဖြစ်ပါသည်။

ဆောင်းပါးရှင် - ဆရာ ဂါမဏိ

အမေရိကန်အစိုးရနဲ့ အစ္စရေး အစိုးရတို့ဟာ စစ်အေးတိုက်ပွဲကာလမှာ၊ ဆိုဗီယက်နဲ့နီးစပ်ပြီး လက်ဝဲအယူအဆရှိတဲ့ ဖာတာ အဖွဲ့ သြဇာကျအောင် ပုခုံးချင်းယှဉ်ဖို့ ဟားမာ့စ် အဖွဲ့ကို မြေတောင်မြှောက်ပေးခဲ့ပါတယ်။ ၁၉၆၇ ခု တတိယ အာရပ်- အစ္စရေးစစ်ပွဲပြီးချိန်ကစကြိုးစားခဲ့ပေမဲ့ ပါလက်စတိုင်း အမျိုးသားလွတ်မြောက်ရေးအတွက် အဲဒီတုံးက ရှေ့ တန်းကနေ ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်နေတဲ့ ဖာတာအဖွဲ့ကို ဘယ်လိုမှ ကျော်လွှားလို့ မရနိုင်ခဲ့ဘဲ ၁၉၈၇ ခုရောက်မှ အောင်အောင်မြင်မြင်ဖွဲ့နိုင်ခဲ့ပါတယ်။ ၁၉၇၅ ခုနဲ့ ၁၉၈၇ ခုကြားကာလဟာ ပါလက်စတိုင်းနယ်မြေအတွင်း ပလီတွေ သုံးဆတိုး၊ ရပ်ကွက်တွေထဲ တက္ကသိုလ်ကျောင်းတွေထဲ ဖာတာအဖွဲ့နဲ့ အဓိကရုဏ်းတွေဖန်တီး၊ အစ္စလမ်လူမှုရေး ကွန်ယက်တွေ ထူထောင် အားကောင်းလာတဲ့ တည်ဆောက်ရေးကာလ ဖြစ်ခဲ့ပါတယ်။

စစ်အေးတိုက်ပွဲကာလမှာ တန်ဖိုးစံနိုင်ငံရေး idealism ထက် လက်တွေ့နိုင်ငံရေး realism ကိုဦးစားပေးခဲ့လို့ အမေရိ ကန်နိုင်ငံဟာ ဒီမိုကရေစီတွေ လူ့အခွင့်အရေးတွေ မကြည့်ခဲ့ဘဲ ဆိုးသွမ်းလှတဲ့အာဏာရှင်တွေကို လက်သပ်မွေးတာ တွေဖြစ်ခဲ့သလို ကွန်မြူနစ်ဆန့်ကျင်ရေးအတွက် ဟားမာ့စ်၊ တာလီဘန်၊ နောင်တချိန်မှာ အယ်လ်ကိုင်ဒါခေါင်းဆောင် ဖြစ်လာမယ့် အိုစာမာဘင်လာဒင်တို့လို ဘာသာရေးအစွန်းရောက်တွေကိုလည်း မွေးခဲ့ပါတယ်။ ပါလက်စတိုင်း အမျိုးသားတွေရဲ့ ရပိုင်ခွင့်တွေအတွက် အစ္စရေးနိုင်ငံကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ ဟားမာ့စ် အဖွဲ့ကို အခုအခါမှာ အကြမ်းဖက်အဖွဲ့အဖြစ် အမေရိကန်၊ ဗြိတိန်၊ ဥရောပသမဂ္ဂ၊ ကနေဒါ၊ ဂျပန်၊ သြစတြေးလျ စတဲ့နိုင်ငံတွေ က သတ်မှတ်ဝါဒဖြန့်နေပါတယ်။ တကယ်လည်း ဟားမာ့စ်ဟာ အပြစ်မဲ့ကလေးသူငယ်တွေ၊ အမျိုးသမီးတွေ အပါအဝင် အစ္စရေး အရပ်သားတွေကို အသေခံဗုံးခွဲတိုက်ခိုက်တာတွေ၊ အဝေးပစ်ဒုံးပျံနဲ့ပစ်တာတွေ အများကြီးလုပ်ခဲ့ပါ တယ်။ တဖက်မှာလည်း စစ်ရေးပစ်မှတ်တွေကို ပြောက်ကျားစစ်နည်း၊ ကွန်မန်ဒိုနည်းတွေနဲ့ ပြင်းပြင်းထန်ထန် သက်စွန့် ကြိုးပမ်းတိုက်ခိုက်တာတွေ အများကြီးရှိပါတယ်။ တမီးလ်ကျားတွေလိုဘဲ ဟားမာ့စ်ဟာ အသေခံဗုံးခွဲမှုကို စစ်ရေးနည်း ဗျူဟာတခုအဖြစ် သုံးခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ဟားမာ့စ်မှာ အကြမ်းဖက်နည်းလမ်းမဟုတ်တဲ့ လေးစားအတုယူ လောက်ဖွယ်နည်းနာတွေ ရှိနေတာကို လေ့လာသိရှိနိုင်ဖို့ တင်ပြလိုပါတယ်။

ဟားမာ့စ် ဟာ ၂၀၀၅ မေလ ပါလက်စတိုင်းမြူနီစီပယ်ရွေးကောက်ပွဲမှာ အရေးပါတဲ့နယ်မြေတွေမှာ အနိုင်ရခဲ့ပြီးနောက် ပါလက်စတိုင်းဒေသရဲ့ ပထမဆုံးလွတ်လပ် တရားမျှတတဲ့ ၂၀၀၆ ပါလက်စတိုင်း လွှတ်တော်ရွေးကောက်ပွဲမှာတော့ သက်တမ်းရင့် ဝါရင့်တော်လှန်ရေးအဖွဲ့ဖြစ်တဲ့ ဖာတာကိုနိုင်ပြီး အမတ်နေရာအများစုရခဲ့ပါတယ်။ ဟားမာ့စ်ကိုယ်စား လှယ်လောင်းတွေဟာ ပါလက်စတိုင်း အနောက်ဖက်ကမ်း ကုန်သည်ကြီးများအသင်း ရွေးကောက်ပွဲမှာတောင် ဝင်ပြိုင်ပြီး အနိုင်ရခဲ့ပါသေးတယ်။ နှစ်ဖွဲ့စလုံးဟာ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေဖြစ်တဲ့အတွက် လက်နက်အားကိုးနဲ့ ခြိမ်း ခြောက်အကြပ်ကိုင် အနိုင်ရတာလို့ ဟားမာ့စ်ကို မပြောနိုင်ပါဘူး။ ဟားမာ့စ်ဟာ သေနတ်အပြင် ပါလက်စတိုင်းလူထု တွေကို စည်းရုံးဆွဲဆောင်နိုင်တဲ့ အစွမ်းအစတွေ ရှိနေလို့ ပါလက်စတိုင်းအုပ်ချုပ်ရေးဒေသထဲမှာ ရွေးကောက်ပွဲနိုင်တာ ဖြစ်ပါတယ်။

မော့ဆက်ဒ် လို့ခေါ်တဲ့ အစ္စရေး ထောက်လှမ်းရေးအဖွဲ့ဟာ ကမ္ဘာမှာ အတော်ဆုံး ထောက်လှမ်းရေးအဖွဲ့လို့ ကျော်ကြားသလို အစ္စရေး စစ်တပ်ဟာလည်း အဆမတန် အင်အားသာလွန်တဲ့ အာရပ်စစ်တပ်တွေကို စစ်ပွဲကြီး(၄)ခါတိုက်တာ (၄)ခါစလုံးနိုင်ခဲ့တဲ့ တိုက်စွမ်းရည်မြင့်တဲ့ နာမည်ကြီး တပ်မတော် ဖြစ်ပါတယ်။ ဒါပေမဲ့ အင်အား ၁၀၀၀ လောက်ဘဲရှိတဲ့ ဟားမာ့စ်ကို အမြစ်ပြတ်သွားအောင် မချေမှုန်းနိုင်ခဲ့ပါဘူး။ ဒါတင်မက ပါလက်စတိုင်း နယ်မြေမှာ တရားဝင် ဒီမိုကရေစီ နည်းကျအာဏာရလာတာကိုလည်း မတားဆီးနိုင်ခဲ့ပါဘူး။

ဘာ့ကြောင့်လဲဆိုတော့ ဟားမာ့စ်ဟာ စစ်ရေးနဲ့ လူထုအကျိုးပြုရေးဆိုတဲ့ ခြေထောက်နှစ်ချောင်းနဲ့ လမ်းလျှောက်နေတာ ဖြစ်တဲ့အတွက် လဲမကျသွားတာ ဖြစ်ပါတယ်။ လူထုအကျိုးပြုရေးပိုင်းမှာ ဟားမာ့စ်ဟာ ဆော်ဒီအာရေဗျ၊ ကူဝိတ်၊ ယူအေအီး၊ လစ်ဗျား စတဲ့ ချမ်းသာတဲ့ အာရပ်နိုင်ငံအစိုးရတွေ၊ အာရပ်သူဌေးတွေ၊ အာရပ်အဲန်ဂျီအိုတွေ ထောက်ပံ့တဲ့ ငွေ ၉၀ % လောက်ကို ပါလက်စတိုင်းလူထုအတွက် အခမဲ့ (သို့) သက်သာဆေးခန်းတွေ၊ လူမှုဖူလုံရေးလုပ်ငန်းတွေ၊ ပလီတွေ၊ စာသင်ကျောင်းတွေ၊ မူကြိုနဲ့ နေ့ကလေးထိန်းဌာနတွေ၊ မိဘမဲ့ဂေဟာတွေ၊ စတုဒီသာထမင်းရုံတွေ၊ စာကြည့် တိုက်တွေ၊ ယဉ်ကျေးမှုလုပ်ငန်းတွေမှာ သုံးနေပါတယ်။ ထူးချွန်တဲ့ကျောင်းသားတွေကို နိုင်ငံခြားပညာတော်သင်လွှတ် တာတွေလည်း လုပ်တယ်။ ဘောလုံးအသင်းတွေနဲ့ တခြားအားကစားအသင်းတွေကိုတောင် ထောက်ပံ့ပေးပါတယ်။ ဒုက္ခသည်စခန်းတွေက ပါလက်စတိုင်းမိသားစုတိုင်းအတွက် ဆန်၊ ဆီ၊ ငါးသေတ္တာ စတဲ့ ရိက္ခာတွေလည်း လစဉ်ပေးဝေ နေပါတယ်။ ဒါတွေဟာ UNHCR ကုလသမဂ္ဂ ဒုက္ခသည် ထောက်ပံ့ရေး အစီအစဉ်တွေနဲ့မဆိုင်ဘဲ သီးခြား အပို ထပ်ဆောင်း ထောက်ပံ့ကူညီတာဖြစ်တယ်။

စစ်ရေးနဲ့ဆက်စပ်တဲ့ လူမှုရေးလုပ်ငန်းကတော့ တိုက်ပွဲကျ အာဇာနည်တွေ၊ အသေခံဗုံးခွဲသမားတွေ၊ တိုက်ပွဲဒဏ်ရာရနဲ့ ဒုက္ခိတရဲဘော်တွေရဲ့ မိသားစုတွေကို ဟားမာ့စ်အဖွဲ့ဝင် ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ လစဉ်ထောက်ပံ့တာ ဖြစ်ပါတယ်။ ဟားမာ့စ်အဖွဲ့ဝင်တွေကတော့ နည်းနည်းပိုရပါတယ်။ အစ္စရေးစစ်တပ်တွေက ဘူဒိုဇာနဲ့ထိုး ဖျက်ဆီးပစ်လိုက်လို့ ဒါမှမဟုတ် ဗုံးကြဲလို့ အိုးမဲ့အိမ်မဲ့ဖြစ်ရသူတွေ ဒုက္ခသည် ဖြစ်သွားရသူတွေဟာ ဟားမာ့စ်အဖွဲ့ဆီက ငွေကြေး အကူအညီ အတတ်ပညာအကူအညီတွေ တောင်းခံနိုင်ကြပါတယ်။ ဒါတွေလုပ်ပေးတဲ့အတွက် ၁၉၈၇ ခုမှစတည်ထောင်တဲ့ ဟားမာ့စ်အဖွဲ့ဟာ ၁၉၉၅ လောက်ရောက်တော့ ပါလက်စတိုင်း ပြည်သူတွေကြားမှာ ခိုင်ခိုင်မာမာအမြစ်တွယ်နိုင်ခဲ့ပါတယ်။

ဟားမာ့စ်အဖွဲ့ဟာ မိမိတို့ရတဲ့ နှစ်စဉ် ဒေါ်လာသန်း ၇၀ မှာ စစ်ရေးအတွက် ၁၀% ကျော်ဘဲသုံးပါတယ်။ ဒီနေရာမှာ ထူးခြားတာက ဟားမာ့စ်အဖွဲ့ဝင်တွေဟာ ဒီဒေါ်လာ သန်း ၇၀ ကို အကျင့်ပျက်ခြစား အိတ်ထဲထည့် အကြံအဖန်လုပ် ရိုက်စားဝေစားတာမရှိဘဲ ၈၀% ကနေ ၉၀% အထိကို ပါလက်စတိုင်း လူထုအတွက် ပြန်ကူညီပေးတာ ဖြစ်ပါတယ်။ ဒါဟာ ကွယ်လွန်သူ ယာဆာအာရာဖတ်ဦးဆောင်တဲ့ ဖာတာအဖွဲ့နဲ့ သိသိသာသာကွဲပြားသွားတာဖြစ်ပါတယ်။

ဝါရင့်တော်လှန်ရေးအဖွဲ့ကြီးဖြစ်တဲ့ ဖာတာအဖွဲ့ကိုလည်း အာရပ်သူဌေးနိုင်ငံတွေက အကြီးအကျယ်ပုံအော ထောက်ပံ့ခဲ့ ဖူးပါတယ်။ ဒါပေမဲ့ ပွင့်လင်းမြင်သာမှုမရှိ၊ စာရင်းမရှိ အင်းမရှိနဲ့ ကိုယ့်အိတ်ထဲကိုယ်ထည့်၊ ဆွေမျိုးသားချင်းကောင်းစား ရေးတွေဘဲလုပ်ကြလို့ (အာရာဖတ်ကတော် အပါအဝင်) ဖာတာ ကေဒါတွေ အချမ်းသာကြီးချမ်းသာ၊ နိုင်ငံခြားဘဏ် တွေမှာ လျှို့ဝှက်ငွေစာရင်းတွေဖွင့်၊ ဥရောပတိုက်ကိုထွက်ထွက်ပြီး ဟောလီးဝုဒ်မင်းသားတွေလို သုံးဖြုန်းကြတာကို လက်တွေ့မြင်နေရတဲ့ ပါလက်စတိုင်းလူထုက နောက်ဆုံးမှာ လွတ်လပ်တဲ့ရွေးကောက်ပွဲမှာ လက်နက်ကိုင်တော်လှန် ရေးအဖွဲ့ချင်းအတူတူ ဟားမာ့စ်ကို မဲပေးရွေးကောက်လိုက်တာဖြစ်ပါတယ်။ ယာဆာအာရာဖတ်ဟာ ရိုးရိုးကုပ်ကုပ်ဘဲ တသက်လုံးနေထိုင်သွားခဲ့ပေမဲ့ တခြားဖာတာ ကေဒါတွေမှာတော့ အဖွဲ့အစည်းပိုင်စီးပွားရေးရင်းနှီးမြှုပ်နှံမှုနဲ့ ကိုယ်ပိုင် စီးပွားရေးရင်းနှီးမြှုပ်နှံမှုကြားမှာ ရှင်းရှင်းလင်းလင်းစည်းခြားတာ မရှိကြပါဘူး။

ဖာတာအဖွဲ့ဟာ အကျင့်ပျက်ခြစားရုံတင်မက စွမ်းဆောင်ရည် နိမ့်ကျလှတဲ့အတွက် ပါလက်စတိုင်းအစိုးရ ဖြစ်နေစဉ်ကာလမှာ အစိုးရရဲ့ တာဝန်ဝတ္တရားတွေကိုလည်း ပီပီပြင်ပြင် မဆောင်ရွက်နိုင်ခဲ့ပါဘူး။ ပညာရေး ကျန်းမာရေး လူမှုဖူလုံရေး မပြောနဲ့၊ မြို့ထဲရွာထဲတွေမှာ အမှိုက်တောင် မသိမ်းနိုင်၊ မီး-ရေ စတဲ့ အခြေခံဝန်ဆောင်မှုတွေကိုတောင် လုပ်သင့် လုပ်ထိုက်သလောက် မလုပ်ပေးနိုင်ခဲ့ပါဘူး။ အထူးသဖြင့် အစိုးရဖြစ်တဲ့နောက်ပိုင်းမှာ စစ်တိုက်တာလည်း မလုပ်တော့ဘဲ ကြေညာချက်ထုတ်ပြီး အဇ္ဇရေးကိုရှုတ်ချတာဘဲ အဓိကလုပ်လာခဲ့ပါတယ်။

ဖာတာ တင်မက တခြားပါလက်စတိုင်း တော်လှန်ရေးအဖွဲ့တွေဟာလည်း စစ်တိုက်တာ၊ အကြမ်းဖက်တာတွေဘဲလုပ်ပြီး 'ကိုယ်က လွတ်မြောက်အောင် လုပ်ပေးနေပါတယ်' ဆိုတဲ့ ပါလက်စတိုင်းလူထုရဲ့ လူမှုရေးလိုအပ်ချက်တွေကို တတ်နိုင်သလောက်ဖြည့်ဆီးဖို့၊ တနည်းအားဖြင့်ပြောရရင် ငြုတ်သီး ကြက်သွန်ကိစ္စတွေ လုပ်ပေးဖို့ စိတ်မဝင်စားကြ နားမလည်ကြ မလုပ်ကြပါဘူး။ ဒါ့ကြောင့် စစ်ရေးကွန်ယက်တင်မက လူမှုရေးကွန်ယက်ပါ တည်ဆောက်ထားတဲ့ ဟားမာ့စ်ဟာ နိုင်ငံတော်အစိုးရပုံစံယောင်ဖြစ်နေတဲ့အတွက် ပါလက်စတိုင်းလူထုအနေနဲ့ အရင်းအချာလိုသဘောထား လာပါတယ်။ မဲရဖို့တင်မက တပ်သားသစ်ရဖို့လည်း လွယ်သွားပါတယ်။

လူမှုရေးလုပ်ငန်းတွေမှာ အကြံအဖန်မလုပ်ဘဲ လူထုအကျိုးကိုလုပ်ပေးသလို နိုင်ငံရေးလုပ်ငန်းပိုင်းမှာလည်း ဟားမာ့စ် အဖွဲ့ဝင်တွေဟာ ရပ်ရွာတွေထဲမှာ တအိမ်တက်ဆင်း door-to-door ပုံစံနဲ့ရော၊ အားကစားပွဲ၊ သောကြာနေ့ပလီဝတ်ပြု ပွဲပုံစံတွေနဲ့ပါ လူထုနဲ့ပုံမှန်ထိတွေ့ဆက်ဆံပြီး လူထုအသံကိုနားထောင်၊ လူထုအကျိုးပြုလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ကြပါ တယ်။

ဟားမာ့စ်ရဲ့ ညာခြေထောက်ဖြစ်တဲ့ စစ်ရေးပိုင်းကိုကြည့်ရင် ၁၉၉၃ ခုဧပြီလမှာ ပထမဆုံး အသေခံဗုံးခွဲမှုကို လုပ်ခဲ့ပါတယ်။ အသေခံဗုံးခွဲမှုဟာ ပါလက်စတိုင်း အမျိုးသားတွေရဲ့ အက်ဖ်-၁၆ ဖြစ်တယ်လို့ ဝင့်ကြွားခဲ့ပါတယ်။ ပါလက်စတိုင်း နယ်မြေတွေကို အစ္စရေးရဲ့ အက်ဖ်-၁၆ စစ်လေယာဉ်တွေက ဗုံးကြဲ၊ ဒုံးကျည်နဲ့ပစ်လို့ ပါလက်စတိုင်းအမျိုးသမီးတွေနဲ့ ကလေးငယ်တွေ သေကြရသလို ဟားမာ့စ်ရဲ့ အသေခံဗုံးခွဲသမားတွေကြောင့် သာမန်အစ္စရေး အရပ်သားတွေ၊ အိမ်ရှင်မတွေ ကျောင်းသူကျောင်းသားတွေ ကလေးငယ်တွေသေရတာကို ဆိုလိုတာ ဖြစ်ပါတယ်။ ၂၀၀၅ ခုမှာတော့ အသေခံဗုံးခွဲမှုတွေကို ရပ်စဲလိုက်ပြီး ၂၀၀၆ ဧပြီလမှာ အသေခံဗုံးခွဲမှုနည်းလမ်းကို တရားဝင်စွန့်လွှတ်လိုက်ပါတယ်။ ဒါပေမဲ့ အစ္စရေးနိုင်ငံထဲ ဒုံးပျံနဲ့ပစ်တာတော့ အခုထိ ဆက်လုပ်နေပါတယ်။ ပစ်မှတ် တိကျမှုမရှိတဲ့ ဒီဒုံးပျံတွေကြောင့်လည်း အပြစ်မဲ့အစ္စရေးအရပ်သားတွေ သေကြေဒဏ်ရာ ရကြပါတယ်။ ပါလက်စတိုင်းတွေဘက်က ပြောတာကတော့ အစ္စရေးနိုင်ငံမှာ ယောက်ျားတိုင်း အလှည့်ကျ စစ်မှုမထမ်းမနေရ စနစ်ရှိပြီး အရေးပေါ်လာရင် ယောက်ျားအားလုံးကို စစ်ထဲဆင့်ခေါ်တာကြောင့် အရပ်သားနဲ့စစ်သား ခွဲလို့မရနိုင်ဘူး ဆိုပါတယ်။ ဒါပေမဲ့ ဘယ်လိုဘဲဖြစ်ဖြစ် ယောက်ျားကြီးတွေ သေတာထက် အမျိုးသမီးတွေ ကလေးသူငယ်တွေသေတာ ပိုများနေပါတယ်။

ဟားမာ့စ်ဟာ ပြောက်ကျားစစ်ကို အဓိကကျင့်သုံးတဲ့အဖွဲ့ဖြစ်ပြီး ဂါဇာကမ်းမြောင်ဒေသမှာ အဓိကပိုင်ပိုင်နိုင်နိုင် ပြောက် ကျားစစ်ဆင်နွှဲနိုင်ပါတယ်။ ဒါကြောင့်လည်း အခုအခါ ဂါဇာကမ်းမြောင်ကို လုံးဝရာနှုန်းပြည့်ထိန်းချုပ်ထားနိုင်ပြီး အနောက်ဖက်ကမ်းခြေမှာတော့ နေရာတချို့ကို ထိန်းချုပ်ထားပါတယ်။ ဟားမာ့စ်ဟာ ဒုံးပျံတွေအပြင် လက်လုပ်ဗုံး တွေ၊ တင့်ကားဖျက်အာရ်ပီဂျီတွေ၊ လက်လုပ်ဒုံးကျည်တွေကိုသုံးပြီး အစ္စရေးတပ်တွေ ရှာမတွေ့နိုင်အောင်လည်း လူထု အကူအညီနဲ့ လက်နက်တွေသိုဝှက်ထားနိုင်ပါတယ်။

ဟားမာ့စ် အဖွဲ့ရဲ့ တိုက်ပွဲဝင်ကွန်ယက်ကို ကရိယာ လို့ခေါ်တဲ့ ဌာနငါးခု ခွဲ တည်ဆောက်ထားပါတယ်။ ဒါတွေက --

၁) အံတုပွဲကရိယာ (အယ်လ်အာဒါးသ်)။ နိုင်ငံရေးအံတုမှု၊ အာဏာဖီဆန်မှု၊ လမ်းပေါ်လူထုလှုပ်ရှားမှုတွေ၊ ဆန္ဒပြပွဲတွေ၊ အာဇာနည်ဈာပနတွေ၊ နေ့ကြီးရက်ကြီးအခမ်းအနားတွေကို တာဝန်ယူတယ်။ လက်ရှိအခြေအနေကိုအသိပေးတဲ့ သို့မဟုတ် တိုက်ပွဲခေါ် လှုံ့ဆော်တဲ့ လက်ကမ်းစာစောင်တွေ ပိုစတာတွေထုတ်တယ်။ လမ်းပေါ်ဆန္ဒပြပွဲတွေမှာ ထိခိုက် ဒဏ်ရာရသူတွေအတွက် ရှေးဦးသူနာပြုလည်း တာဝန်ယူတယ်။ လမ်းပေါ်လူထုတိုက်ပွဲ အခြေအနေတွေကို ဟားမာ့စ် ခေါင်းဆောင်ပိုင်းဆီ အဆက်မပြတ် သတင်းပြန်ပို့ပေးပြီး ရှေ့ဆက်လုပ်ရမယ့်နည်းနာတွေကို လမ်းညွှန်ပေးဖို့ လွယ်ကူ စေတယ်။

၂) မီဒီယာကရိယာ (အယ်လ်အီလားမီ)။ ဒီဌာနက အာရပ်လူထုနဲ့ ကမ္ဘာ့လူထု သဘောထားအပေါ် လူထုတိုက်ပွဲတွေ၊ အသေခံဗုံးခွဲမှုတွေရဲ့ ဂယက်ရိုက်ခတ်မှုတွေကိုတိုင်းတာဖို့ နိုင်ငံတကာမီဒီယာတွေကို မော်နီတာလုပ်တယ်။ ဟားမာ့စ် အဖွဲ့ဝင်တွေအတွက် ပြန်ကြားရေး၊ ပညာပေးရေးနဲ့ ဝါဒဖြန့်ချိရေး စာစောင်စာတမ်းတွေလည်း ထုတ်တယ်။ လူထု တိုက်ပွဲ၊ စစ်ရေးတိုက်ပွဲတွေရဲ့ အစီရင်ခံစာတွေ၊ သင်ခန်းစာထုတ်နိဂုံးချုပ်ချက်တွေ ပြုစုရတယ်၊ ဟားမာ့စ်ခေါင်း ဆောင်ပိုင်းကလုပ်ခိုင်းတဲ့ အထူးလေ့လာချက်စာတမ်းတွေလည်း တခါတလေရေးသားပြုစုပေးရတယ်။ ဒါ့အပြင် ကမ္ဘာ့ မီဒီယာတွေအတွက် သတင်းထုတ်ပြန်ချက်တွေ ပေးရတယ်၊ အထူးသဖြင့် အစ္စရေးရဲ့ မတရားကျူးလွန်မှုတွေကို ဖွင့်ချရတယ်။ ဟားမာ့စ်အဖွဲ့ရဲ့ သတင်းထောက်တွေကိုလည်း သင်တန်းပေးရတယ်၊ ဟားမာ့စ်သတင်းစာ ဂျာနယ် ဝက်ဘက်ဆိုက်တွေအတွက် ဂျာနယ်လစ်တွေကို မွေးရတယ်။ မီဒီယာကရိယာဟာ နိုင်ငံတကာကွန်ဖရင့်တွေ အဲန်ဂျီအိုကွန်ဖရင့်တွေကိုလည်း မော်နီတာလုပ်ပြီး ဟားမာ့စ်အတွက် အကျိုးရှိမရှိ ကိုယ်စားလှယ်လွှတ်သင့် မလွှတ်သင့် ဆုံးဖြတ်ပေးရတယ်။

၃) လုံခြုံရေးကရိယာ (အယ်လ်အမ်း)။ ဒီဌာနက အစ္စရေးထောက်လှမ်းရေးတွေ၊ သတင်းပေးတွေ ဒါမှမဟုတ် ဟားမာ့စ်ကိုဆန့်ကျင်တဲ့ တခြား ပါလက်စတိုင်း အဖွဲ့တွေ စိမ့်ဝင်ထိုးဖောက်လာတာကို ကာကွယ်တားဆီးရတယ်။ အသေးစိတ်လုံခြုံရေးစီမံချက်တွေ ရေးဆွဲဖော်ထုတ်ထားပြီး အဖွဲ့ဝင်တွေကို စစ်ဆင်ရေးလုံခြုံမှုဘာသာရပ် သင်တန်း ပေးတယ်၊ ဟားမာ့စ်အဖွဲ့ထဲ ဝင်ချင်တဲ့သူတွေအားလုံးကို နောက်ကြောင်းရာဇဝင်ရှင်းမရှင်း စုံစမ်းစစ်ဆေးတယ်၊ သစ္စာ ဖောက်လို့ သံသယရှိသူတွေ၊ အစ္စရေးတွေနဲ့ ဆက်သွယ်ထိစပ်သူတွေကို စောင့်ကြည့်တယ်။ ပါလက်စတိုင်းအမျိုးသား သစ္စာဖောက်တွေ၊ အစ္စရေးကို သတင်းပေးသူတွေကို စနစ်တကျ စုံစမ်းဖော်ထုတ်ပြီး ကွပ်မျက်တယ်။ ဒါ့အပြင် အယ်လ်အမ်း ဟာ အစ္စရေးတပ်တွေရဲ့လှုပ်ရှားမှု၊ အင်အားတို့ကိုလည်း ထောက်လှမ်းတယ်၊ ဟားမာ့စ်ဌာနခွဲတွေ ကလပ်စည်းတွေရဲ့ လှုပ်ရှားမှု တိုးတက်မှု ဆုတ်ယုတ်မှုတို့ကိုလည်း မော်နီတာလုပ်တယ်၊ တခြားပါလက်စတိုင်းတော် လှန်ရေးအဖွဲ့တွေနဲ့ ပတ်သက်တဲ့ ထောက်လှမ်းရေး အချက်အလက်တွေကိုလည်း စုဆောင်းတယ်။ ဟားမာ့စ်ခေါင်း ဆောင်တွေရဲ့လုံခြုံရေးကို တာဝန်ယူပြီး အစ္စရေးဖမ်းမိသွားတဲ့ ဟားမာ့စ်အဖွဲ့ဝင်တွေဆီက ဘာအချက်အလက်တွေ ပေါ်သွားနိုင်တယ်ဆိုတာကိုလည်း အကဲဖြတ် တွက်ချက်ရတယ်။ လုံခြုံရေးပညာကို ယခင်ရုရှားထောက်လှမ်းရေးအဖွဲ့ (ကေဂျီဘီ) ကိုလေ့လာပြီး ရယူသလို ရုပ်ရှင်တွေဆီကလည်း ရယူတယ်လို့ ဆိုပါတယ်။ လျှို့ဝှက်စာတိုက်ပုံး Dead drop တွေသုံးတာ၊ ကိုရန်ကျမ်းစာအခြေခံတဲ့ ဝှက်စာသုံးတာ တွေလည်း လုပ်ကြတယ်။

၎) စစ်ရေးကရိယာ (အယ်လ်အက်စ်ကာရီ)။ လမ်းပေါ်လူထုတိုက်ပွဲတွေထက် ကျော်လွန်တဲ့ လက်နက်ကိုင်တိုက်ပွဲအတွက် ဖြစ်တယ်။ စစချင်းမှာ တပ်ဖွဲ့(ကလပ်စည်း) ၁၂ ဖွဲ့ ဖွဲ့တယ်။ တဖွဲ့မှာ ရဲဘော် ၃ ယောက်ကနေ ၅ ယောက်အထိ ပါတယ်။ ဒီ ၁၂ ဖွဲ့ကို ဂါဇာကမ်းမြောင်နဲ့ အနောက်ဘက်ကမ်းမှာ ဖြန့်ချထားတယ်။ ဒီ ၁၂ ဖွဲ့အပြင် အရန် ၅ ဖွဲ့ ထား သေးတယ်။ စစ်သည်တွေကို လက်နက်ငယ် လက်နက်ကြီး ဖောက်ခွဲရေး အရှင်ဖမ်း-ပြန်ပေးဆွဲရေး အသေခံ တိုက်ခိုက်ရေးဘာသာရပ်တွေ လေ့ကျင့်ပေးထားတယ်။ တဖွဲ့စီက စစ်ဆင်ရေးတခုစီကို တလစီ ဆင်နွှဲရတယ်။ ဒါ့ကြောင့် ဟားမာ့စ်ဟာ တလကို တိုက်ပွဲတပွဲနှုန်းနဲ့ တနှစ်မှာ ၁၂ ပွဲတိုက်တယ်။ ဒီတော့ ကလပ်စည်းတခုစီဟာ စီမံချက်ဆွဲဖို့၊ ပြင်ဆင်ဖို့၊ သင်တန်းပေးဖို့၊ ဇာတ်တိုက်လေ့ကျင့်ဖို့ နဲ့ တပ်သားသစ်စုဆောင်းဖို့ အလှည့်ကျတနှစ်စီ အချိန်ရတယ်။ စစ်သင်တန်းတွေကို ဟားမာ့စ်ပိုင်မြေမှာ မြေအောက်ခန်းတွေ စက်ပစ်ကွင်းတွေနဲ့ လေ့ကျင့်တယ်။

ဟားမာ့စ်ရဲ့စစ်ရေးရည်မှန်းချက်တွေက (က) အစ္စရေးနိုင်ငံထဲမှာ အထိနာစေတဲ့ တိုက်ခိုက်မှုတွေ ဆင်နွှဲခြင်းအားဖြင့် အစ္စရေးအစိုးရဟာ ပါလက်စတိုင်း အရပ်သားတွေကိုတိုက်ခိုက်ရင် ဘယ်လိုအကျိုးဆက်တွေဖြစ်မယ်ဆိုတာကို သိစေ ဖို့၊ (ခ) ပါလက်စတိုင်းပြဿနာအဖြေရှာဖို့ ကမ္ဘာနဲ့ ကုလသမဂ္ဂကနေ အာရုံစိုက်လာအောင် စစ်ဆင်ရေးတွေနဲ့ ဆွဲဆောင်ဖို့၊ (၈) တိုက်ပွဲတိုက်ခြင်းအားဖြင့် ပါလက်စတိုင်းပြည်သူတွေရဲ့ စိတ်ဓာတ်ကိုမြှင့်တင်ပြီး မိမိတို့ရပ်ရွာမှာ မိမိတို့အာဏာပိုင်မှုကိုပြဖို့၊ (ဃ) အစ္စရေး ပြည်သူတွေကို စစ်ဆင်တိုက်ခိုက်ခြင်းအားဖြင့် ပါလက်စတိုင်းမြေပေါ်မှာ သူတို့အတွက်နေရာမရှိဘူး၊ သူတို့လိုလားတဲ့ လုံခြုံအေးချမ်းမှုကို အလွယ်နဲ့ မရနိုင်ဘူး ဆိုတဲ့အမှာစကားပါးဖို့ ဖြစ်တယ်။ ဟားမာ့စ်ဟာ ဒီရည်မှန်းချက်တွေနဲ့ ကိုက်ညီတဲ့ ပစ်မှတ်တွေကိုရွေးပြီး အသေခံဗုံးခွဲမှုတွေ၊ ပြောက်ကျား စစ်ဆင်ရေးတွေနဲ့ အကြမ်းဖက်တိုက်ပွဲတွေကို သင့်တော်သလို ဆင်နွှဲတာဖြစ်တယ်။

၅) စေတနာ့ဝန်ထမ်းကရိယာ (အန်စာ)။ တင်းပြည့်ဟားမာ့စ်အဖွဲ့ဝင် မဖြစ်သေးဘဲ အဖွဲ့ရဲ့လှုပ်ရှားမှုတွေမှာ ပါဝင်ဆောင်ရွက်နိုင် ကူညီနိုင်တဲ့ ပါလက်စတိုင်းတွေဖြစ်တယ်။ ဟားမာ့စ်စေတနာ့ဝန်ထမ်းဖြစ်ဖို့ဆိုရင် ဟားမာ့စ် လမ်းစဉ်နဲ့ ရည်မှန်းချက်ပန်းတိုင်ကို ထောက်ခံရမယ်၊ အစ္စလမ်ကျင့်ဝတ်နဲ့ စံနှုန်းတွေကိုလိုက်နာရမယ်၊ နောက်ခံဘဝအပါအဝင် လုံခြုံရေးစစ်ဆေးမှုကို ခံရမယ်လို့ သတ်မှတ်ထားတယ်။ စေတနာ့ဝန်ထမ်းတွေကို အထက်တန်း ကျောင်းတွေ၊ တက္ကသိုလ်တွေ၊ သမဂ္ဂတွေ ကနေရတယ်။ စေတနာ့ဝန်ထမ်းတွေဟာ နောက်ဆုံးမှာ တင်းပြည့်အဖွဲ့ဝင်အဖြစ်ကို ရောက်သွားကြတယ်။ အစပိုင်းမှာ စေတနာ့ဝန်ထမ်းတွေနဲ့ တင်းပြည့်အဖွဲ့ဝင်တွေကြား ပဋိပက္ခတွေရှိခဲ့လို့ နောက်ပိုင်းမှာ တန်းတူအခွင့်အရေးပြဿနာကို ဖြေရှင်းပေးခဲ့ရတယ်။

ဟားမာ့စ်တိုက်ပွဲဝင်ကွန်ယက် ကရိယာ ၁-၂ နဲ့ ဟားမာ့စ်လူမှုရေးကွန်ယက်တို့က ဘယ်ခြေထောက် - လူထုအကျိုးပြု လုပ်ငန်းနဲ့ လူထုတိုက်ပွဲတွေ၊ တိုက်ပွဲဝင်ကွန်ယက် ကရိယာ ၃-၄ က ညာခြေထောက် - စစ်ရေးလုပ်ငန်းနဲ့ သစ္စာ ဖောက်ရှင်းလင်းရေးလုပ်ငန်းဖြစ်ပြီး ကရိယာ ၅ ကတော့ ခြေထောက်နှစ်ဖက်စလုံးအတွက် ရှေ့ပြေးအဆင့် ဖြစ်ပါ တယ်။ ခြေနှစ်ချောင်းပေါ်မြဲမြဲရပ်နေတဲ့ ဟားမာ့စ်ကို ဖြုတ်ချအာဏာသိမ်းဖို့ ၂၀၀၇ ခုအစပိုင်းမှာ အမေရိကန်နဲ့ အစ္စရေးတို့က ဖာတာတပ်ဖွဲ့တွေကို ငွေအား လက်နက်အား ထောက်ပံ့ပေးပြီး ကြိုးပမ်းခဲ့ပေမဲ့ နောက်ဆုံးမှာ ဂါဇာ ကမ်းမြောင်တခုလုံးကို ဟားမာ့စ်ကအပိုင်သိမ်းသွားတာဘဲ အဖတ်တင်ခဲ့ပါတယ်။

ဘာသာရေးအစွန်းရောက်အဖွဲ့ အကြမ်းဖက်အဖွဲ့လို့သတ်မှတ်ခံရတဲ့ ဟားမာ့စ်ရဲ့ နိုင်ငံရေးထိုးစစ်ကိုကြည့်ရင် အစောပိုင်းကာလ ၁၉၈၈ မှာတုံးက အစ္စရေး နိုင်ငံဖျက်သိမ်းရေးနဲ့ ပါလက်စတိုင်း အစ္စလမ်နိုင်ငံ ထူထောင်ရေးကို ကြွေးကြော်ခဲ့ပါတယ်။ ၂၀၀၄ ခုမှာတော့ အနောက်ဖက်ကမ်းနဲ့ ဂါဇာကမ်းမြောင်မှာ ပါလက်စတိုင်းနိုင်ငံထူထောင်ခွင့်ရရင် လက်နက် ကိုင်တော်လှန်ရေးကို အဆုံးသတ်မယ်လို့ ကမ်းလှမ်းခဲ့ပါတယ်။ ပါလက်စတိုင်းတွေရဲ့ သမိုင်းဆိုင်ရာရပိုင်ခွင့်တွေ အပြည့်အဝပြန်ရဖို့ လာမယ့်မျိုးဆက်တွေ ဆက်တာဝန်ယူရလိမ့်မယ်၊ လက်ရှိကာလမှာ ပါလက်စတိုင်းနယ်မြေအားလုံး လွတ်မြောက်အောင်လုပ်ဖို့ ခက်တယ်၊ ဒါကြောင့် တဆင့်ချင်းလွတ်မြောက်ရေးကို လက်ခံတယ်လို့ ပြောခဲ့ပါတယ်။ အစ္စရေးနဲ့ အမေရိကန်တို့ကတော့ ထုံးစံအတိုင်း ဒီကြေညာချက်တွေကို ပယ်ချခဲ့ပါတယ်။ ဒါ့အပြင် ဟားမာ့စ်အဖွဲ့ဟာ အစ္စရေးကို တိုက်နေတာ ဘာသာရေး-လူမျိုးရေးအခြေခံမဟုတ်၊ နိုင်ငံရေးအကြောင်းခံဖြစ်တယ်လို့လည်း ၂၀၀၆ ခုမှာ ပြောခဲ့ပါတယ်။ ဂျူးလူမျိုးတွေဟာ ဘုရားသခင်ဗျာဒိတ်ပေးခံရတဲ့လူမျိုးဖြစ်လို့ လေးစားရမယ်၊ ကာကွယ်စောင့်ရှောက် ရမယ်လို့တောင် ဟားမာ့စ်ခေါင်းဆောင်က ပြောခဲ့ပါသေးတယ်။

ကမ္ဘာတလွှားမှာ ဒီမိုကရေစီသဘောတရားတွေ၊ အကြမ်းမဖက်တိုက်ပွဲနည်းနာတွေ ဖြန့်ချီပေးနေတဲ့၊ အမေရိကန်နိုင်ငံက ပင်မဒေါက်တိုင် အဖွဲ့ကြီး တခုဖြစ်တဲ့ အိုင်အာရ်အိုင်ဟာ ဟားမာ့စ်အဖွဲ့ကို အင်မတန်မုန်းပေမဲ့ ဟားမာ့စ်ရဲ့ လူထုအကျိုးပြုလုပ်ငန်းတွေ၊ နိုင်ငံရေးအံတုမှု လုပ်ရပ်တွေနဲ့ အကြံအဖန်မလုပ် ခြမစားတာတွေကိုတော့ အသိအမှတ်ပြု လေ့လာနေရပါတယ်။
ဂါမဏိ
(မလေးရှားနိုင်ငံတွင်ထုတ်ဝေသည့် အေဘီစီဂျာနယ်တွင် ဖော်ပြခဲ့သည့် ဆောင်းပါးဖြစ်ပါသည်။)
ဖိုးတရုတ်ဘလော့မှကူးယူဖေါ်ပြသည်။

No comments:

Post a Comment