ondragstart="return false" onselectstart="return false"

Monday, November 23, 2009

ခရီးသည်တင် နှစ်ထပ်သင်္ဘော ပြစ်ခတ်မှု ဒီကေဘီအေ လက်ချက်ဟု ဒေသခံ ပြော

ရဲရင့် / ၂၃ နိုဝင်ဘာ ၂၀၀၉

ခရီးသည်တင် နှစ်ထပ်သင်္ဘောကို ယခင်လအတွင်းမှ ပစ်ခတ်ခဲ့မှုဖြစ်ပွားခဲ့ရာတွင် တိုးတက်သောဗုဒ္ဒဘာသာ ကရင်အမျိုးသား တပ်ဖွဲ့ (ဒီကေဘီအေ) က ပစ်ခတ်ခြင်းဖြစ်သည်ဟု ဒေသခံ တကောင်ဘိုးရွာသားတဦးက ပြောသည်။

ဖားအံမြို့နှင့် ရွှေဂွန်းကျေးရွာသို့ ပြေးဆွဲသည့် ပြည်တွင်းရေကြောင်းဌာနပိုင် စောဥမ္မာ အမည်ရှိ ခရီးသည်တင်နှစ်ထပ်သင်္ဘောကို ဖားအံမြို့နယ် တကောင်ဘိုးကျေးရွာတွင် ယခင်လ (၁၀) ရက်တွင် လက်နက်ကိုင်အဖွဲ့တခု က ကမ်းစပ်မှ ချောင်းမြောင်းပစ်ခတ် သဖြင့် ခရီးသည်(၃) ဦး သေဆုံးခဲ့သည်။

အဆိုပါ ပစ်ခတ်မှုအပြီး နောက်တနေ့တွင် စစ်အစိုးရပိုင် သတင်းဌာနများက ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) အဖွဲ့၏ လက်ချက်ဖြစ်သည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ မျက်မြင်တဦးဖြစ်သည့် ဒေသခံ တကောင်ဘိုးရွာသားတဦးက “မနက် (၇) နာရီ မထိုးသေးဘူး တကောင်ဘိုးရွာ လှေဆိပ်မှာထိုင်တဲ့ ဒီကေဘီအေက အကောက်မှူး ဗိုလ်ဂျပုကို သူတို့အဖွဲ့ကလူတွေပဲ လာပစ်သတ်သွားတယ်။ သစ်ကိစ္စလို့ပြောတယ်၊ အဲဒါပြီးတာနဲ့ ရွှေဂွန်းကနေ ဖားအံကိုဆင်းမယ့် သင်္ဘောရဲ့အပေါ်ထပ် ဦးပိုင်းမှာရှိတဲ့ သင်္ဘောလုံခြုံရေး ရဲတွေကို သူတို့ပဲ အရင်ပစ်တယ်၊ ရဲကလည်းပြန်ပစ်တော့ နှစ်ဖက်အပြန်အလှန် ပစ်ကြပြီး ခရီးသည် (၃) ယောက်သေသွားတယ်၊ ကျနော်တို့ရွာမှာ ငပွေး (ကေအန်ယူ) တွေ မလာတာ အနှစ် (၂၀) ကျော်ပြီ” ဟု ပြောသည်။

တကောင်ဘိုးရွာလှေဆိပ်တွင် ဒီကေဘီအေမှ အကောက်ဂိတ်ဖွင့်ထားပြီး မြိုင်ကြီးငူနှင့် ရွှေဂွန်း ဘက်မှ စုံဆင်းလာသည့် သစ်ဖောင်များကို အခွန်ကောက်ခံရာတွင် ဂိတ်မှူးဗိုလ်ဂျပုသည် အခွန် အဆမတန်တောင်းခြင်း၊ သစ်ဖောင်သမားများအား ရမယ်ရှာကာ နေပူလှန်းခြင်း၊ အချိန်ကြာမြင့်စွာ ရေငုတ်ခိုင်းခြင်း၊ သစ်တောမျှောစာ ပါသည်မပါသည်ဖြစ်စေ မတရားအကြပ်ကိုင် ခြိမ်းခြောက်ငွေညှစ်ခြင်းတို့ကြောင့် ဒီကေဘီအေ အပါအ၀င် အခြားသစ်လုပ်ငန်းရှင်များနှင့်လည်း မကြေလည်မှုများ မကြာခဏဖြစ်ပွားလေ့ရှိကြောင်း အဆိုပါဒေသခံက ပြောသည်။

သင်္ဘောပစ်ခတ်သူများကို ယနေ့အချိန်ထိ အာဏာပိုင်များမှ ဖမ်းဆီးစစ်ဆေးနိုင်ခြင်း မရှိသေးဘဲ ကေအန်ယူအဖွဲ့ကို အပြစ်ပုံချထားပြီး သေဆုံးသူများကိုလည်း တစုံတရာ အကူအညီပေးခြင်းလုံးဝမရှိဟု သေဆုံးရာတွင်ပါဝင်သည့် ကုလားကုန်းရွာသားတဦး၏ မိတ်ဆွေများက ပြောသည်။

ကေအန်ယူ ဗဟိုအဆင့် ခေါင်းဆောင်တဦးကလည်း အခင်းဖြစ်ပွားရာ သံလွင်မြစ် အနောက်ဘက်ခြမ်းဒေသတွင် ၎င်းတို့တပ်ဖွဲ့ဝင်များ မရှိကြောင်း၊ ဒီကေဘီအေ အဖွဲ့၏ ထိန်းချုပ်နယ်မြေအတွင်း ဖြစ်ပွားခဲ့ခြင်းသာဖြစ်ပြီး နအဖက ကေအန်ယူကို
နိုင်ငံရေးအရ ထိုးနှက်ခြင်းသာဖြစ်ကြောင်း ပြောသည်။

၁၉၉၄ ခုနှစ်နှောင်းပိုင်း ဒီကေဘီအေအဖွဲ့ စတင်ပေါ်ပေါက်ချိန်မှစ၍ ဖားအံမြို့နယ်နှင့် ဆက်စပ်သည့် သံလွင်မြစ် အနောက်ဘက်ခြမ်းတွင် ကေအန်ယူတပ်ဖွဲ့များ လှုပ်ရှားမှုမရှိတော့ကြောင်း ဒေသခံများက ပြောသည်။

No comments:

Post a Comment