ondragstart="return false" onselectstart="return false"

Thursday, November 12, 2009

‘နံပါတ်ဝမ်း’ သန်းရွှေ ရဲ့ (ကိုယ်ရေးအကျဉ်း)

Wednesday, November 11, 2009

ဘယ်အချိန်မှာ ဘယ်သူ့ကပ်ရမယ်ဆိုတာကို စစ်အုပ်စုတိုင်းကသိ တယ်။ ကြေးစားစစ်ဗိုလ်ရဲ့ ဗီဇစိတ်ကြောင့်ပဲ ဖြစ်လိမ့်မယ်။ “အိမ် စောင့်” ရတုန်းက အမေရိကန်၊ အစ္စရေးလ်ကို ကပ်တယ်။ မဆလ စစ်အုပ်စုက တအိမ်လုံးသိမ်းမိတော့ ကမ္ဘာ့ဗိုလ်ကြီး (၂) ဗိုလ်ကို ကပ် တယ်။ နောက်တော့ အမွေခံ ‘နဝတ’ က တရုတ်နဲ့ အာဆီယံ၊ အိန္ဒိယကို ကပ်တယ်။ အခုတော့ နအဖ က တရုတ်၊ အာဆီယံ၊ အိန္ဒိ ယ အပြင် အမေရိကန်ကိုပါကပ်ဖို့ လမ်းစရသွားပြီ။

ဂြိုဟ်ကောင် ‘ဂျွန်ယက်တော’ ကို အမေရိကန် လွှတ်တော်အမတ်က အထူးစစ်လေယာဉ်နဲ့ခေါ်ပြီး ပြန်သွားနိုင်ခဲ့ပြီ။ သန်းရွှေ ကို ‘အ’ တယ် မထင်ပါနဲ့။ အောက်ခြေကနေ အခုအမြင့်ဆုံး နံပါတ်ဝမ်းအထိ တက်လာနိုင်တာဟာ ဘယ်အချိန်မှာဘယ်သူ့ကပ်ရမယ်ဆိုတာ သိလို့၊ အကင်းပါးလို့ပဲ။

၁၉၅ဝ နှစ်ပိုင်းတွေက မြောက်ပိုင်းတိုင်းမှာ ဆိုရှယ်လစ်စစ်ဗိုလ်ကြီးတွေ စုမိပြီး ဗကပ ချေမှုန်းရေးထိုးစစ်ကြီးတွေ ဆင်တုန်းက သန်းရွှေ က အဲဒီတုန်းက တန်ခိုးထွားနေတဲ့ မြန်အောင်သခင်ချစ်မောင်ကို ကပ်မိတယ်။ မြန်အောင်သခင်ချစ်မောင်ရေးတဲ့ “နိုင်ငံရေး သံဝေဂ စာတမ်း” (သူ့စာအုပ်နာမည်တော့ မေ့နေပြီ) အဲဒီစာတမ်းမှာ အထက်ဗမာပြည် ထိုးစစ်ကြီးအတွင်း စိတ်ဓာတ်စစ်ဆင်ရေးဌာနရဲ့ အာ ဏာပိုင်အဖြစ် ပါဝင်နေရတုန်းက နာမည်ပျက်ပျက်ရုံ အရက်သောက်တဲ့အကျင့်ရကြောင်း ရေးဖူးတယ်။ အဲဒီကာလက သန်းရွှေက ဗိုလ်ပေါက်စပဲ။ မြန်အောင်သခင်ချစ်မောင်ကို အထူးပြုစုတဲ့ စားပွဲထိုးအလုပ် တက်တက်ကြွကြွ လုပ်ခဲ့တယ်။

ချစ်မောင် မျက်စိကျသွားတယ်။ နောက်တော့ ‘စိတ်ဓာတ်စစ်ဆင်ရေး’ ရောက်သွားတယ်။ ကွန်မြူနစ်ပျက် ပါရီပြန် ကိုချစ်လှိုင် (အခု ကိုကို မောင်ကြီး) က အလားအလာကောင်းတဲ့သူအဖြစ် သန်းရွှေကို မွေးမြူတယ်။ အဲဒီကတည်းက သန်းရွှေဟာ တက်လမ်းချည်း ပဲတွေ့ ရတော့တယ်။

နောက်ဆုံး နေဝင်းက အာဏာအမွေလွှဲတော့ နံပါတ်တူးအဖြစ်နဲ့ အာဏာပိုင်တယောက် ဖြစ်လာတာပဲ။ တဦးတည်း အာဏာပိုင်တော့ မဟုတ်သေးဘူး။

ဗိုလ်စောမောင် က နိုင်ငံရေးအကွက် မမြင်ဘူး။ ရိုးတယ်။ အတယ်။ ၁၉၉ဝ ရွေးကောက်ပွဲဟာ အာဏာလွှဲပေးဖို့လုပ်တဲ့ ရွေးကောက်ပွဲ လို့ ထင်ခဲ့ပြီး စကားတွေ အလွန်အကျွံ ပြောမိတယ်။ နောက်ဆုံးတော့ ရွေးကောက်ပွဲပြီးရင် စစ်တန်းလျား မပြန်ရဘဲ သူပဲ အရူးဖြစ်ကာ ဇာတ်သိမ်းရတယ်။

ဗိုလ်စောမောင် မရှိတော့ သန်းရွှေဟာ နံပါတ်ဝမ်း (နာမည်ခံသာ) ဖြစ်နေတာပဲ။ ဗိုလ်မောင်အေး၊ ဗိုလ်ခင်ညွန့်နဲ့ ပူးတွဲအာဏာ ကျင့်သုံး နေရတာ ဖြစ်တယ်။ နေဝင်းကိစ္စပေါ်တော့ ဗိုလ်ခင်ညွန့် အာဏာကျစပြုတယ်။ ဒဘယင်း (ဒီပဲယင်း) ပြီးမှပဲ ဗိုလ်ခင်ညွန့်ကို ဖယ်ပစ် နိုင်တာပဲ။ ဗိုလ်ခင်ညွန့်ကိုစွဲတဲ့ အမှုကကြီးတယ်။ ဗိုလ်စောမောင်ကို ဖယ်ရှားတုန်းကလို လုပ်လို့မဖြစ်ဘူး။ ဒါကြောင့် ထောင်နှစ်ရှည် ချတယ်။ ပြီးမှ ဆိုင်းငံ့ပေးတယ်၊ ဆိုင်းငံ့တာရဲ့ အကြောင်းကတော့ ‘စစ်အုပ်စု ဝံသာနုစိတ်’ ကြောင့်ပါ။ (တလောက ဗြုတ်စဗျင်းတောင်း တယောက်က ဗိုလ်ခင်ညွန့်ကို သန်းရွှေရဲ့ မွေးစားသားလို့ပြောတာ ကြားလိုက်ရတယ်။ စစ်အုပ်စုထိပ်သီးတွေရဲ့ ကိုယ်ရေးအကြောင်း မသိဘဲ သန်းရွှေကို (ဖား) ချင်လွန်းအားကြီးပြီး ပြောလိုက်ပုံရတယ်။ နေဝင်းရဲ့ မွေးစားသားဆိုရင် ဟုတ်သလိုလို ရှိဦးမယ်။)

သန်းရွှေ နံပါတ်ဝမ်းစစ်စစ်ဖြစ်တာ ဒဘယင်း (ဒီပဲယင်း) အပြီး ဗိုလ်ခင်ညွန့်ကို ဖြုတ်ပြီးမှ ဖြစ်တာပါ။ ဓနုပုံပြင်တခု ရှိတယ်။ စပါးကြီးမြွေ မှာ သူဋ္ဌေးကွက်ဆိုတဲ့ အကွက်တကွက်ရှိတယ်။ အကွက်တွေ ထောင်သောင်းထဲမှာ တကွက်ပဲ ပါတာတဲ့။ ပြီးတော့ အဲဒီအကွက်က ပုံမှန်မရှိဘူး။ အမြဲ စက္ကန့်နဲ့အမျှ ပြောင်းနေတာဆိုပဲ။ အဲဒီသူဋ္ဌေးကွက်ကို ပထမဆုံး တုတ်ချက်နဲ့ ရိုက်မိရင် ဒီရေအလား စည်းစိမ်တိုးပြီး သူဋ္ဌေးဖြစ်တာပဲတဲ့။ သန်းရွှေလည်း မြန်အောင်ချစ်မောင်ကို ကပ်မိတာဟာ သူဋ္ဌေးကွက်ကို ရိုက်မိတာပဲ ဖြစ်လိမ့်မယ်။

သန်းရွှေဟာ အခု အမေရိကန်ကိုကပ်ဖို့ လမ်းစရသွားပြီ။ ဒေါ်အောင်ဆန်းစုကြည်က အိမ်ချုပ် - ဂြိုဟ်ကောင်က ကျော့ကျော့မော့မော့ အိမ်ပြန်သွားပြီ။ အမေရိကားမှာ သူက တစုံတရာထင်ပေါ် ကျော်ကြားသူ ဖြစ်ဦးတော့မယ်။ ‘ဗမာပြည်အရေး ကျွမ်းကျင်သူ’ နိုင်ငံခြား သား နောက်ထပ်တယောက် တိုးပြန်ဦးမယ်။

http://cpburma.org မှ ကူးယူတင်ဆက်သည်။

No comments:

Post a Comment