ondragstart="return false" onselectstart="return false"

Tuesday, November 24, 2009

နယ်ခြားစောင့်တပ် သို့မဟုတ် တိုင်းရင်းသားတပ်ဖွဲ့များအတွက် မဟာစစ်သင်းချိုင်း

Tue 24 Nov 2009, မင်းစိုင်းနွန်ဒေါ

လွန်ခဲ့သည့် နိုဝင်ဘာ ၈ ရက်နေ့က စခုန်တိန်ယိမ်း NDA-K ကချင်ဒီမိုကရေစီသစ်တပ်မတော်နှင့် ဦးထွန်းကျော် ကရင်နီလူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ်ဖွဲ့ (ကလလတ) တို့၏ နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းမှု အခမ်းအနားများကို နအဖသတင်းစာနှင် TV တို့တွင် တွေ့မြင်ခဲ့ရသည်။ ထိုသတင်းဌာနတို့က စစ်အစိုးရအနေဖြင့် ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသော တိုင်းရင်းသားအဖွဲ့အစည်းများအား နိုင်ငံတော်၏ တရားဝင်လက်နက် ကိုင်ဆောင်သည့် နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းမှုဟု အမွှန်းတင်ရေးသားကြလေသည်။

ယနေ့တွင် ကချင်ပြည် ဒီမိုကရေစီသစ်တပ်မတော် NDA-K နှင့် ကရင်နီလူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ် ကလလတ စသည့်အဖွဲ့အစည်းတို့ လုံးဝ (လုံးဝ) မရှိတော့ပါ။ မိမိတိုင်းရင်းသား လွတ်မြောက်ရေးအတွက် နှစ်ပေါင်းများစွာ တော်လှန်တိုက်ပွဲဝင် ဆင်နွှဲလာခဲ့ကြသော အဆိုပါ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ခေါင်းဆောင်တို့သည် နယ်ခြားစောင့်တပ်အသွင်ဖြင့် စစ်အစိုးရထံ မိမိတပ်ဖွဲ့များကို ထိုးအပ်လိုက်ပြီး မူလတပ်ဖွဲ့အမည်နာမတို့ကိုလည်း အပြီးတိုင် မြေမြှုပ်သဂြိုလ်ခဲ့ကြပြီ။

အဆိုပါ နယ်ခြားစောင့်တပ် အသွင်ပြောင်းလဲခြင်း အခမ်းအနားကို ကချင်ပြည်နယ် အထူးဒေသ (၁) လုပီ၊ ဂန့်ဂွင်နှင့် စင်ကြိုင် ဒေသတို့တွင် နယ်ခြားစောင့်တပ်ရင်း ၃ ရင်း ဖွဲ့စည်းခဲ့သည်ဟု သိရပါသည်။ နယ်ခြားစောင့်တပ်ရင်း အမှတ် (၁ဝဝ၁) (၁ဝဝ၂) (၁ဝဝ၃)တို့ ဖြစ်ကြသည်ဟု သတင်းဌာနများတွင် ရေးသားဖေါ်ပြခဲ့ကြသည်။ တစ်ခုတည်းသော လုပီဒေသ၌ ကချင်ပြည်နယ်တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းက နယ်ခြားစောင့်တပ်အရာရှိများအား ဘက်တဆိပ်များ တပ်ဆင်ပေးနေပုံကို စစ်အစိုးရသတင်းစာများတွင် ဓါတ်ပုံနှင့်တကွ ဖေါ်ပြထားသည်။ ကျန်ဒေသနှစ်ခုကိုမူ စစ်အစိုးရသတင်းများတွင် မတွေ့ရှိခဲ့ပါ။

တဆက်တည်းမှာပင် ကချင်ပြည် ဒီမိုကရေစီသစ် တပ်မတော် (NDA-K) မှ အသွင်ပြောင်း ဖွဲ့စည်းလိုက်သည့် နယ်ခြားစောင့်တပ်ဖွဲ့ဝင် အင်အား (၁ဝဝ) ကျော်ခန့်ကို နိုဝင်ဘာ (၁၄) ရက်၌ ကချင်ပြည်နယ်၊ မြစ်ကြီးနားရှိ မြို့တော်ခန်းမတွင် အခမ်းအနားဖြင့် ကြိုဆိုခဲ့ပြန်သည့်သတင်း ထပ်မံ ဖတ်ရှုခဲ့ရသည်။

အဆိုပါ စခုန်တိန်ယိမ်း ဦးဆောင်သော NDA-K အဖွဲ့သည် ၁၉၈၉ ခုနှစ် ဒီဇင်ဘာလတွင် ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်ခဲ့ပြီး မြန်မာစစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲခဲ့စဉ် အင်အား ၁၂၈၆ ဦးခန့် ရှိသည်။ယခုတွင်တပ်ဖွဲ့အင်အား အနည်းအကျဉ်းမျှသာရှိတော့သည်။

KNG ခေါ် ကချင်သတင်းဌာနအယ်ဒီတာ ဘရန်နော်တင်၏ ပြောပြချက်အရ NDA-K စုစုပေါင်းတပ်ရင်း ၃ ရင်းတွင် တပ်ဖွဲ့ဝင်အင်အား အလွန်နည်းပါး နေပါသည်။ အထူးသဖြင့် တပ်သားအများအပြား KIO သို့ ကူးပြောင်းဝင်ရောက်ခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ဆိုပါသည်။

ထို့အတူ ကယားပြည်နယ် အထူးဒေသ (၂) ပန်တိန်းဒေသတွင်လည်း ကယားပြည်နယ် တိုင်းမှူး ဗိုလ်မှူးချုပ်ဝင်းမြင့်နှင့် စွပ်ပိုင်ဒေသတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တိုင်းမှူး ဗိုလ်ချုပ်ရာပြည့်တို့ တက်ရောက်ခဲ့သည်ကို လေ့လာလျှင် ကလလတ တပ်ဖွဲ့များကို တပ်ရင်း ၂ ရင်းခွဲ၍ နယ်ခြားစောင့်တပ်အသွင် ကူးပြောင်းမှုအခမ်းအနား ကျင်းပခဲ့သည်ကိုလည်း တွေ့ရှိခဲ့ရသည်။

သတင်းမှတ်တမ်းများအရ ၁၉၉၄ ခုနှစ် မေလ ၉ ရက်နေ့တွင် တပ်ဖွဲ့ဝင်အင်အား ၁၆၀၉ ဦးခန့်ရှိသော ကရင်နီလူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ်ဦး (ကလလတ KPLA) ကို ဦးစန္ဒာနှင့် ဦးထွန်းကျော်တို့ ဦးဆောင်ကာ ယခင်နဝတ စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲခဲ့သည်။

ကလလတ အဖွဲ့ ဥက္ကဌဖြစ်သူ ဦးစန္ဒာသည် အသက်အရွယ်အရ ကျန်းမာရေးကြောင့် မလုပ်ကိုင်နိုင်တော့သဖြင့် လက်နက်အပ်၍ သာမန်ပြည်သူတဦးအဖြစ် နေထိုင်သွားမည် ဖြစ်ပြီး ကရင်နီပြည်နယ် (ကယားပြည်) ၀န်ကြီးရာထူးတစ်နေရာရာကို လိုလားနေသူတဦးဖြစ်သူ ဒု-ဥက္ကဌ ဦးထွန်းကျော်က စစ်အစိုးရထံ လက်နက်အပ်ပြီး လာမည့် ၂၀၁၀ အထွေထွေရွေးကောက်ပွဲကို ပါတီတစ်ရပ်ဖွဲ့စည်းပြီး ၀င်ရောက်ယှဉ်ပြိုင်မည်ဟု ကန္တာရဝတီတိုင်း(မ်) သတင်းဌာနက ဆိုသည်။ ဦးထွန်းကျော်သည် ကယားပြည်နယ်တွင် စီးပွားရေးလုပ်ငန်းများစွာကို ပိုင်ဆိုင်ထားသူတစ်ဦးဟု သိရပါသည်။

အကယ်စင်စစ်မှာ အဆိုပါတိုင်းရင်းသားတပ်ဖွဲ့ ခေါင်းဆောင်တို့ကို စစ်အစိုးရက စီးပွားရေးလုပ်ကွက်အချို့နှင့် ငွေကြေးပင်စင်ထောက်ပံ့ကာ အနားပေးလိုက်ခြင်းဖြစ်ပြီး ၄င်းတိုင်းရင်းသားတပ်ဖွဲ့ ခေါင်းဆောင်တို့ ဆိုသူကလည်း ၄င်းတို့၏ တပ်ဖွဲ့ဝင်များကို စစ်အစိုးရထံ အပြီးတိုင် ထိုးအပ်လိုက်ခြင်းပင် ဖြစ်ပေသည်။

၎င်းတပ်ဖွဲ့ဝင်တို့သည် မိခင်အဖွဲ့အစည်း အဖျက်သိမ်းခံသွားရပြီးနောက် စစ်အစိုးရအရာရှိများ အုပ်ချုပ်သော တပ်ရင်းများတွင် ဆက်လက်တာဝန် ထမ်းဆောင်ရပါမည်။ မြန်မာပြည် ဒေသအနှံ့အပြားသို့ သွားရောက် ထိုးစစ်ဆင်ကြမည့် နယ်ခြားစောင့်တပ်များ ဖြစ်သွားကြလေပြီ။

ထိုနယ်ခြားစောင့်တပ် ဖွဲ့စည်းခြင်းနှင့် ပတ်သက်ပြီး ဤတပ်မတော်ကြီးအတွင်း၌ တိုင်းရင်းသားငြိမ်းချမ်းရေး အထူးတပ်ဖွဲ့များ နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် ဝင်ရောက်လာခြင်းမှာ ပတ္တမားငမောက်ကို စိန်သားဖြင့် စီခြယ်သကဲ့သို့ ပနံသင့်လှပေသည်ဟု ဆောင်းပါးရှင် ကိုမြန်မာ ဆိုသူက နိုဝင်ဘာလ ၁၅ ရက်နေ့ထုတ် မြန်မာသတင်းစာများတွင် ချီးမွမ်းခန်းဖွင့် ရေးသားထားသည်ကို တွေ့ရပြန်သည်။
ထိုကဲ့သို့လည်း ချီးမွမ်းအပ်ပါပေသည်။ အဘယ်ကြောင့်ဆိုသော် နအဖတို့ အနေနှင့် တပ်သားသစ်များကို လိုက်လံစုဆောင်းစရာ မလိုပဲ တိုက်ခိုက်ရည်စွမ်း ရှိပြီးသား တိုင်းရင်းသားတပ်ဖွဲ့ဝင်များကို အစုလိုက်အပြုံလိုက် အလကားရလိုက်သဖြင့် အတိုင်းမသိ ပျော်ရွှင်ဘွယ်ဘိပါတကား။

အပစ်အခတ်ရပ်စဲမှု ပြုလုပ်နေစဉ်ကာလ၌ နအဖသည် လက်နက်ချပါဆိုသည့် ဝေါဟာရစကားလုံးကို အပစ်ရပ်အဖွဲ့များအပေါ် လုံးဝမသုံးစွဲခဲ့ကြပေ။ အပစ်အခတ်ရပ်စဲထားယုံမျှသာ ဖြစ်ပြီး ယုံကြည်မှုတည်ဆောက်ရေးဟု ဆိုပါသည်။ နိုင်ငံရေးအရ ဆွေးနွေးမှု မပြုနိုင်သည်မှာ ၄င်းတို့သည် တရားဝင်အစိုးရ မဟုတ်ကြောင်း အကြောင်းပြ ပြောဆိုခဲ့သည်ကို သတိပြုစေလိုသည်။
တဖန် အပစ်အခတ်ရပ်စဲသည့် အဖွဲ့အစည်းများနှင့် စစ်အစိုးရထံ လုံးဝလက်နက်ချလိုက်ကြသည့်အဖွဲ့တို့ကို ငြိမ်းအဖွဲ့ဟု လေသံပေး ဆိုပြန်သည်။ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာပြီဟုလည်း အခမ်းအနားများ ကျင်းပကာ ဆိုင်းဘုတ်တင်ခဲ့သည်။ ယခင် မဆလခေတ်က မတရားအသင်း ကြေညာခံထားရသော အပစ်ရပ်အဖွဲ့ မွန်ပြည်သစ်ပါတီသည်လည်း ယခုတွင် မတရားအသင်းပင် ဖြစ်နေသေးသလောဟု တွေးတောစရာများ ဖြစ်နေဆဲပင်။

စစ်အစိုးရ အုပ်ချုပ်သည့် မြန်မာနိုင်ငံတွင် ကမ္ဘာ့တတိယမြောက် အဂတိ အလိုက်စားဆုံး နိုင်ငံအဖြစ် နိုင်ငံတကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့ Transparency International မှ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ထုတ်ပြန်သော နှစ်ပတ်လည် အစီရင်ခံစာတွင် ဖော်ပြထားပါသည်။ ၄င်းအချက်အလက်များကို ထောက်ရှုခြင်းအားဖြင့် ရုပ်ဝထ္တုပိုင်းအရ တဖြေးဖြေး ပျက်စီးလာနေသော မြန်မာနိုင်ငံသည် လူသားတို့၏ စိတ်ဓါတ်ရေးရာပိုင်းတွင်လည်း မသိမသာ ယိုယွင်းလာသည်ကို သုံးသပ်တွေ့ရှိနိုင်သည်။

ထို့ကြောင့် လူမှုစီးပွားရေးရပ်ဝန်းတွင်သာမက မြန်မာ့နိုင်ငံရေးအသိုင်းအဝိုင်းတွင်လည်း ကိုယ်ကျင့်သိက္ခာ နိမ့်ကြသူများ ပါဝင်လာသည်ကို တွေ့ခဲ့မြင်ခဲ့ကြပါမည်။ ၄င်းအပြင် မျိုးချစ်သူရဲကောင်းဘွဲခံ တိုင်းရင်းသားခေါင်းဆောင် တော်လှန်ရေးသမား အများအပြားတို့သည်လည်း မူလရည်ရွယ်ချက်နှင့် ခုတ်ရာတခြား ရှရာတလွဲ ဖြစ်သွားသူများလည်း ရှိခဲ့၏။ တိုက်အိမ်၊ ခြံမြေ၊ မော်တော်ကားမြင်မိသည်နှင့် မိမိတပ်ဖွဲ့ကို ရန်သူထံ ထိုးအပ်ခဲ့သည့် အဖြစ်များစွာနှင့် ကြုံတွေ့နေရဆဲ ဖြစ်သည်။

လတ်တလောကာလတွင် အပစ်ရပ်အဖွဲ့များတွင် အင်အားကြီးမားသည့် UWSA ဝပြည်နယ်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့နှင့် KIO ကချင်လွတ်မြောက်ရေးအဖွဲ့တို့အား နယ်ခြားစောင့်ပြောင်းလဲရန် ယခုနိုဝင်ဘာလအတွင်း၌ စစ်အစိုးရ ကိုယ်စားလှယ် ဒုဗိုလ်ချုပ်ကြီးရဲမြင့် ထပ်မံပြောဆိုလာပြန်သည်။

ဤနှစ်ဖွဲ့အား စစ်အစိုးရအလိုအတိုင်း နယ်ခြားစောင့်တပ် ဖွဲ့စည်းနိုင်ခဲ့လျှင် အခြားအဖွဲ့များကို ပြောင်းလဲရန် မခက်တော့ဟု စစ်အစိုးရတို့ ယူဆထားပုံပေါ်သည်။ သို့သော်လည်း ညှိနှိုင်းမှုများ မအောင်မြင်သေးပေ။

ထို့အတူ နိုဝင်ဘာ ၁၄ ရက်နေ့တွင် နအဖ ကိုယ်စားလှယ် ဒုဗိုလ်ချုပ်ကြီးရဲမြင့်၊ ရမခ ဒုတိုင်းမှူး ဗိုလ်မှူးချုပ်လှမြင့်၊ ဂျီဝမ်း ဒုဗိုလ်မှူးကြီးမင်းဟိန်း နှင့် သျှမ်းပြည်တပ်မတော် မြောက်ပိုင်း SSA အပစ်ရပ်တပ်ဖွဲ့ ဥက္ကဌ ဗိုလ်ချုပ်လွယ်မောဝ်၊ ဒုဥက္ကဌ ဗိုလ်ချုပ်ကိုင်ဖ၊ ဗိုလ်မှူးကြီးစိုင်းတူး၊ ဗိုလ်မှူးကြီးဂေါင်တိုင်းတို့ နယ်ခြားစောင့်တပ် အသွင်ပြောင်းလဲရေးကိစ္စ လားရှိုး၌ တွေ့ဆုံဆွေးနွေးခဲ့သော်လည်း ညှိနှိုင်း၍ မရဟု သျှမ်းသံတော်ဆင့် သတင်းဌာနက ဖေါ်ပြခဲ့သည်။

လက်တွေ့တွင် နယ်ခြားစောင့်တပ် ဖွဲ့မည်ဟု စစ်အစိုးရကို ကတိပေးထားခဲ့သော DKBA တိုးတက်သောကရင်ဗုဒ္ဓဘာသာတပ်မတော်၊ KPF ကရင်ငြိမ်းချမ်းရေး (ဟောင်သရောဒေသ), KNU/KNLA-LA ကရင်ငြိမ်းချမ်းရေးကောင်စီ စသည့် ကရင်ငြိမ်းချမ်းရေး လက်နက်ချတပ်ဖွဲ့ဝင်အတွင်းမှာလည်း အောက်ခြေရဲဘော်များ လက်ခံရန် ဝန်လေးနေကြသည့်အတွက် နယ်ခြားစောင့်တပ်ကိစ္စအား မသိမသာ အချိန်ဆွဲနေရသည်ကို တွေ့ရှိရသည်။

KPF တပ်ရင်း ၃ တပ်ရင်းမှူး စောမန်းလေးဝါးသည်လည်း နယ်ခြားစောင့်တပ်ကိစ္စနှင့် ပတ်သက်၍ အဖွဲ့တွင်း အရာရှိအချင်းချင်း ပြဿနာတက်ကြကာ ၄င်းတို့တပ်ဖွဲ့မှ ထုတ်ပယ်ခံလိုက်ရပြီး ဖြစ်သည်။ ထို့အတူ KNU/KNLA-LA ခေါင်းဆောင် ဗိုလ်ထိန်မောင်သည်လည်း နယ်ခြားစောင့်တပ်ဖွဲ့ကို လက်မခံဟု သတင်းဌာနအချို့မှတဆင့် ပြောလာပြန်သည်။

အပစ်ရပ် မွန်ပြည်သစ်ပါတီသည်လည်း မွန်အမျိုးသားများ၏ မိမိကြမ္မာ မိမိဖန်တီးနိုင်ခွင့်ရှိရေးအတွက် နိုင်ငံရေးအရ တစုံတရာသော အဖြေမရရှိသေးခင် တပ်ဖွဲ့များကို အခြားသူလက်ထဲ ထိုးအပ်သည့်အလုပ်မှာ လုံးဝမဖြစ်သင့် မဖြစ်ထိုက်သည့် လုပ်ရပ်ဟု ရှုမြင်ထားပြီး နယ်ခြားစောင့်တပ် ပြောင်းလဲခြင်းကို လက်မခံနိုင်ဟု ဆိုသည်။

၁၉၅၈ တွင် မွန်ပြည်သူ့တပ်ဦး ဗမာအစိုးရထံ လက်နက်နှင့် ဒီမိုကရေစီ လဲလှယ်ခဲ့ပြီးနောက်ပိုင်း မွန်ခေါင်းဆောင်များ ထောင်နန်းစံ ခံခဲ့ကြရသည့် အဖြစ်ကို မမေ့သင့်ကြပေ။ ထို့ကြောင့်လည်း မွန်ပြည်သူတို့ လိုအပ်ချက်အရ မွန်ပြည်သစ်ပါတီ ပေါ်ထွန်းလာခဲ့သည်။

မကြာသေးမီကာလက ဖွဲ့စည်းလာခဲ့သော နယ်ခြားစောင့်တပ်ဖွဲ့ကို ထောက်ရှုခြင်းအားဖြင့် တိုင်းရင်းသားတပ်ဖွဲ့တို့၏ နယ်ခြားစောင့်တပ်ဖွဲ့များ မဟုတ်ဘဲ တိုင်းရင်းသားအဖွဲ့များကို ဖျက်သိမ်းပစ်ပြီး အသစ်ဖွဲ့စည်းလိုက်သည့် မြန်မာနယ်ခြားစောင့်တပ် ဖြစ်သည်ကို တွေ့မြင်ခဲ့ရပြီ ဖြစ်သည်။ ထို့ကြောင့် စစ်အစိုးရတို့၏ နယ်ခြားစောင့်တပ်သည် တိုင်းရင်းသားတပ်ဖွဲ့များအတွက် မဟာစစ်သင်းချိုင်းပင် ဖြစ်ကြောင်း သတိချပ်စေလိုပါသည်။
လွတ်လပ်သောမွန်သတင်းအေဂျင်စီမှရယူတင်ဆက်သည်။

No comments:

Post a Comment