ondragstart="return false" onselectstart="return false"

Thursday, November 5, 2009

NDC နဲ့ ခွဲတမ်းပြဿနာ အပိုင်း - ၁



ဆောင်းပါးရှင် - ဗိုလ်ထက်မင်း (မဇ္ဈိမ၀က်ဘ်ဆိုဒ်မှ ကူးယူဖော်ပြပါသည်)

၁၉၉၃ ခုနှစ် နောက်ပိုင်းမှာ ထိပ်ပိုင်းရာထူးအတွက် စိစစ်ရွေးချယ်နိုင်ဖို့ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် NDC သို့ တက်ရောက်ကြဖို့ အခြေအနေ ဖန်တီးလာခဲ့ပါတယ်။ ထိပ်ပိုင်း ရာထူးများလို့ ဆိုရာမှာ တိုင်းမှူးအဆင့်နဲ့ အထက် စစ်ရုံးရှိ ကစထမှူး၊ စစ်ရေးချုပ်၊ စစ်ထောက်ချုပ်၊ လေကြောင်းကာကွယ်ရေး အရာရှိချုပ်၊ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေး အရာရှိချုပ်၊ တပ်မတော် စစ်ဆေးရေး အရာရှိချုပ်၊ တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး၊ အတွင်းရေးမှူး (၁) အဆင့်တွေကို ပြောတာဖြစ်ပါတယ်။

နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ် - NDC အမှတ်စဉ် (၁) ကို ၂ဝ-၃-၉၄ ရက်နေ့တွင် သင်တန်းသား ၃၁ ဦးနဲ့ စတင်ဖွင့်လှစ်ခဲ့ရာ ထိပ်ပိုင်းသို့ ရောက်ရှိသွားတဲ့ အရာရှိကြီး ၉ ဦး ရှိခဲ့လို့ ရာခိုင်နှုန်းအားဖြင့် ၃ဝ % ရှိခဲ့ပါတယ်။

အဲဒီ ၉ ဦးကတော့ …

- လေတပ်ဦးစီးချုပ် ဖြစ်သွားတဲ့ ဗိုလ်ကျော်သန်း၊

- ကြည်းတပ်မှာ ဗိုလ်သူရရွှေမန်း၊ ဗိုလ်တင်အောင်မြင့်ဦး၊ ဗိုလ်ကျော်ဝင်း၊ ဗိုလ်မောင်ဘို၊ ဗိုလ်သူရမြင့်မောင်၊ ဗိုလ်ပြည့်စုံ၊ ဗိုလ်သီဟသူရစစ်မောင်၊ ဗိုလ်မြင့်အောင် စတဲ့ စစ်အာဏာရှင်ကြီးတွေ ဖြစ်ကုန်ကြလို့ အဲဒီ အမှတ်စဉ် တခုသာ ရာခိုင်နှုန်းအများဆုံး ထိပ်ပိုင်းသို့ ရောက်ခဲ့တာ တွေ့ခဲ့ရပြီး၊ နောက်ပိုင်းက NDC အမှတ်စဉ်များမှာတော့ ထိပ်ပိုင်းကို ရောက်ရှိလာမှု ရာခိုင်နှုန်းဟာ တဖြည်းဖြည်း လျှော့နည်းသွားပြီး အမှတ်စဉ် ၉ ဆိုရင် ထိပ်ပိုင်းမှာ လုံးဝ ပိတ်နေလို့ အကျပ်အတည်း ဖြစ်နေပါတယ်။

NDC အမှတ်စဉ် (၂) ကို ၁၁-၁၁-၉၆ နေ့တွင် သင်တန်းသား ၂၉ ဦးနဲ့ စတင်ဖွင့်လှစ်ခဲ့ပြီး ထိပ်ပိုင်းကို ရောက်ရှိသွားတဲ့ အရာရှိကြီး ၆ ဦးသာရှိလို့ ရာခိုင်နှုန်းအားဖြင့် ၂ဝ % ဖြစ်ပါတယ်။ အဲဒီ အရာရှိကြီး ၆ ဦးကတော့ ဗိုလ်အောင်မြင့်၊ ဗိုလ်ကျော်ဆန်း၊ ဗိုလ်ခင်အောင်မြင့်၊ ဗိုလ်အောင်မင်း၊ ဗိုလ်မောင်ဦး၊ ဗိုလ်ဌေးဦးတို့ ဖြစ်ကြပြီး ကကဆက်ညွှန်မှူးနဲ့ ဝန်ကြီးများ ဖြစ်လာပါတယ်။

NDC အမှတ်စဉ် (၃) ကို ၁ဝ-၈-၉၈ ခုနှစ်တွင် သင်တန်းသားဦးရေ ၄ဝ ဦးဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး ထိပ်ပိုင်းကို ရောက်ရှိသွားတဲ့ အရာရှိကြီး ၆ ဦးသာရှိလို့ ရာခိုင်နှုန်းအားဖြင့် ၁၅ % ထိ ကျဆင်းလာပါတယ်။ အဲဒီ ၆ ဦးကတော့ ဗိုလ်ရဲမြင့်၊ ဗိုလ်မြင့်လှိုင်၊ ရေတပ်ဦးစီးချုပ် ဗိုလ်စိုးသိန်း၊ တွဲဖက် စစ်ထောက်ချုပ် ဗိုလ်ထင်အောင်ကျော်၊ ဗိုလ်မောင်မောင်ဆွေနဲ့ ဗိုလ်စိုးနိုင်တို့က ဝန်ကြီးများ ဖြစ်သွားပါတယ်။

NDC အမှတ်စဉ် (၄) ကို ၁၅-၂-၂၀၀၀ ခုနှစ်တွင် သင်တန်းသား ၄၆ ဦးနဲ့ စတင်ဖွင့်လှစ်ခဲ့ပြီး ထိပ်ပိုင်းကို ရောက်ရှိသွားတဲ့ အရာရှိကြီး ၉ ဦးသာရှိလို့ ရာခိုင်နှုန်းအားဖြင့် ၁ဝ % သာ ရှိပါတယ်။ အဲဒီ အရာရှိကြီး ၉ ဦးကတော့ လေတပ်ဦးစီးချုပ် ဗိုလ်မြတ်ဟိန်း၊ ကြည်းတပ်မှ ဗိုလ်အုန်းမြင့်၊ ဗိုလ်သာအေး၊ ဗိုလ်မင်းအောင်လှိုင်၊ ဗိုလ်ကိုကို၊ ဗိုလ်ဝေလွင်၊ ဗိုလ်မြင့်အောင်တို့ ဖြစ်ကြပြီး ဝန်ကြီးဗိုလ်ဥာဏ်ဝင်းနဲ့ ရဲချုပ်ခင်ရီတို့ ဖြစ်လာပါတယ်။

NDC အမှတ်စဉ် (၅) ကို ၂၆-၈-၂ဝဝ၂ ခုနှစ်တွင် သင်တန်းသား ၇၈ ဦးနဲ့ စတင်ဖွင့်လှစ်ခဲ့ပြီး ထိပ်ပိုင်းကို ရောက်ရှိသွားတဲ့ အရာရှိကြီး ၇ ဦးသာရှိလို့ ရာခိုင်နှုန်းအားဖြင့် ၁ဝ % ထိ ဆက်တိုက်ကျဆင်းခဲ့ပါတယ်။ အဲဒီအရာရှိကြီး ၇ ဦးကတော့ ဗိုလ်မြင့်စိုး၊ ဗိုလ်သက်နိုင်ဝင်း၊ ဗိုလ်ခင်ဇော်ဦး၊ ဗိုလ်အောင်သန်းထွဋ်၊ ဗိုလ်သောင်းအေး၊ ဗိုလ်လှဌေးဝင်း၊ ဗိုလ်လှမင်းတို့ဖြစ်ပြီး တိုင်းမှူးများ ဖြစ်သွားပါတယ်။

NDC အမှတ်စဉ် (၆) ကို ၁-၁၂-၂၀၀၃ ခုနှစ်တွင် သင်တန်းသား ၇၃ ဦးနဲ့ စတင်ဖွင့်လှစ်ခဲ့ပြီး ထိပ်ပိုင်းကို ရောက်ရှိသွားတဲ့ အရာရှိကြီးဦးရေ ၃ ဦး သာရှိတော့လို့ တဟုန်ထိုး ကျဆင်းသွားပြီး ရာခိုင်နှုန်းအားဖြင့် ၅ % သာ ရှိပါတော့တယ်။ အဲဒီအရာရှိကြီး ၃ ဦးကတော့ ဗိုလ်တင်ငွေ၊ ဗိုလ်ကျော်ဆွေ၊ ဗိုလ်ရာပြည့်တို့ဖြစ်ပြီး တိုင်းမှူးများ ဖြစ်လာပါတယ်။

NDC အမှတ်စဉ် (၇) ကို ၁၁-၇-၂ဝဝ၅ ခုနှစ်တွင် သင်တန်းသား ၅၄ ဦးနဲ့ စတင်ဖွင့်လှစ်ခဲ့ပြီး ၁၆-၇-၂ဝဝ၆ ခုနှစ်ကျမှ သင်တန်းဆင်းပါတယ်။ ထိပ်ကိုရောက်တာ မရှိသေးပါဘူး။

အလားတူ NDC အမှတ်စဉ် (၈) ကို ၂၀၀၇ ခုနှစ်အတွင်း သင်တန်းသား ဦးရေ ၁ဝဝ ခန့်နဲ့ သင်တန်းဆင်းခဲ့ကြရာ အထက်ပါ အမှတ်စဉ် (၇) ကဲ့သို့ပင် ထိပ်ကိုမတက်နိုင်ဘဲ ပိတ်ဆို့မှု ဖြစ်ပွားနေပါတယ်။

သင်တန်းသားများ ရာထူးပိတ်ဆို့မှုကြောင့် NDC အမှတ်စဉ် (၉) ကို ၂ဝဝ၉ ခုနှစ် နှစ်ဆန်းပိုင်းတွင် သင်တန်းသား ၁၃၄ ဦးနဲ့ ဖွင့်လှစ်ခဲ့ရာ ၇ဝ ဦးခန့်ကို ၂၀၁၀ ရွေးကောက်ပွဲအတွင်း တာဝန်ပေးအပ်တော့မည်ဖြစ်ပြီး ကျန် ၆၄ ဦးခန့်ကိုသာ တိုင်းမှူးရာထူးနဲ့ ပိုလျှံနေတာတွေကို အရပ်ဘက် ဝန်ကြီးဌာနရှိ ဦးဆောင် ညွှန်ကြားရေးမှူးနဲ့ ညွှန်ကြားရေးမှူးချုပ် ရာထူးများကိုသာ ပေးတော့မယ်လို့ သိရပါတယ်။

အရင်ကာလက စစ်ဦးစီးတက္ကသိုလ်ကို တက်ရောက်ကြတဲ့ တပ်ရင်းမှူး (ဒုတိယဗိုလ်မှူးကြီး) အများစုဟာ သင်တန်းရဲ့ ရာခိုင်နှုန်း တော်တော်များများအနေနဲ့ စစ်ဦးစီးမှူး (ပထမတန်း) ဖြစ်ကုန်ကြပြီး၊ တိုင်းမှူး ထိပ်ပိုင်းရာထူးများကို လွယ်လင့်တကူ တက်လှမ်းကုန်ကြတာ တွေ့ရပါတယ်။ အခု နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်ကို တက်ရောက်ခွင့်ရတဲ့ ဗျူဟာမှူး (ဗိုလ်မှူးကြီး) များဟာ သင်တန်းရဲ့ ရာခိုင်နှုန်း အနည်းစုသာ ထိပ်ပိုင်းသို့ ရောက်ကြရတဲ့အတွက် ကျောင်းဆင်းရင် ရင်တမမနဲ့ ခွဲတမ်းကို စောင့်နေကြရပါတယ်။

ဒီမှာ ဘာဖြစ်လာလဲဆိုတော့ - နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ် အကဲဖြတ်အဖွဲ့ ဥက္ကဋ္ဌဖြစ်သူ ကျောင်းအုပ်ကြီး ဗိုလ်မိုးဟိန်း ဦးစီးပြီး သင်တန်းသားများကို ကျောင်းဆင်းအမှတ် တန်းစီဇယား စီရာမှာ ဘက်လိုက်မှုများ၊ အဂတိလိုက်စားမှုများ ရှိတာကြောင့် သင်တန်းသား ဗျူဟာမှူးတချို့ နစ်နာကြရပါတယ်။ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် အကဲဖြတ်အဖွဲ့က တင်ပြတဲ့ စာရင်းပေါ် မူတည်ပြီး၊ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ် မူဝါဒဆိုင်ရာ လမ်းညွှန်အဖွဲ့ ဥက္ကဋ္ဌဖြစ်သူ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဦးစီးကာ ထိပ်ပိုင်းရာထူး လစ်လပ်မှု စာရင်းနဲ့ စိစစ်ရွေးချယ် ခွဲတမ်းချပါတယ်။

အရင် NDC အမှတ်စဉ် အများစုမှာ ကျောင်းဆင်း အမှတ်အကောင်းဆုံး ရရှိသူ အဆင့် (၁) မှ (၅) အထိကို တပ်မမှူး အဆင့်အထိ တိုက်ရိုက် ရာထူးတိုးပေးသလို စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး ပေးပြီးမှ တိုင်းမှူးရာထူး ပေးတာမျိုးလည်း တွေ့ရပါတယ်။

အခုအခါ NDC အမှတ်စဉ်များ ဆက်တိုက်ဖွင့်လှစ်ခဲ့မှုကြောင့် ထိပ်ပိုင်းရာထူး လစ်လပ်မှု နည်းပါးလာချိန်မှာ အမှတ်အကောင်းဆုံး ရရှိပေမယ့်လည်း အရင် NDC အမှတ်စဉ်များလို ရာထူးတက်လမ်း ရေရာသေချာမှု မရှိတော့ကြောင်းနဲ့ ခွဲတမ်းပြဿနာများ ရင်ဆိုင်ကြုံတွေ့နေရကြောင်း တွေ့ရပါတယ်။

အဲဒီ ခွဲတမ်းပြဿနာကို သုံးသပ်ရရင် NDC အမှတ်စဉ် အသစ်တခု ဖွင့်လှစ်မယ်ဆိုပါရင် ထိပ်ပိုင်းရာထူးများကို ပေးဖို့ လျာထားတဲ့ လစ်လပ်နေရာ ဥပမာ - တိုင်းမှူးရာထူး အပါအဝင် စစ်ရုံးဗိုလ်ချုပ်ရာထူး စုစုပေါင်း ခန့်မှန်း ၁၇ နေရာရှိသည်ဆိုပါက ၃ ဆခန့် ရှိနိုင်မယ့် သင်တန်းသား ဦးရေ ၅ဝ ကိုသာ သင်တန်းသား အရေအတွက်အဖြစ် ခေါ်ယူသင့်ပါတယ်။

မူဝါဒဆိုင်ရာ လမ်းညွှန်အဖွဲ့က စစ်ရာထူးခန့်ချုပ်ရုံးမှတဆင့် တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ်ရုံးဆီ အဆိုပါ သင်တန်းသား အရေအတွက်ကိုသာ ပေးအပ်သင့်ပါတယ်။

အခုအခါ သင်တန်းသားဦးရေကို ရာနဲ့ချီပြီး ခေါ်ယူတဲ့အတွက် ရာထူးတိုးမြှင့်မှု မလုပ်ပေးနိုင်တာမို့ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်သင်တန်း တက်ရင်လည်း အနာဂတ်မရေရာတဲ့ အခြေအနေကို ရောက်နေပါပြီ။

No comments:

Post a Comment