ondragstart="return false" onselectstart="return false"

Friday, November 6, 2009

KNU နေအိမ်များကို ထိုင်းက ဆက်လက်ရှာဖွေ

ကျော်ခ
ကြာသပတေးနေ့၊ နိုဝင်ဘာလ 05 ရက် 2009 ခုနှစ်

မဇ္ဈိမ(ချင်းမိုင်)။ ။ ကရင်အမျိုးသား အစည်းအရုံး-ကေအန်ယူနှင့် ဆက်စပ်သည်ဟု သံသယရှိသော နေအိမ်များကို ထိုင်းလုံခြုံရေးတပ်များက ရုတ်တရက် ဝင်ရောက်ရှာဖွေမှုများ ယမန်နေ့က ဆက်လက်ဖြစ်ပွားခဲ့သည်။

တာ့ခရိုင်မှူး ဗိုလ်မှူးကြီး နူံ့ပသုန် ဦးဆောင်သော တပ်ရင်းအမှတ် ၁၀၁၊ ၁၀၂၊ ၁၀၃၊ ၁၀၄၊ ၁၀၅ မှ တပ်ဖွဲ့ဝင်များ၊ နယ်ခြားစောင့် တပ်ဖွဲ့နှင့် ပြည်သူ့စစ်တို့ ပါဝင်ပြီး စုစုပေါင်း အင်အား ၁၀၀ ကျော်သည် ထာ့ဆောင်ယန်းမြို့နယ်ရှိ နောင်ဘွားရွာမှ ၃ အိမ်ကို ရှာဖွေခဲ့သည်။

နောင်ဘွားရွာသည် မဲဆောက်မြို့၏မြောက်ဘက် မိုင် ၈၀ ခန့်ကွာဝေးပြီး ရှာဖွေမှုကို မနက် ၆ နာရီခန့်မှစကာ မွန်းလွဲ ၁ နာရီကျော်အထိ ပြုလုပ်သွားခဲ့သည်ဟု မျက်မြင်သက်သေတဦးက ပြောသည်။ လက်နက်ရှာဖွေခြင်း ဖြစ်ပြီး တစုံတရာ တွေ့ရှိမှုမရှိဟု ဆိုသည်။

လက်ရှိအချိန်တွင် နောင်ဘွားရွာနှင့် အနီးတဝိုက်တွင် ကရင်စစ်ပြေးဒုက္ခသည် ၁၀၀၀ ကျော်ခန့် ခိုလှုံနေကြပြီး ပြီးခဲ့သည့် ၅ လခန့်က ကေအန်ယူ တပ်မဟာ ၇ နယ်မြေ၊ ဘားအံခရိုင်နှင့် လှိုင်းဘွဲ့မြို့နယ်အတွင်းသို့ နအဖနှင့် ဒီကေဘီအေ ပူးပေါင်းတပ်ဖွဲ့များ၏ ထိုးစစ်ကြောင့် တိမ်းရှောင်လာသူများ ဖြစ်သည်။

အောက်တိုဘာ ၂၇ ရက်နေ့ကလည်း တာ့ခ်ခရိုင် မဲဆောက်မြို့တွင် နေထိုင်သည့် ကေအန်ယူ ထိပ်ပိုင်း ခေါင်းဆောင်များ၏ အိမ်များကို ထိုင်းစစ်တပ်က ရှာဖွေခဲ့သေးသည်။

ထိုသို့ ဖြစ်နေချိန်တွင် ကေအန်ယူများ လှုပ်ရှားရာ ပဲခူးတိုင်း မုံးမြို့နယ်အတွင်း ခြေမြန်တပ်ရင်း ၅၉၉ ၊ ခြေလျင် တပ်ရင်း ၇၃ နှင့် ၃၉ တို့၏ စစ်ဆင်ရေးကြောင့် မုံးမြို့နယ် အရှေ့ဘက်ခြမ်းမှ ရွာသူရွာသား ၂၅၀၀ ခန့်သည် အိုးအိမ်များစွန့်ခွာပြီး တောတွင်း ပုန်းအောင်နေရသည်ဟု ထိုင်း-မြန်မာနယ်စပ်အခြေစိုက် ကရင်သတင်းစဉ်က လူမှုအဖွဲ့အစည်းတခုဖြစ်သော ကရင့်ကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေးရုံးကို ကိုးကားဖော်ပြထားသည်။

(ကိုဝိုင်း တည်းဖြတ်သည်။)
mizzima သတင်းစာမျက်နှာမှ

1 comment:

Anonymous said...

stupid Thai

Post a Comment