ondragstart="return false" onselectstart="return false"

Friday, November 6, 2009

တိုင်းရင်းသားပါတီများ ဖွဲ့စည်းပုံပြင်ဆင်ရေးသာ လိုလား

မင်းနိုင်သူ / ၅ နိုဝင်ဘာ ၂၀၀၉

တိုင်းရင်းသားကိုယ်စားလှယ်များနှင့် အမေရိကန်ကိုယ်စားလှယ်အဖွဲ့ ယမန်နေ့က တွေ့ဆုံရာတွင် ရှမ်းတိုင်းရင်းသား ဦးရွှေအုန်းတဦးတည်းသာ ၂၀၁၀ ရွေးကောက်ပွဲကို လက်ခံသည်ဟု ပြောဆိုသွားပြီး အခြားသောတိုင်းရင်းသားပါတီများက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို အဓိကထား ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သော ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးအေးသာအောင်က “နိုင်ငံတချို့က ၂၀၁၀ ရွေးကောက်ပွဲကို လူတိုင်း ပါဝင်နိုင်ဖို့၊ တရားမျှတဖို့တွေ ပြောနေတာတွေရှိတယ်။ ပြည်တွင်းမှာရှိတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးပါတီတွေ မြင်ထားတာက ၂၀၀၈ ဖွဲ့စည်းပုံကို မပြင်ဘဲနဲ့ ရှေ့ဆက်သွားမယ် ဆိုရင်တော့ ၂၀၁၀ နှောင်းပိုင်းမှာလည်း နိုင်ငံရေးအခြေအနေ ကောင်းလာဖို့ မရှိဘူးဆိုတာကို ပြောပြတယ်။ တခြားပါတီတွေကလည်း ဒီသဘောပါပဲ။ ဦးရွှေအုန်းတယောက်ပဲ ၂၀၁၀ ရွေးကောက်ပွဲကို လက်ခံတဲ့သဘောပြောပါတယ်” ဟု ပြောသည်။

အမေရိကန်ကိုယ်စားလှယ်အဖွဲ့အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံမှုအပြီး မွန်းလွဲ (၂) နာရီခန့်တွင် တိုင်းရင်းသားခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ထိုတွေ့ဆုံပွဲသို့ တိုင်းရင်းသားကိုယ်စားလှယ် (၈) ဦး တက်ရောက်ခဲ့ပြီး (၅) ဦးသည် တိုင်းရင်းသားပါတီများကို ကိုယ်စားပြုသူများဖြစ်ပြီး ကျန် (၃) ဦးမှာ အန်ဂျီအိုအဖွဲ့များမှဖြစ်ကြောင်း သိရသည်။

ပါတီဖျက်သိမ်းခြင်းခံရပြီး စစ်အစိုးရက စီစဉ်သော နိုင်ငံခြားသံတမန်တွေ့ဆုံပွဲများသို့ တက်ရောက်ခွင့်မပြုသည့် ဇိုမီးအမျိုးသားကွန်ဂရက်ပါတီ၊ ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်အမျိုးသားဒီမိုကရေစီပါတီတို့မှ တိုင်းရင်းသားခေါင်းဆောင်များလည်း ယခုတွေ့ဆုံပွဲသို့ တက်ရောက်နိုင်ခဲ့ကြသည်။

“အန်ကယ်လ်က တက်တော့တက်တယ်။ တွေ့ချိန် (၁) နာရီသာသာလောက်မှာ အနည်းအကျဉ်းပဲ ပြောဖြစ်ပါတယ်။ အသက်က (၉၃) နှစ်ကျော်ဆိုတော့ ဘာတွေပြောဖြစ်တယ်ဆိုတာတောင် ကောင်းကောင်းမမှတ်မိပါဘူး။ အန်ကယ်လ်တို့ရဲ့ သဘောထားကိုတော့ စာရေးတင်ပြခဲ့ပါတယ်” ဟု မွန်အမျိုးသားဒီမိုကရေစီပါတီမှ နိုင်ထွန်းသိမ်းက ပြောသည်။

ပြည်ထောင်စု ဒီမိုကရေစီမဟာမိတ်အဖွဲ့ကို ထူထောင်ကာ ၂၀၁၀ ရွေးကောက်ပွဲဝင်ရန် ပြင်နေသည့် ဦးရွှေအုန်း၏ ဆွေးနွေးချက်များမှာလည်း ရှည်လျားနေသဖြင့် စာဖြင့်တင်ပြရန် အမေရိကန်ဘက်က ပြောဆိုခဲ့ကြောင်း သိရသည်။

ဇိုမီးအမျိုးသားကွန်ဂရက်ပါတီ ဥက္ကဋ္ဌ ပူကျင့်ရှင်းထန်ကမူ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးနှင့် ၂၀၀၈ ဖွဲ့စည်းပုံပါ ဒီမိုကရေစီမဆန်သည့် အချက်များကို ထောက်ပြခဲ့သည်ဟု ပြောသည်။

“၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဖို့လိုတယ်။ ပြင်မယ်ဆိုရင် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးခေါင်းဆောင်တွေရဲ့ အကြံဉာဏ်တွေလည်း လိုမယ်။ ဒါကြောင့် နိုင်ငံရေးသမားတွေကို အရင်လွှတ်ပါ။ နောက်ပြီး ၂၀၀၈ ဖွဲ့စည်းပုံမှာဆိုရင်လည်းပဲ စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေမယ့်အချက်တွေပါတယ်။ အဲဒါတွေကို ပြင်ဆင်ပေးဖို့ စစ်အစိုးရကို ဆွဲဆောင်နားချပေးပါဆိုတာတွေကို ကျနော်ပြောပါတယ်” ဟု ၎င်းက ပြောသည်။

တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် ကချင်တိုင်းရင်းသား စဘွဲဂျွမ်ကလည်း ကချင်တိုင်းရင်းသားလက်နက်ကိုင် ကေအိုင်အေနှင့် စစ်အစိုးရတို့ နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးအတွက် (၉) ကြိမ်တွေ့ဆုံခဲ့ပြီးဖြစ်ကြောင်း၊ ယခုလည်း ပင်လုံစာချုပ်ကို အခြေခံ၍ ထပ်မံဆွေးနွေးရန် တင်ပြထားကြောင်း၊ ကချင်တိုင်းရင်းသား ခေါင်းဆောင်အချို့လည်း ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်နိုင်ရန် ပြင်ဆင်မှုများရှိနေကြောင်းကို တင်ပြခဲ့သည်ဟု သိရသည်။

နအဖစစ်အစိုးရအနေဖြင့် ၂၀၁၀ တွင် ရွေးကောက်ပွဲကျင်းပမည်ဟု ပြောဆိုမှုများရှိနေရာ အမေရိကန်အစိုးရ၏ တိုက်ရိုက်ထိတွေ့ဆက်ဆံမှုများသည် ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ တိုတောင်းလှသည့်အချိန်ကာလအတွင်း နအဖစစ်အစိုးရအား ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်ရှိစေရန် ဆွဲဆောင်နိုင်မည့် အလားအလာနည်းပါးလွန်းလှသည်ဟု ဦးအေးသာအောင်နှင့် ပူကျင့်ရှင်းထန်တို့က ပြောသည်။

“ဖွဲ့စည်းပုံကိုသာ မပြင်ဘူးဆိုရင် ရွေးကောက်ပွဲကို မ၀င်ဘူး။ ၁၉၉၀ ရွေးကောက်ပွဲကို ဆုပ်ကိုင်ပြီးတော့ပဲ တိုင်းရင်းသားပါတီတွေအနေနဲ့ ဒီမိုကရေစီရရှိရေး၊ လူ့အခွင့်ရေးတွေအတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားကြမှာပါ။ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်းတွေကလည်း ဖွဲ့စည်းပုံကို မပြင်ဘူးဆိုရင် ဆက်လက်တိုက်ပွဲဝင်ကြဖို့ သဘောထားရှိပါတယ်” ဟု ဦးအေးသာအောင်က ပြောသည်။
ခေတ်ပြိုင်မှ

No comments:

Post a Comment