ဒီမိုကရေစီနဲ့ စစ်ဝါဒီတွေ့ဆုံပွဲ
ဦးအောင်ခင် (ဝေဖန်သုံးသပ်ချက်)
၉ နိုဝင်ဘာ ၂၀၀၉၊ ခေတ်ပြိုင်သတင်း
အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Kurt Campbell ဦးဆောင်တဲ့ အမေရိကန်ကိုယ်စားလှယ်အဖွဲ့ ကြပ်ပြေးနေပြည်တော်မှာ ၀န်ကြီးချုပ်သိန်းစိန်နဲ့ တွေ့ဆုံတဲ့သတင်းနဲ့အတူ ဗိုလ်ချုပ်မှူးကြီး ကြပ်ပြေးသန်းရွှေ၊ သူရရွှေမန်းနဲ့ တင်အောင်မြင့်ဦးတို့အဖွဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်က လေဘေးဒုက္ခသည်စခန်းတွေကို သွားရောက်ကြည့်ရှုနေတဲ့သတင်း မြန်မာ့အလင်းမှာ ဖော်ပြပါတယ်။ ကြပ်ပြေးမှာရှိရက်သားနဲ့ အမေရိကန်ထိပ်တန်း ကိုယ်စားလှယ်အဖွဲ့ကို မတွေ့ရင် နိုင်ငံတကာက ၀ိုင်းဆဲမှာကြောက်လို့ တမင်ရှောင်နေတာလို့ မြင်ကြတယ်။ အာဏာရှင်ကြပ်ပြေးသန်းရွှေနဲ့ တွေ့ခွင့်မရတဲ့ခရီးစဉ်ကို အကျိုးမရှိဘူးလို့ သုံးသပ်ကြသူတွေရှိပါတယ်။
မြန်မာ့ဒီမိုကရေစီအရေးအတွက် အမေရိကန်ဒီမိုကရေစီအစိုးရနဲ့ မြန်မာစစ်အာဏာရှင်အစိုးရတို့ တွေ့ဆုံတာမို့ ယဉ်ကျေးမှုချင်း ဆွေးနွေးပွဲ dialogue of civilizations လို့လည်း ခေါ်နိုင်တယ်။ အမေရိကန်နိုင်ငံဟာ ဒီမိုကရေစီစနစ်ကို စမ်းသပ်ကျင့်သုံးနေတာ (၂၃၃) နှစ်ရှိသွားပြီ။ ခြောက်ပြစ်စနစ်မဟုတ်တော့ အားနည်းချက်တွေ၊ အားသာချက်တွေ ရှိနေတုန်းပဲ။ မြန်မာစစ်အာဏာရှင်ကလည်း အနိုင်ကျင့်ပြီး အုပ်ချုပ်လာတာ (၄၇) နှစ်ရှိပြီ။ လက်နက်ကိုင်တော်လှန်ရေးလုပ်ပြီး အမေရိကန်နိုင်ငံကို တည်ထောင်တာဖြစ်လို့ အကြမ်းဖက်တာ အမေရိကန်ဓလေ့လို့ ဝေဖန်တာမျိုးတွေရှိတယ်။ ဒါပေမယ့် လက်နက်မရှိသူကို မပစ်ရဘူး၊ နောက်ကျောကို သေနတ်နဲ့ မပစ်ရဘူးဆိုတဲ့ ဓလေ့ထုံးစံတွေကို အမေရိကန်က ရိုသေလေးစားတဲ့ အစဉ်အလာရှိတယ်။ မြန်မာစစ်ဗိုလ်တွေလို သေနတ်ကိုင်အနိုင်ကျင့်ပြီး ခိုးဝှက်နေတာမဟုတ်ဘူး။
‘အရပ်သားဝါဒ’ Civilianism ကို မြေတောင်မြှောက်ပေးတာ အကောင်းဆုံးလို့ အမေရိကန်က ယူဆပါတယ်။ အရပ်သားဝါဒဟာ ‘စစ်ဝါဒ’ Militarism ရဲ့ ဆန့်ကျင်ဘက်ပါ။ စစ်ဝါဒဆိုတာ ကိုယ်ကျိုးရှာ စစ်ဗိုလ်တစုရဲ့ အယူအဆကို လူ့အဖွဲ့အစည်းတခုလုံးက လက်ခံထားရတဲ့ သဘောပဲလို့ အဓိပ္ပာယ်ဖွင့်ကြတယ်။ စစ်ဝါဒဟာ အခုခေတ်မစားတော့ပေမယ့် စစ်တပ်ကြီးစိုးဖို့ ကြိုးပမ်းနေသူတွေကတော့ ဒီသဘောတရားကိုအသုံးပြုပြီး ဆင်ခြေပေးနေတုန်းပါပဲ။ အာဏာရလူနည်းစု အမြဲတမ်းအပေါ်စီး ရနေအောင် အတင်းအဓမ္မနည်းကိုအသုံးပြုပြီး ဒီနည်းလမ်းကိုသုံးရမယ်လို့ အာဏာရလူနည်းစုက ယုံကြည်ထားတာဟာ စစ်ဝါဒပါပဲ။ စစ်ဝါဒီတွေကို ယဉ်ကျေးသိမ်မွေ့အောင်၊ လူဆန်လာအောင်လုပ်ဖို့ အမေရိကန်က တာဝန်ယူလိုက်သလိုဖြစ်နေတယ်။
စစ်ဝါဒီဦးဆောင်တဲ့ လူ့အဖွဲ့အစည်းမှာ ထုတ်လုပ်ရေးအင်အားစုကို စစ်တပ်အတွက် အဓိကသုံးတဲ့အတွက် တိုင်းပြည်မှာ ဘာမှဖြစ်ထွန်းမှာမဟုတ်ပါဘူး။ အရင်းရှင်နဲ့ ဆိုရှယ်လစ်စနစ် ကျင့်သုံးရာနိုင်ငံတွေမှာတော့ ထုတ်လုပ်ရေးအင်အားစုကို လူ့အဖွဲ့အစည်းအတွက် အသုံးပြုတယ်။ စစ်ဝါဒီကြီးစိုးတဲ့ မြန်မာပြည်မှာ “အာဏာရှိလေ အကျင့်ပျက်လေ” power corrupts, and absolute power corrupts absolutely လို့ လော့ဒ်အက်တန် (Lord Acton) ပြောသလိုဖြစ်နေတယ်။
လက်ရှိမြန်မာစစ်တပ်ဟာ ဘုရင်စနစ်ကို အရေခြုံထားတဲ့ လက်နက်ကိုင်အဖွဲ့ဖြစ်တယ်။ ဘုရင်ကြီးနေ၀င်းသေတော့ ဘုရင်ကြီး သန်းရွှေတက်လာတယ်။ နေ၀င်း/သန်းရွှေခိုင်းသမျှ လိုက်လုပ်နေရတဲ့ စစ်တပ်ပါပဲ။ ဗဟိုချုပ်ကိုင်မှုဟာ မြန်မာစစ်အစိုးရ ကျင့်သုံးတဲ့စနစ်ပဲ။ ဗဟိုချုပ်ကိုင်မှုကို ဆန့်ကျင်တဲ့ အစဉ်အလာကြောင့် စစ်အေးခေတ်ကာလ စစ်အင်အားကြီးမားလာခဲ့တဲ့ အမေရိကန်ဟာ စစ်တပ်နိုင်ငံတော်ဘ၀ကို မရောက်နိုင်တာလို့ Princeton တက္ကသိုလ်ပါမောက္ခ Aaron L.Friedberg က သုံးသပ်တယ်။
အာဏာရှိရင် ဓနဥစ္စာရနိုင်ပြီး ဥစ္စာဓနရှိရုံနဲ့ အာဏာမရှိနိုင်ဘူးလို့ စစ်ဝါဒီက ယုံကြည်တယ်။ အာဏာရှိအောင်လုပ်ရာမှာ စစ်တပ်ကို အသုံးချတဲ့အတွက် စစ်အစိုးရနဲ့ စစ်တပ်နိုင်ငံတော် ပေါ်လာတာပါပဲ။ မြန်မာစစ်တပ်ကလည်း အာဏာကိုသုံးပြီး ခိုးကြ၀ှက်ကြလို့ ချမ်းသာလာကြတာပါပဲ။ ဒီလိုသူခိုးတွေက အမေရိကန်နဲ့ ဆွေးနွေးပြီး အာဏာလွှဲပေးမှာလားဆိုတာ စဉ်းစားစရာဖြစ်လာတယ်။
မြန်မာစစ်ဗိုလ်တွေဟာ အာဏာကိုသာယုံကြည်တယ်။ ခေါင်းပုံဖြတ် အမြတ်ကြီးစားစနစ်ကွယ်ပျောက်ဖို့ ရည်ရွယ်တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို စွန့်ပစ်လိုက်တဲ့ အာဏာရဗိုလ်ချုပ်တွေ အကြီးအကျယ်ချမ်းသာနေကြတယ်။ ဒါကြောင့် စစ်ဗိုလ်ချမ်းသာလေလေ အရပ်သားဆင်းရဲလေလေ ဖြစ်လာတယ်။ ဗိုလ်ချုပ်တွေက ဂေါက်သီးကစားတာကို နှစ်သက်တယ်။ နအဖပညာရေးနဲ့ ကျန်းမာရေးအသုံးစရိတ်ဟာ ကမ္ဘာမှာ အနည်းဆုံးဖြစ်ပေမယ့် ဂေါက်ကွင်းတွေကတော့ တိုးပွားနေတယ်။ ဗိုလ်ချုပ်သားသမီးတွေ စီးပွားရေးလုပ်တယ်ဆိုတာ သူတို့နာမည်ကို ငှားစားနေတာပါပဲ။ မြန်မာ့စီးပွားရေးကို စစ်ဗိုလ်အရင်းရှင်စနစ်လို့လည်း ခေါ်နိုင်တယ်။
အခွင့်ထူးခံ သူဌေးစစ်ဗိုလ်တွေဟာ အမေရိကန်နဲ့ဆွေးနွေးပြီး အာဏာစွန့်လွှတ်ပါ့မလားဆိုတာဟာ စဉ်းစားစရာဖြစ်နေတယ်။ သူတို့စိတ်ဝင်စားတာက ဒဏ်ခတ်အရေးယူမှု ရုပ်သိမ်းရေးဖြစ်တယ်။ ကျန်တာကို စိတ်ဝင်စားပုံမရဘူး။ ဒီအတောအတွင်း ကြပ်ပြေးအသိုင်းအ၀ိုင်း ၀မ်းသာအောင် ဥရောပအဖွဲ့က လုပ်ပြလိုက်သေးတယ်။ ဖိနှိပ်ချုပ်ချယ်တဲ့ Uzbekistan ကို ဒဏ်ခတ်အရေးယူထားတာတွေ ရုပ်သိမ်းဖို့ အောက်တိုဘာ (၂၇) ရက်နေ့မှာ အီးယူနိုင်ငံခြားရေးဝန်ကြီးတွေက ဆုံးဖြတ်လိုက်တယ်။ စီးပွားရေးအကျိုးအမြတ်ကြောင့် ပြန်လည်ဆန်းသစ်တဲ့ မင်းဆိုးမင်းညစ်နဲ့ ဆက်ဆံဖို့ ဆုံးဖြတ်ကြတာပါပဲ။
အပြောင်းအလဲတွေလုပ်မယ်ဆိုတဲ့ ကြွေးကြော်သံနဲ့ တက်လာတဲ့ အိုဘားမားအစိုးရဟာ ဘုရှ်အစိုးရဟောင်းနဲ့မတူ တမူထူးခြားကြောင်း ပြချင်တာတခုတည်းနဲ့ မြန်မာစစ်သူခိုးနဲ့ ဆက်ဆံရင် နာမည်ပျက်ဖို့သာရှိတယ်လို့ သုံးသပ်သူလည်း ရှိပါတယ်။ ဥပမာ စစ်အစိုးရ၊ ဒီမိုကရေစီအုပ်စုနဲ့ တိုင်းရင်းသားဆိုတဲ့ သုံးပွင့်ဆိုင်ဆွေးနွေးပွဲကျင်းပရေးကို အမေရိကန်က ကြိုးစားမယ်လို့ ဆိုတယ်။ အဲဒီလိုဆိုရင် တိုင်းရင်းသားဘက်က ‘၀’ ခေါင်းဆောင်တွေပါလာရင် အမေရိကန်လက်ခံနိုင်ပါ့မလား။ ၀ခေါင်းဆောင်တွေကို မူးယစ်ဆေးမှောင်ခိုအဖြစ် အမေရိကန်မှာ စွဲချက်တင်ထားတာ ရှိသေးတယ်လေ။ မြန်မာစစ်ခွေးနဲ့ ထိတွေ့ရင် အပုပ်နံ့ရှူရမှာကိုလည်း ထည့်တွက်ထားဖို့လိုတယ်။
အမေရိကန်အစိုးရသစ်တွေ အစိုးရတာဝန် စတင်ထမ်းဆောင်တဲ့ ပထမလပိုင်းတွေမှာ ဖြစ်လေ့ရှိတဲ့အမှားတွေကို Kurt Campbell နဲ့ James Steinberg တို့က ၂၀၀၈ ဒီဇင်ဘာက စာအုပ်ထုတ်ခဲ့ပါတယ်။ Foreign policy troubles at the outset of presidential power ဆိုတဲ့ စာအုပ်ပါပဲ။ အခုတော့ Kurt Campbell က လက်ထောက်နိုင်ငံခြားရေးဝန်ကြီး၊ James Steinberg က ဒု-နိုင်ငံခြားရေးဝန်ကြီးဖြစ်လာကြတဲ့အတွက် သူတို့ပူးတွဲရေးသားတဲ့စာအုပ်ဟာ အရေးကြီးလာတာဖြစ်တယ်။ ပညာရှင်ဘ၀မှာ ရရှိခဲ့တဲ့ သင်ခန်းစာတွေကို နိုင်ငံရေးသမားဘ၀မှာ လက်တွေ့အသုံးချရမယ့် သဘောရှိတယ်။
အမေရိကန်အစိုးရရဲ့ နိုင်ငံခြားရေးလမ်းစဉ်ကို မူလအစကတည်းက မှန်ကန်အောင် ဘယ်လိုလုပ်ရမလဲဆိုတာကို ဆန်းစစ်ထားတဲ့ စာအုပ်ပါပဲ။ Somalia ကိုအထင်သေးပြီး ၀င်ရောက်စွက်ဖက်လိုက်လို့ သမ္မတ Bill Clinton ပထမနှစ်မှာ ဗျာများသွားရပုံကို သုံးသပ်တင်ပြထားပါတယ်။ အစိုးရဟောင်းရဲ့ လမ်းစဉ်မှန်သမျှကို စွန့်ပစ်ချင်စိတ်များနေတာရယ်၊ ရွေးကောက်ပွဲမှာ ကတိပေးခဲ့တာနဲ့ လက်တွေ့ဘ၀မှာ ကွာဟနေတာတွေကိုလည်း သတိထားဖို့ လိုပါတယ်တဲ့။ အမေရိကန်အစိုးရသစ်တွေ လေ့လာသင့်တဲ့ နိုင်ငံခြားရေးဆိုင်ရာ သင်ခန်းစာတွေ စာအုပ်ပြုစုထားတဲ့ လက်ထောက်နဲ့ဒု နိုင်ငံခြားရေးဝန်ကြီးတွေက မြန်မာ့ကိစ္စကို ကိုင်တွယ်နေတာဖြစ်လို့ အလားအလာရှိနိုင်မယ်လို့သာ မျှော်လင့်မိပါတယ်။
No comments:
Post a Comment