ondragstart="return false" onselectstart="return false"

Monday, November 30, 2009

ငိန်းကယန်းထန် (သို့မဟုတ်) ထာဝရ ရှင်သန်နေမည့် နှလုံးသား

ဆောင်းပါး
ရွှေအိမ်စည်
တနင်္ဂနွေနေ့၊ နိုဝင်ဘာလ 29 ရက် 2009 ခုနှစ်

(က)

“ခရီးဆုံးပန်းတိုင်ရောက်သည်အထိ ညီညီညွတ်ညွတ် ချီတက်သွားကြမယ့် ကယန်းပြည်သစ် ပါတီဝင်တွေ၊ ကယန်းပြည်သစ် တပ်မတော်သားတွေနဲ့ ကယန်းပြည်သူလူထုတွေရဲ့ ရင်ထဲ၊ နှလုံးသားထဲမှာ ကျနော်ဟာ ထာဝရ ရှင်သန်နေပါလိမ့်မယ်။ ဒါကြောင့် သေခြင်းတရားဟာ ကျနော့်အတွက် တုန်လှုပ်စရာ မဟုတ်ပါဘူး …။ အားလုံးကို ကျေးဇူး တင်ပါတယ်….. အားလုံးကို နှုတ်ဆက်ခဲ့ပါတယ်”

ရဲဘော် ငိန်းကယန်းထန်

၂ဝဝ၆ ခုနှစ်၊ သြဂုတ်လ ၈ ရက်

၄၂ နှစ်မြောက် ကယန်းပြည်သစ်ပါတီ၊ မွေးနေ့ အခမ်းအနားသို့ ပေးပို့ခဲ့သည့် ကယန်းပြည်သစ်ပါတီ ဥက္ကဋ္ဌ ငိန်းကယန်းထန်၏ မိန့်ခွန်းလွှာဖြစ်သည်။ အခမ်းအနားသို့ ဥက္ကဋ္ဌ ငိန်းကယန်းထန် ကိုယ်တိုင်မှာမူ ….. မတက်ရောက်နိုင် …..။ အိပ်ယာထက်၌ ရောဂါမျိုးစုံကို အံတုတွန်းလှန် တိုက်ပွဲဆင်နေရသည့်အချိန်…။ အဆိုးဆုံးက …. အသည်း။ အသည်းကင်ဆာက ဥက္ကဋ္ဌ ငိန်းကယန်းထန်ကို အပြင်းအထန် ထိုးစစ်ဆင်နေသည်။ အရက်မသောက်၊ ခေါင်ရည်ပင် မစုပ်သည့် ဥက္ကဋ္ဌ ငိန်းကယန်းထန်၏ အသည်းက ….. ပထမတွင် အသည်းခြောက်သည့် လက္ခဏာ ပြ၏။ နောက်ပိုင်းတွင်မူ ….. အသည်းကင်ဆာ….။ ၄၂ နှစ်မြောက် ကယန်းပြည်သစ်ပါတီ မွေးနေ့ ….. လွန်မြောက်ပြီး ၁၃ ရက်အကြာတွင် ဥက္ကဋ္ဌ ငိန်းကယန်းထန် ကွယ်လွန်ခဲ့၏။

၂ဝဝ၆ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်။

“ကယန်းမြေရေ …

ဂုဏ်ပြုအပ်တဲ့ … ကြီးမြတ်လှသည့် ကယန်းအမျိုးသား၊

သားကောင်းရတနာတဦးကို

ဆီးကြိုပေတော့ ……”

(ခ)

ထိုစဉ်က ….. ကယန်းပြည်သစ်ပါတီ ဥက္ကဋ္ဌ ငိန်းကယန်းထန်ကို ဥက္ကဋ္ဌ ဦးရွှေအေးဟူ၍သာ ကျနော်တို့ သိထား၏။ ကျနော်တို့ဟူသည်ကား ….. ကျနော်နှင့် ကိုစိုးဝင်ညို (ဒီမိုကရက်တစ် မြန်မာ့အသံ နော်ဝေ၌ တာဝန်ထမ်းဆောင်စဉ် ကွယ်လွန်) ဖြစ်သည်။ ကျနော်တို့က မာနယ်ပလောရှိ ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) စတူဒီယိုတွင် တာဝန်ထမ်းဆောင်၍ နေကြသည်။ ကယန်းပြည်သစ်ပါတီ ဥက္ကဋ္ဌ ဦးရွှေအေး၊ မာနယ်ပလော ရောက်နေသည်ဟု သတင်းကြားသည့်အတွက် …. သူနှင့် အင်တာဗျူးလုပ်ရန် စီစဉ်ကြ၏။ ဥက္ကဋ္ဌကို ကြိုတင်၍ ချိန်းဆိုသည်။ ဥက္ကဋ္ဌ ဦးရွှေအေးကလည်း တွေ့နိုင်မည့်အချိန်ကို ပေး၏။ ကျနော်တို့ ဥက္ကဋ္ဌ ဦးရွှေအေးနှင့် တွေ့ဆုံဖြစ်ကြ၏။ ကျနော်တို့ မေးသည်များကို ဥက္ကဋ္ဌ ဦးရွှေအေးသည် အချိန်ပေး၍ ဖြေ၏။ ကျနော်တို့နှင့် ဥက္ကဋ္ဌ ဦးရွှေအေး တွေ့ဆုံမေးမြန်းခြင်းက ….. တကြိမ်တည်းမဟုတ် ….။ တရက်တည်းမဟုတ် …..။ အကြိမ်ကြိမ် …..။ ဥက္ကဋ္ဌ ဦးရွှေအေး အားသည့် အချိန်များတွင် သွားရောက်၍ တွေ့ဆုံမေးမြန်းရခြင်း ….။

၁၉၉၄ ခုနှစ်၊ နှစ်သစ်၏ နေ့ရက်များ ……။

ထိုစဉ်က ကယန်းပြည်သစ်ပါတီသည် စစ်အုပ်စုနှင့် အပစ်အခတ်မရပ်စဲရသေး ….။ စစ်အုပ်စု၏ ဖိအားပေးမှု မျိုးစုံကိုမူ ခါးစီး၍ ကြံ့ကြံ့ခိုင်ခိုင် ခုခံနေရသည့်အချိန် …..။ ပါတီတွင်း၌မူ ….. အပစ်အခတ်ရပ်စဲလိုသည့် အင်အားစုနှင့် အပစ်အခတ် မရပ်စဲလိုသည့် အင်အားစုဟူ၍ …. အုပ်စု နှစ်စု အားပြိုင်နေသည့်ကာလ ….။ ဥက္ကဋ္ဌ ဦးရွှေအေးက စစ်အုပ်စုနှင့် အပစ်အခတ်ရပ်စဲရန် ဆန္ဒမရှိ ….။ တောင့်ခံ၍ တိုက်ပွဲဆင်လိုသည်။ စိန်ခေါ်နေသည့် အကျပ်အတည်းများကို ရင်ဆိုင်၍ ကျော်လွှားချင်သည်။ ဤအတွက် ….. မာနယ်ပလောသို့ လာရောက်၍ တပ်ပေါင်းစုနှင့် တွေ့၏။ မဟာမိတ်များနှင့် တိုင်ပင်ဆွေးနွေး၏။

သို့သော် …. ထိုစဉ်ကာလက ကယန်းပြည်သစ်ပါတီအတွင်း၌ အပစ်အခတ်ရပ်စဲလိုသည့် အင်အားစုက ခေါင်းထောင်ပြီး၊ အသာစီးရနေသည့် ဟန်ရှိသည်။ ကယန်းပြည်သစ်ပါတီ အပစ်အခတ်ရပ်စဲလိုက်၏။

၁၉၉၄ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်။

ဥက္ကဋ္ဌ ဦးရွှေအေး …. မာနယ်ပလောမှ ကယန်းပြည်သစ်ပါတီရှိရာသို့ ပြန်သွားခဲ့ရ၏။

(ဂ)

ဥက္ကဋ္ဌ ဦးရွှေအေးက ရန်ကုန်တက္ကသိုလ်မှ ကျောင်းသားတဦး ဖြစ်သည်။ လူမျိုးစု ကျောင်းသားသမဂ္ဂ၏ ဥက္ကဋ္ဌ ….။ ၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ အရေးတော်ပုံကြီးတွင် ပါဝင်တိုက်ပွဲဝင်ခဲ့သည့် ကျောင်းသားခေါင်းဆောင်တဦး …။

အရေးတော်ပုံ ပြီးသည့်နောက် လူမျိုးစု ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ဦးရွှေအေး၊ ဗိုလ်နေဝင်း စစ်အုပ်စု၏ လိုက်လံဖမ်းဆီးခြင်း ခံရ၏။ ဥက္ကဋ္ဌ ဦးရွှေအေး ဝရမ်းပြေးဘဝနှင့် မြေအောက်သို့ ဆင်းခဲ့ရ၏။ ပြီးလျှင် ….. ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) နှင့် ဆက်သွယ်ပြီး KNPP သို့ ဝင်ရောက်ခဲ့၏။

ဗိုလ်နေဝင်းက …. ဓား ဓားချင်း၊ လှံ လှံချင်း … ဖြေရှင်းနေသည့်အတွက် ဥက္ကဋ္ဌ ဦးရွှေအေး လက်နက်ကိုင် တော်လှန်ရေး ဆင်နွှဲခဲ့ရ၏။ KNPP တွင် ရှိနေရင်း ….. ကယန်း အမျိုးသား လက်နက်ကိုင် တော်လှန်ရေးတရပ် ဆင်နွှဲနိုင်ရန် ဥက္ကဋ္ဌ ဦးရွှေအေး KNPP ခေါင်းဆောင်များနှင့် တိုင်ပင်၏။ ဆွေးနွေး၏။ သူ၏ အစီအစဉ်များကို ချပြ၏။ KNPP ခေါင်းဆောင်များကလည်း ဥက္ကဋ္ဌ ဦးရွှေအေး၏ ဆွေးနွေးမှုများကို သဘောတူကြ၏။ ဥက္ကဋ္ဌ ဦးရွှေအေး၏ လုပ်ငန်းအစီအမံကို ထောက်ခံကြ၏။ အဆုံး၌ ….. ဥက္ကဋ္ဌ ဦးရွှေအေး ‘ကယန်း အမျိုးသား လက်နက်ကိုင် တော်လှန်ရေး’ တရပ် ဆင်နွှဲရန်အတွက် ကယန်းဒေသသို့ ဆင်းလာခဲ့၏။

ကယန်း အမျိုးသားများရှိရာ အရပ်က ….. သံတောင်၊ ဖယ်ခုံ၊ မိုးဗြဲ၊ ပီကင်း၊ ပင်လောင်းနှင့် ပျဉ်းမနားအရှေ့ခြမ်း ပေါင်းလောင်းဒေသ ….။

(ဃ)

၁၉၆၃ ခုနှစ်….။

ကယန်းဒေသသို့ ကယန်းအမျိုးသား၊ ဥက္ကဋ္ဌ ဦးရွှေအေး ပြန်လည်ရောက်ရှိခဲ့ပြီး ကယန်းလူမျိုးများအကြား၌ လှည့်လည်၍ စည်းရုံးရေးဆင်း၏။ ကယန်းအမျိုးသား လက်နက်ကိုင် တော်လှန်ရေးတရပ် ဆင်နွှဲနိုင်ရေးအတွက် …. မိုးဗြဲ၊ ဖယ်ခုံမှသည် ပေါင်းလောင်း … သံတောင်တလျှောက် ဥက္ကဋ္ဌ ဦးရွှေအေး လူးလာခေါက်ပြန်သွားလာ၍ ကယန်းလူထုနှင့် တွေ့၏။ ကယန်းလူထုဘဝကို လှစ်ပြ၏။ ကယန်းလူထု၏ အကျပ်အတည်းကို ထောက်ပြ၏။ ဗိုလ်နေဝင်း စစ်အုပ်စု၏ တော်လှန်ရေးကောင်စီ ဟူသည်ကို သရုပ်ခွဲပြ၏။ နိုင်ငံရေးအရ လက္ခဏာသတ်မှတ်ပြ၏။ ဥက္ကဋ္ဌ ဦးရွှေအေးက ကျေးလတ်တွင် လှည့်လည်ရင်း ….. မြို့ပြရှိ ကယန်း အမျိုးသား လူငယ်ပညာတတ်များနှင့်လည်း ဆက်သွယ်၏။ ကယန်း အမျိုးသား မြို့မိ၊ မြို့ဖများနှင့် တိုင်ပင်၏။

ထိုစဉ်က …. ဗိုလ်နေဝင်း စစ်အုပ်စုသည် ‘မိုးဗြဲရေကာတာ’ တည်ဆောက်ရန် စီမံ၍နေသည်။ မိုးဗြဲရေကာတာ တည်ဆောက်လိုက်ပါက …. ထိုဒေသတွင် ‘အလျားမိုင် ၃ဝ၊ အနံ ၈ မိုင်’ စတုရန်းဧရိယာအတွင်း ရေလွှမ်းမိုးမည် ဖြစ်သည်။ ကယန်းရွာပေါင်း ၆၄ ရွာ ရေအောက်သို့ ရောက်သွားမည်။ ဗိုလ်နေဝင်း၏ မိုးဗြဲရေကာတာ စီမံကိန်းက ကယန်း အမျိုးသားတို့ကို သေမင်း၏ ခံတွင်းဆီသို့ တွန်းချမည့် စီမံချက် …..။ မဖြစ်…..။ ဗိုလ်နေဝင်း၏ မိုးဗြဲရေကာတာ စီမံကိန်းကို ကယန်း အမျိုးသား အကျိုးစီးပွားအရ ဆန့်ကျင်ရမည်။ ခုခံကာကွယ်ရမည်။ တွန်းလှန်တိုက်ပွဲဝင်ကြရမည်ပင် ….။ ဤသို့ပင် …. ကယန်း အမျိုးသားထုအတွင်း ဆုံးဖြတ်ချက်ကြ၏။ တိုက်ပွဲက …. ကယန်းအမျိုးထု၏ တိုက်ပွဲ။ လူထုတိုက်ပွဲ ….။

မိုးဗြဲရေကာတာ စီမံကိန်းဆန့်ကျင်ရေး ကော်မတီ ဖွဲ့စည်း၏။ ဆန့်ကျင်ရေးကော်မတီက လူထုတိုက်ပွဲ ဆင်နွှဲမည်။ ဥက္ကဋ္ဌ ဦးရွှေအေးက မြေအောက်မှနေ၍ ‘ဆန့်ကျင်ရေးကော်မတီ’ ကို လမ်းညွှန်၏။ ပံ့ပိုး၏။ ကူညီ၏။ မိုးဗြဲရေကာတာ စီမံကိန်းဆန့်ကျင်ရေး လူထုတိုက်ပွဲက … တလှမ်းပြီးတလှမ်း ရှေ့သို့ ချီနေသည်။ ဗိုလ်နေဝင်းက ပြည်သူလူထုကို ဒုက္ခအမျိုးမျိုးပေး၏။ နှိပ်စက်ရာတွင် ဘက်ပေါင်းစုံမှ ကျပ်တည်းခက်ခဲရန် ပြုမူတတ်၏။

မြန်မာနိုင်ငံအတွင်း လှည့်လည်သုံးစွဲနေသည့် မြန်မာကျပ်ငွေ … … ၅ဝ ကျပ်တန်၊ ၁ဝဝ ကျပ်တန်များကို တရားမဝင် ငွေကြေးများအဖြစ် ကြေညာပြန်သည်။ ကယန်းလူထုအတွက် …. တပူပေါ်တပူဆင့် ….. မြွေပူရာ ကင်းမှောက်သည့်ကိန်း ဆိုက်လေပြီ။ မိုးဗြဲရေကာတာ စီမံကိန်းကြောင့် …. အိမ်မဲ့၊ မြေမဲ့၊ လယ်မဲ့၊ ခြံမဲ့ဖြစ်ရမည့်အပြင် …. ယခု လက်ထဲတွင်ရှိသည့် ငွေကြေးများသည်လည်း တရားမဝင် ငွေကြေးများအဖြစ် အသိမ်းခံကြရပြန်လေပြီ။

တရားခံက ဗိုလ်နေဝင်းနှင့် စစ်အာဏာရှင်စနစ် ….။ ဤရန်သူကို ဦးတည်၍ တိုက်ပွဲဆင်ရမည်။ ဤသို့ …. ကယန်းအမျိုးသားထုအတွင်း နားလည်ကြ၏။ သို့နှင့် ….. မိုးဗြဲရေကာတာ စီမံကိန်း ဆန့်ကျင်ရေးကော်မတီသည် လူထုတိုက်ပွဲကို အရှိန်မြှင့်တိုက်ပွဲဆင်ရန် ပြင်ဆင်၏။

ဗိုလ်နေဝင်းမှလည်း … အာဏာစက်နှင့် ဖိနှိပ်လာ၏။ ဆန့်ကျင်ရေး ကော်မတီဝင်များက လိုက်လံ၍ ဖမ်းဆီး၏။ ကယန်းအမျိုးသားမှန်လျှင် …. ဝရမ်းမလိုဖမ်း၏။ အခြေအနေက …. ကယန်းအမျိုးသားများအတွက် ရွေးလမ်းမဲ့နေ၏။ ဗိုလ်နေဝင်း၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ကြက်ကလေး၊ ငှက်ကလေးများကဲ့သို့ခံပြီး ထောင်အတွင်း နေကြမည်လား ….။ သို့တည်းမဟုတ် ရရာလက်နက်စွဲကိုင်၍ စစ်အုပ်စုကို တော်လှန်မည်လား ….။ ရွေးချယ်စရာလမ်း မရှိ ….။ အချိန် မရှိ …။ ကယန်းအမျိုးသားတို့ ဆုံးဖြတ်လိုက်ကြရ၏။

ရရာလက်နက်စွဲကိုင်ပြီး ကယန်းအမျိုးသားလွတ်မြောက်ရေး …။ လက်နက်ကိုင် တော်လှန်ရေးဆီသို့ ….။

၁၉၆၄ ခုနှစ်၊ ဇွန်လ ၄ ရက် ….။

(င)

ကယန်းအမျိုးသား လက်နက်ကိုင်တပ်သားများက ဥက္ကဋ္ဌ ဦးရွှေအေး၏ ဦးဆောင်မှုအောက်တွင် အင်အား ၇ဝဝ ခန့် ရှိလာ၏။ ကယန်းမျိုးချစ်တပ်သားများ ….. ဖယ်ခုံကို ဝင်၍တိုက်၏။ ဖယ်ခုံတွင်က ဗိုလ်နေဝင်း၏ အမြောက်တပ်ရှိ၏။ ဖယ်ခုံမြို့ကျ၏။ ဖယ်ခုံမြို့ကို ကယန်းမျိုးချစ်တို့ သိမ်းပိုက်နိုင်လိုက်ကြ၏။

ပြီးလျှင် …. မိုးဗြဲကို ဆက်၍ သိမ်းပိုက်ကြပြန်၏။ ကယန်းမျိုးချစ်တပ်သားတို့၏ ထိုးစစ်က …. စစ်ဦးဘီးလူးကဲ့သို့ ….။ မိုးဗြဲကို ရပြီးသည့်နောက် …. ပီကင်းသို့ ထိုးစစ်ဆင်၏။ ပီကင်းတိုက်ပွဲက ပြင်းထန်၏။ ဗိုလ်နေဝင်း စစ်အုပ်စုက ကြည်း၊လေ နှစ်ဖက်ညှပ်၍ တိုက်၏။ ခြေလျင်တပ်ရင်း အမှတ် ၁၆ ၊ အမှတ် ၁၇ ၊ အမှတ် ၁ဝ၄ ၊ အမှတ် ၁ဝ၅ … ၄ ရင်းနှင့် တိုက်၏။ အမြောက်နှင့် သံချပ်ကာတပ်များကလည်း လက်နက်ကြီး ပစ်ကူပေး၏။ လေကြောင်းမှ တိုက်လေယာဉ်များနှင့် ဗုံးကြဲ၏။ နှစ်ဖက် အထိအခိုက်၊ အကျအဆုံးများသည့် စစ်ပွဲ ….။ ပီကင်းက … ယမ်းခိုးများ၏ အောက်၌ သွေးချောင်းစီးသည့် ပီကင်း ….။

ပီကင်းတိုက်ပွဲ၌ …. ဥက္ကဋ္ဌ ဦးရွှေအေး ခြေထောက်တွင် ဒဏ်ရာရ၏။

(စ)

၁၉၆၄ ခုနှစ် သြဂုတ်လ ၈ ရက်နေ့တွင် ကယန်းမျိုးချစ် လက်နက်ကိုင် တော်လှန်ရေးကို စနစ်တကျ ဦးဆောင်မှု ပေးနိုင်ရန် …. ကယန်းပြည်သစ်ပါတီကို ဖွဲ့စည်းခဲ့၏။ ဥက္ကဋ္ဌ က …. ဗိုလ်ဗျန် …။ အထွေထွေ အတွင်းရေးမှူးက ဦးရွှေအေး ….။

''သမိုင်းဖန်တီးသူများသည် ပြည်သူများသာဖြစ်သည်'' ဟူသည့် အတွေးအခေါ်ကို ဥက္ကဋ္ဌ ဦးရွှေအေးနှင့် ကယန်းပြည်သစ်ပါတီသည် လမ်းညွှန်အဖြစ် ခံယူကြ၏။ ဤအတွက်ပင် …. လူထုကြားမှ လူထု၏ တိုက်ပွဲနှင့် တော်လှန်ရေး စတင်၏။ လူထုကြားမှာပင် တော်လှန်ရေးကို ကြီးထွားစေခဲ့၏။ ကယန်းဒေသ ဟူသည်က …. မြန်မာပြည်၏ အတွင်းပိုင်း ….။ နယ်စပ်လမ်းကြောင်း မရှိ။ မေးတင်စရာ နယ်စပ်နိုင်ငံ နယ်နမိတ်တခု မရှိ ….။

''သမိုင်းဖန်တီးသူသည် ပြည်သူများသာ ဖြစ်၏'' ဟူသည့် အတွေးအခေါ်လမ်းညွှန်ကို သွေးကြောထဲ စူးစူးနစ်နစ်၊ စွဲစွဲမြဲမြဲ စီးဝင်နေမှသာလျှင် ….. ကယန်းအမျိုးသား လက်နက်ကိုင် တော်လှန်ရေး လုပ်ဆောင်၍ရမည်။

ဤသို့မဟုတ်ပါက ….။

ရန်သူ၏ တန်ပြန်ထိုးစစ်ကြောင့် ပီကင်းစစ်မျက်နှာမှ ကယန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် ဆုတ်ခွာပေးလိုက်ရ၏။ ကယန်းစစ်မျက်နှာသို့ ဗိုလ်နေဝင်းမှ စစ်ကူအင်အား အလုံးအရင်း ထပ်၍ပို့သည်။ ရန်သူက ကယန်းလူမျိုးမှန်သမျှ သူပုန် ….။ ကယန်းရွာမှန်သမျှ သူပုန်စခန်း ….။ ဤသို့သဘောထားနှင့် စစ်ဆင်ရေးကို ဆင်၏။ ကယန်းပြည်သစ်ပါတီအတွက် အကျပ်အတည်းက ကြီးမား၏။ စိန်ခေါ်မှုက အမြင့်ဆုံး၌ ….။ ရိုက်ပုတ်မှုလှိုင်းက ထန်လွန်းလှ၏။

“ပါတီက နုနု …. မုန်တိုင်းက ထန်ပြင်း …”

ထိုစဉ်က …. ပါတီဥက္ကဋ္ဌ ဗိုလ်ဗျန်၊ ဒုဥက္ကဋ္ဌ ခွန်းပိန် (ဆရာပိန်၊ ဦးမောင်မောင်ခင်ဟုလည်း ခေါ်သည်) နှင့် ဗဟိုကော်မတီဝင်များ အားလုံးက ဗိုလ်နေဝင်းထံတွင် လက်နက်ချလိုက်ကြ၏။ ကယန်းပြည်သစ်ပါတီဝင် အားလုံးနီးပါး ပါသွားကြသည်ဟု ဆိုရမည်။ ကယန်းပြည်သစ်ပါတီက ‘လ’ သားအရွယ်တွင်ပင် ဇီဝိန်ချုပ်ရတော့မည့်ဟန် ….။ သို့သော် ….. အတွင်းရေးမှူးဖြစ်သူ ဦးရွှေအေးက …. ရဲဘော် ၃ ဦးနှင့်အတူ ဗိုလ်နေဝင်းထံ၌ လက်နက်ချ အညံ့မခံဘဲ ….. လက်နက်ကိုင် တော်လှန်ရေး၌ ကျန်ခဲ့၏။ ကယန်းပြည်သစ်ပါတီ အလံတော်က ဦးရွှေအေးနှင့်အတူ လွတ်လပ်ဆဲ ….။ လွတ်မြောက်ရေးခရီးသို့ နှင်မြဲ ….။ ချီတက်လျက် ….။

(ဆ)

“အဲဒီတုန်းက ကျနော်တယောက်ပဲ လက်နက်မချဘဲ ကျန်ရစ်ခဲ့ပါတယ်။ ပြောရရင် လသားအရွယ်မှာပဲ ကယန်းပြည်သစ်ပါတီ ဇီဝိန်ချုပ်တော့မယ့် အခြေအနေဖြစ်ပါတယ်။ ဒါပေမဲ့ ကျနော် အားမငယ်ပါဘူး။ မတွေဝေခဲ့ပါဘူး။ မိုးခါးရေ မသောက်ခဲ့ပါဘူး။ ပြည်သူလူထုအပေါ်မှာ ယုံကြည်မှုက ကျနော့်ခွန်အားတွေကို တိုးပွားစေခဲ့ပါတယ်။ အခြေခံမူ ၁၂ ချက်က ကျနော့်ရဲ့ နိုင်ငံရေးအသိကို ကြံ့ခိုင်စေခဲ့ပါတယ်။ အပင်ပန်းအဆင်းရဲခံပြီး ကိုယ်ကျိုးစွန့် ကြိုးပမ်းခြင်းက ကျနော့်ကို တလှမ်းပြီးတလှမ်း ရှေ့ရောက်စေခဲ့ပါတယ်။ ဒီလိုနဲ့ပဲ တရားရှိရင် ကူသူများမယ် ဆိုတဲ့စကားအတိုင်း တစတစ အင်အားကြီးမားလာတဲ့ ကယန်းပြည်သစ်ပါတီနဲ့ ကယန်းပြည်သစ် တပ်မတော်ဟာ အောင်ပွဲအလီလီ ဆွတ်ခူးပြီး ကယန်းအမျိုးသားတွေရဲ့ ဂုဏ်သိက္ခာနဲ့ အဆင့်နေရာကို ပေးနိုင်ခဲ့ပါတယ်” ဥက္ကဋ္ဌ ဦးရွှေအေးက သူ၏ စကားကို အဆုံးသတ်လိုက်သည်။

ကျနော်က အသံဖမ်းကက်စက်၏ ခလုတ် ပိတ်လိုက်၏။ ဥက္ကဋ္ဌနှင့် ကျနော်တို့ ဒီမိုကရက်တစ် မြန်မာ့အသံအတွက် တွေ့ဆုံမေးမြန်းခြင်းက ပြီးဆုံးလေပြီ။ ဥက္ကဋ္ဌ ဦးရွှေအေးက မာနယ်ပလောရှိ အမျိုးသား ဒီမိုကရေစီတပ်ပေါင်းစု (NDF) ရုံး၌ တည်းခိုနေသည်ဖြစ်၍ …. NDF ရုံးခန်းအတွင်းမှာပင် ကျနော်တို့ ဥက္ကဋ္ဌ ဦးရွှေအေးနှင့် အင်းတာဗျူး လုပ်ကြခြင်း ဖြစ်၏။

ကွေ့ကောက်ခါ စီးဆင်းနေသည့် သောင်းရင်းမြစ်ပြင်ကို တွေ့ရ၏။ ကျွန်းရွက်တို့က ကြွေ၍ ကောင်းဆဲ ….။ ကျွန်းရွက်ကြွေသည့် ရာသီ ….။

“ကျနော်တို့ထဲမှာလည်း အပစ်အခတ်ရပ်စဲချင်တဲ့ သူတွေ ရှိတယ်ဗျာ ….. ကျနော်ကတော့ အတွေးအခေါ်အရ လုံးဝ သဘောမတူဘူး …..”

ဥက္ကဋ္ဌ ဦးရွှေအေးက အလွတ်သဘော သူ၏ သဘောထားကို ဆို၏။ တဖွဖွ ….။

ကျနော်တို့ …. ဥက္ကဋ္ဌ ဦးရွှေအေးကို နှုတ်ဆက်ပြီးပြန်ရန် နေရာမှထ၏။ ဥက္ကဋ္ဌ ဦးရွှေအေးက ကျနော်တို့နှင့်အတူ NDF ရုံးအဝထိ လိုက်လာ၏။

ပီကင်းတိုက်ပွဲတွင် ရခဲ့သည့် ဒဏ်ရာကြောင့် …. ဥက္ကဋ္ဌ ဦးရွှေအေး၏ ခြေလှမ်းက ထော့နဲ့ ….၊ ထော့နဲ့နှင့် …။

(ဤဆောင်းပါး ဖြစ်မြောက်ရေးအတွက် မအားလပ်သည့်ကြားမှ ဖြေကြားပေးသည့် ဖယ်ခုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ခွန်မားကိုဘန်းကို အထူး ကျေးဇူးတင်ပါသည်။)
mizzima မှရယူဖေါ်ပြသည်။

No comments:

Post a Comment