ondragstart="return false" onselectstart="return false"

Friday, September 18, 2009

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် သဘောတရား

ဒီကနေ့  စက်တင်ဘာ ၁၈ ဟာ နအဖ သောင်းကျန်းသူတွေက တိုင်ပြည်အာဏာကို ဓါးပြတိုက်ယူဒါ (၂၁) နှစ်ပြည့်ပြီ။
ငါတို့ တိုင်းရင်းသားတွေကို လည်း အစည်တစိုက် အစီအစဉ်ရှိရှိ ဖျက်စီးလုပ်ဆောင်နေပါသည်။။ ငါတို့ ဘာမှ မလိုချင်ပါ။။လိုချင်ဒါ မွေးရာပါ အခွင့်အရေးတွေနဲ့  စစ်မှန်တဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ပဲ။။။။။ ဒါတွေမရသရွေ့ ငါတို့ ဆက်လက်တိုက်ပွဲ ၀င်ရပေမည်။။။

NEJ / ၁၈ စက်တင်ဘာ ၂၀၀၉

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဟူသည်မှာ လူ့အဖွဲ့အစည်းတခုက မိမိကျင့်သုံးမည့် နိုင်ငံရေးစနစ်ကို လွတ်လပ်စွာရွေးချယ်၍ မိမိ၏ လူမှုစီးပွားရေးနှင့် ယဉ်ကျေးမှု တိုးတက်ထွန်းကားအောင် ဆောင်ရွက်ခြင်းဖြစ်သည်ဟု အဓိပ္ပာယ်ဖွင့်ဆိုကြသည်။ တိုင်းသူပြည်သားသည် သူတို့လက်ခံမည့် အုပ်ချုပ်ရေးပုံစံကို ဆုံးဖြတ်ခြင်းဖြစ်ပေသည်။ (၁၈) ရာစုနှင့် (၁၉) ရာစု ဥရောပတွင် အမျိုးသားနိုင်ငံများ ပေါ်ထွက်ချိန်၌ ခေတ်စားလာသော အသုံးအနှုန်းပင်ဖြစ်သည်။ ကိုလိုနီဘ၀မှ ရုန်းထွက်ရန် ကြိုးစားသော အမျိုးသားဝါဒီသည်လည်း ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် တောင်းဆိုသည်။
သို့သော်လည်း ကမ္ဘာ့နိုင်ငံရေးစနစ်ကို ကြီးစိုးခြယ်လှယ်နိုင်သော အင်အားကြီးနိုင်ငံများကသာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၏ အတိုင်းအတာကို သတ်မှတ်ကြပါသည်။ တိုင်းပြည်ရှိ လူဦးရေတခုလုံး၏ လုပ်ပိုင်ခွင့်သည် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဖြစ်သည်ဟု အဓိပ္ပာယ်ဖွင့်ဆိုပါက ပြည်တွင်းရှိ တိုင်းရင်းသားလူနည်းစုများ၏ လုပ်ပိုင်ခွင့်နှင့် မသက်ဆိုင်သကဲ့သို့ ဖြစ်နေ၏။ လွတ်လပ်ရေးရပြီး နိုင်ငံများသည် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တောင်းဆိုသော လူမျိုးအုပ်စုများ ခွဲမထွက်စေရန်အတွက် လုပ်ပိုင်ခွင့်နဲ့ ဆုံးဖြတ်ပိုင်ခွင့်များ ခွဲဝေပေးထားသည်ကို တွေ့ရသည်။

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်သဘောတရားကို ကိုလိုနီခေတ်ကတည်းက ဗမာများသဘောပေါက်ခဲ့ကြ၏။ ကိုလိုနီခေတ်ဗမာနိုင်ငံရေး သမားများသည် အင်္ဂလိပ်သင်ကြားပြသသော လစ်ဘရယ်ဒီမိုကရေစီ သဘောတရားကို စိတ်မ၀င်းစားကြဘဲ ကိုယ်ပိုင်အုပ်ချုပ် ရေးကိုသာ စိတ်ဝင်စားကြ၏။ အကြောင်းမှာ ဗမာကြီးစိုးသော အစိုးရဖွဲ့စည်းနိုင်ရန်ဖြစ်သည်ဟု မန္တလေးတက္ကသိုလ် သမိုင်းပါမောက္ခဟောင်း ကွယ်လွန်သူ ဒေါက်တာမောင်မောင်ကြီးက မှတ်ချက်ချဖူးသည်။
ကိုလိုနီခေတ်အင်္ဂလိပ်အစိုးရသည် ဗမာနှင့်တိုင်းရင်းသားလူမျိုးစုကို ခွဲခြားဆက်ဆံ၏။ တိုင်းရင်းသားကိုလည်း အခြေအနေ လိုက်၍ တယောက်တမျိုး ဆက်ဆံပါသည်။ လွတ်လပ်ရေးရယူသည့်အခါ၌ ဗမာအစိုးရသည် တိုင်းရင်းသားလူမျိုးစုများဖြင့် အဆင်ပြေသလို တယောက်တမျိုး ဆက်ဆံခဲ့သည်။ ၁၉၄၇ အခြေခံဥပဒေတွင် တိုင်းရင်းသားများ၏ အဆင့်အတန်း ကွဲပြားခြားနားနေပါသည်။ တိုင်းရင်းသားများ၏ ရည်မှန်းချက်ကို အဓိကမထားသော ဥပဒေပညာရှင်အချို့နှင့် ဖဆပလ ခေါင်းဆောင်အချို့ ပူးတွဲရေးဆွဲသော အခြေခံဥပဒေဟုဆို၏။
၁၉၃၇ အိုင်ရလန် (Ireland) အခြေခံဥပဒေ၊ ၁၉၃၅ အိန္ဒိယ အက်ဥပဒေနှင့် ၁၉၃၅ ဗမာပြည်အက်ဥပဒေတို့ကို စုပေါင်းပြီး ပြုပြင်လိုက်ပါက ၁၉၄၇ အခြေခံဥပဒေဖြစ်သွားသည်ဟု ဆိုရိုးရှိသည်။ အပြစ်အနာအဆာ မကင်းသော်လည်း လွတ်လပ်ရေးရယူလိုက်သော ၁၉၄၇ အခြေခံဥပဒေကို ပြင်ဆင်သုံးစွဲနိုင်ပါက အစဉ်အလာကောင်းဖွယ်ရာ ရှိပါသည်။
လွတ်လပ်ရေးရပြီးမကြာမီ လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲသော တိုင်းရင်းသားအနည်းငယ်ရှိသော်လည်း ဗမာစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် လက်နက်ကိုင်တိုင်းရင်းသားများပြားလာ၏။ မိမိတို့လူမျိုးနှင့်ယဉ်ကျေးမှု မကွယ်ပျောက်အောင် လက်နက်ကိုင်နေရသည့်သဘောပင် ဖြစ်နေပါသည်။
လွတ်လပ်ရေးရပြီးမကြာမီ လက်နက်ကိုင်ပုန်ကန်ကြသည့်အတွက် ၁၉၄၈ မှ ၁၉၈၈ အထိ အနှစ် (၄၀) အတွင်း ဗမာအစိုးရနှင့် လက်နက်ကိုင်အဖွဲ့အစည်းများအကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲ (၅) ကြိမ် ကျင်းပခဲ့ပါသည်။ ဦးနုအစိုးရလက်ထက်၌ (၂) ကြိမ်၊ ဗိုလ်နေ၀င်းအစိုးရလက်ထက်၌ (၃) ကြိမ် ကျင်းပခဲ့ပါသည်။ တိုင်းရင်းသားများ လက်နက်ကိုင်ရသည့်အကြောင်းရင်းကို အလေးအနက်မစဉ်းစားဘဲ လက်နက်ချဖို့ကိုသာ ဗမာအစိုးရက တောင်းဆို၏။ အပစ်အခတ်ရပ်စဲရန် စိတ်မကူးပါ။ ၁၉၈၈ မှာ မဆလစစ်အစိုးရကို တပြည်လုံးကန့်ကွက်နေစဉ် လက်နက်ကိုင်အဖွဲ့များက အန္တရာယ်ပေးမည်ကို စိုးရိမ်သဖြင့် အပစ်အခတ်ရပ်စဲလိုက်ခြင်းပင်ဖြစ်ပါသည်။
အပစ်အခတ်ရပ်စဲပြီး စီးပွားရေးမက်လုံးပေးထားသည့် အစီအစဉ်သည် တိုင်းရင်းသားလက်နက်ကိုင်ကို အားနည်းသွားစေသည်ဟု စစ်အစိုးရ ယူဆပုံရပါသည်။ အချိန်ကြာလာပါက လက်နက်စွန့်ရန် နားချနိုင်လိမ့်မည်ဟု စစ်အစိုးရဘက်က ယူဆထားပုံရပါသည်။ လက်နက်မချသည့်အခါတွင် နယ်ခြားစောင့်တပ်အဖြစ် ဗမာစစ်တပ်အောက်တွင် အမှုထမ်းရန် စည်းရုံးပြန်ပါသည်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အဆင့် မည်မျှပေးနိုင်မည်ကိုမူ စစ်အစိုးရ စဉ်းစားပုံမရပါ။
ဗမာစစ်ဗိုလ်၏ ကယ်တင်ရှင်ရောဂါသည် အင်္ဂလိပ်အမျိုးသား စာရေးဆရာ ကဗျာဆရာကြီး Rudyard Kipling ၏ ‘လူဖြူ့တာဝန်’ The White Man’s Burden ဆိုသော ကဗျာနှင့်တူနေပါသည်။ အရှေ့တိုင်းမှ လူရိုင်းများကို ယဉ်ကျေးအောင် လုပ်ရန် ကိုလိုနီအရှင်သခင်လူဖြူ၌ တာဝန်ရှိသည်ဟု ဖော်ပြသောကဗျာဖြစ်သည့်အတွက် ‘လူဖြူ့တာဝန်’ ကဗျာ နိုင်ငံရေးလောက၌ နာမည်ကြီးသွားပါသည်။ (၁၉) ရာစုနှောင်းပိုင်း ဖိလစ်ပိုင်ကျွန်းစုကို အမေရိကန်သိမ်းပိုက်သည်ကို လူဖြူ့တာဝန်တရပ်ဖြစ်ကြောင်း စပ်ဆိုထားသောကဗျာဖြစ်သည်။ ထိုစဉ်မှစ၍ လက်နက်အင်အားကြီးမားသူက လက်နက်မရှိသော အရပ်သားကို အမိန့်ပေးခိုင်းစေပြီး အနိုင်ကျင့်သည်ကို ‘လူဖြူ့တာဝန်’ ဟု တင်စားလေ့ရှိသည်။
မိမိကိုယ်မိမိ ကယ်တင်ရှင်ဟုယူဆကာ လူဖြူမဟုတ်သူ (သို့မဟုတ်) မိမိနှင့်မတူသူကို မသိနားမလည်သည့် အောက်တန်းစားအရိုင်းအစိုင်းဟု သတ်မှတ်ခြင်းသည် ‘လူဖြူ့တာဝန်’ အယူအဆဖြစ်၏။ ထိုခေတ်က ဆပ်ပြကြော်ငြာတခုတွင် လူဖြူမဟုတ်သူများ ဆပ်ပြာသုံးတတ်အောင်သင်ပေးရန် လူဖြူ၌တာဝန်ရှိသည်ဟု ရေးထားပါသည်။ အခြားလူမျိုးအားလုံး ကိုလိုနီအရှင်သခင်၏ ပြောစကားကို နားထောင်ရမည်ဟု ဆိုပါသည်။
ဥပမာ မြန်မာပြည်သူပြည်သားများ မည်သည့်အရာနှင့်သင့်တော်သည်၊ မည်သို့နေထိုင်သင့်သည်၊ မည်သို့စဉ်းစားတွေးခေါ်သင့်သည် စသည်ကို ကိုလိုနီပိုင်ရှင် လူဖြူက ဆုံးဖြတ်ရန် တာဝန်ရှိပါ၏။ ငါပါမှဖြစ်မည်ဆို၍ နေရာတကာ၌ အမိန့်ပေးသောဝါဒဖြစ်သည်။ ဗမာစစ်အစိုးရ အပေါ်စီးက ဆုံးဖြတ်နေသည်မှာလည်း ‘လူဖြူ့တာဝန်’ အယူအဆပင်ဖြစ်ပါသည်။
တိုင်းရင်းသားလူထုကို ကျွန်လိုသဘောထားရန် ပြောသကဲ့သို့ဖြစ်နေသည့် Kipling ၏ ‘လူဖြူ့တာဝန်’ ကဗျာကို ထိုခေတ်က နာမည်ကြီးစာရေးဆရာ ဒဿနပညာရှင်တွေက ဝေဖန်ရှုတ်ချကြပါသည်။ အရှေ့တောင်အာရှ တိုင်းရင်းသားတွေ ဆင်းရဲပြီး မသိနားမလည်ဖြစ်နေသည်မှာ အနောက်တိုင်း အယူအဆ ကင်းဝေးနေ၍ ဖြစ်သည်ဟု Kipling က ယုံကြည်ပြီး ကဗျာရေးလိုက်သော်လည်း ကိုလိုနီအာဏာရှင်စနစ်ကို ကိုးကွယ်သူမဟုတ်ပါ။ တိုင်းသူပြည်သားသာ ကျွန်ပြုသည်ကို ခံရသည်မဟုတ်ဘဲ အစိုးရယန္တရား၌ပါဝင်သော အမှုထမ်းများလည်း ကျွန်ဘ၀ရောက်နေပုံကို ‘လူဖြူ့တာဝန်’ ကဗျာ၌ ဖော်ပြသည်။
ကိုလိုနီအာဏာရှင်သည် ယင်း၏ခေါင်းပုံဖြတ်လုပ်ငန်းကို ကယ်ဆယ်ရေးလုပ်ငန်းသဘောမျိုးဖြင့် ၀ါဒဖြန့်သည်။ ကိုလိုနီအာဏာရှင်သည် အမြဲတမ်းမှန်ကန်သည့်အတွက် တိုင်းရင်းသားပြည်သူများ၏ တာဝန်မှာ အမြဲတမ်းနာခံရန်သာ ဖြစ်သည်ဟူသော သဘောပင်ဖြစ်၏။ ထို့ကြောင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ဂရုမစိုက်ဘဲ တိုင်းပြည်ကို စစ်တပ်က ခေါင်းဆောင်ရန် တာဝန်ရှိသည်ဆိုသော အယူအဆသည် ကိုလိုနီစနစ်ကို ထောက်ခံအားပေးသော ‘လူဖြူ့တာဝန်’ အယူအဆတမျိုးပင် ဖြစ်ပေသည်။

No comments:

Post a Comment