ondragstart="return false" onselectstart="return false"

Saturday, September 19, 2009

ချစ်သမီးငယ် အပိုင်း(၁၀)

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

မိတ်ဆွေများအတွက် စာလက်ဆောင်ကဏ္ဍမှာ ကွယ်လွန်လေသူ ကေအဲန်ယူ ခေါင်းဆောင် ဖဒိုမန်းရှာရဲ့ သမီး ဖြစ်သူ ဇိုရာဖန်း ရေးသားတဲ့ ချစ်သမီးငယ် စာအုပ်အကြောင်း တင်ပြနေပါတယ်။ အခုတပတ်မှာတော့ ဇိုရာဖန်း တယောက် အင်္ဂလန်နိုင်ငံမှာ မြန်မာ့အရေးလှုပ်ရှားမှုထဲ ထဲထဲဝင်ဝင် ပါဝင် လှုပ်ရှားလာပြီးတဲ့နောက် ကမ္ဘာကျော်ဖို့ ဖြစ်လာရပုံ၊ နိုင်ငံ ခေါင်းဆောင်ကြီး များနဲ့ တွေ့ဆုံခွင့်ရတဲ့အထိ ထင်ရှားကျော်ကြားလာပုံတွေကို ဆက်လက်တင်ပြ ပါမယ်။

သောတရှင်မိတ်ဆွေများ ခင်ဗျား။
အချိန်က ၂ဝဝ၅ ခုနှစ်၊ ဇူလိုင်လပိုင်းလောက်ပါ။ ဇိုရာဖန်းတယောက် သူ့မဟာ ဝိဇ္ဇာဘွဲ့ပြီးဖို့ ၆-လလောက်ပဲ လိုတော့တဲ့ အချိန်မှာ ဇိုရာဖန်း တခုခုကို ပြတ်ပြတ် သားသား ရွေးရဖို့ဖြစ်လာပါတယ်။ သူတို့အရင်နေခဲ့တဲ့ မဲလဒုက္ခသည် စခန်းက ယူအဲန် UN လက်မှတ်လို့ခေါ်တဲ့ ဒုက္ခသည်အဖြစ် ကုလသမဂ္ဂက အသိအမှတ်ပြုခံထားရသူတွေ ကို တတိယ နိုင်ငံမှာ ပြန် အခြေချပေးနေတဲ့ ကိစ္စဖြစ်ပါတယ်။ ဇိုရာဖန်းက ထိုင်းကိုပြန်လို့ မဖြစ်နိုင်ပါဘူး။အင်္ဂလန် နိုင်ငံမှာ လည်း ကျောင်းတက်ဖို့ ၆-လလောက်ပဲ ကျန်တဲ့အချိန်၊ ဗီဇာ ကလည်း သက်တန်း ၆-လပဲ ကျန်ပါ တယ်။ ဒီ ၆-လပြီးတဲ့အခါ ကျောင်းတက်ဖို့ပေး ထားတဲ့ ထောက်ပံ့ကြေးလည်း ဆက်ရတော့မှာ မဟုတ်ပါဘူး။ ဒုက္ခသည် စခန်းမှာလည်း သူမရှိရင် ဟိုက သူ့စာရင်းကို လည်း ပယ်ဖျက်လိုက်နိုင်ပါတယ်။ နောက်တော့ သူ့ဘဝ လုံðခံ ရေးနဲ့ အရာရာကိုတွက်ဆပြီး အင်္ဂလန်နိုင်ငံမှာ နိုင်ငံရေး ခိုလှုံခွင့်လျှောက်ထားဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ဒီလိုနဲ့ လူမျိုးညိုဝါနီ ပေါင်းစုံတန်းစီစောင့်နေကြတဲ့ အင်္ဂလန်နိုင်ငံက ဒုက္ခသည်ဆိုင်ရာတရားရေးရုံး (Refugee Legal Centre) ရှေ့မှာ သူ့လျှောက်လွှာကို တင်ရပါတယ်။ သူ ရင်တထိပ်ထိပ်နဲ့ စောင့်နေရပါတယ်။ သူကတော့ သူ့အသက် အန္တရာယ်အတွက် စိုးရိမ်ဖွယ်ရှိနေတယ်။ သူ့အဖေကို ရန်သူတွေက လုပ်ကြံဖို့ ပြင်ဆင်ထားသလို၊ သတ်ရမယ့် စာရင်းမှာ သူ့နာမည်ပါ ပါနေတယ် စသဖြင့် ထည့်သွင်းဖော်ပြပါတယ်။ သူ့ကိုလူတွေ့မေးမြန်းတဲ့နေ့ ရောက်လာပါတယ်။ တဖက် အရာရှိက အခုပတ်စ်ပို့တ် ဘယ်လိုရသလဲလို့ မေးမြန်းပါတယ်။ သူက အခု ပတ်စ်ပို့တ်ဟာ အတုပါလို့ ပြန်ဖြေပါတယ်။ ဗြိတိန် ပြည်ထဲရေးဌာနအရာရှိကတော့ ဒါဟာအမှုကြီးတယ်၊ ဖမ်းဆီးခံရ နိုင်တယ်အထိ အပြစ်ရှိတယ်လို့ ပြန်ပြောခဲ့ ပါတယ်။ ဇိုရာဖန်းလည်း အတော့်ကို ပူထူစိုးရိမ်သွား ပါတယ်။ သူ တလျှောက်လုံး ကြိုးပမ်းလာသမျှ၊ သူ့ရဲ့ဘဝ ရုန်းကန်မှု တွေအားလုံး ထောင်ထဲမှာ နိဂုံးချုပ် ရတော့ မလားဆိုပြီး လည်း တွေးမိပါတယ်။ သူ့ရဲ့အိပ်မက်ကောင်းကင်ကြီးလဲ ပြိုကွဲ ကျကုန်ပါပြီ။ နောက်ဆုံးတော့ သူ့ကို ဖမ်းဆီး အချုပ်ချ မထားဖို့ ဆုံးဖြတ်လိုက်ပေမယ့်၊ တပတ်ကိုတခါ ရဲစခန်းမှာ လက်မှတ်ထိုး သတင်းပို့နေရတဲ့ ခြေချုပ်အမိန့်မျိုးကို ချမှတ်ခဲ့ပါတယ်။

အခုလို ခိုလှုံခွင့်လျှောက်ထားတဲ့ အချိန်မှာ အလုပ်လုပ်ခွင့် မရှိပါဘူး။ သူ့ရဲ့ခိုလှုံခွင့်ကလည်း အကြောင်းအမျိုးမျိုး ကြောင့် ကြာနေပါတယ်။ အဲသည်တော့ ဒီကာလကြားမှာ ဇိုရာဖန်းက မြန်မာ့အရေးလှုပ်ရှားနေတဲ့ (Burma Campaign UK) အဖွဲ့မှာ စေတနာ့ဝန်ထမ်း ဝင်လုပ်ပြီး လှုပ်ရှားပါတယ်။ မြန်မာ့အရေးအတွက် နေရာဌာန၊ တက္ကသိုလ်အများမှာ လှည့်လည် ဟောပြောကြသလို၊ အင်္ဂလန်အစိုးရရဲ့ နိုင်ငံရပ်ခြားအကူအညီပေးရေးဌာန ကနေ မြန်မာနိုင်ငံက ပြည်တွင်း ဒုက္ခသည် တွေကို ကူညီဖို့လည်း သူတို့တိုက်တွန်းစည်းရုံးကြပါတယ်။ အဲသည် ကာလမှာ မြန်မာနိုင်ငံအရေးကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ တင်ပြဖို့ ကြိုးပမ်းနေကြတဲ့ကာလဖြစ်လေ တော့ ဇိုရာဖန်းတို့လည်း ဗြိတိန်အစိုးရက ကုလသမဂ္ဂမှာ ကမကထ ပြုတင်ပြပေးဖို့ စည်းရုံးကြပြန်ပါတယ်။ ဒီလို နဲ့ ၂ဝဝ၆ ခုနှစ်၊ အောက်တိုဘာလမှာ အင်္ဂလန်နိုင်ငံက နိုင်ငံရေး ပါတီကြီး ကွန်ဆာဗေးတစ်ပါတီရဲ့ ညီလာခံ ကျင်းပတဲ့အချိန် ရောက်လာပါတယ်။ ဒီညီလာခံမှာ အဖွင့်မိန့်ခွန်းပြောဖို့ သူတို့ ခေါင်းဆောင်တွေက ဒေါ်အောင် ဆန်းစုကြည်ကို ဖိတ်ကြားလိုကြပါတယ်။ လက်တွေ့မှာ မဖြစ်နိုင်ပါဘူး။ ဒီလိုနဲ့ သူတို့ ရှာကြတော့ ဇိုရာဖန်းကို တွေ့ပြီး ဒီညီလာခံကြီးမှာ ၆ မိနစ်ကြာ အဖွင့် မိန့်ခွန်းပြောဖို့ ဖိတ်ကြားခံရပါတယ်။

ကွန်ဆာဗေးတစ်ပါတီ ညီလာခံကြီးက လူ ၃ ထောင်ကျော်တက်တဲ့ အထင်ကရအစည်းအဝေးကြီးပါ။ ခိုလှုံခွင့် မရသေးဘဲ ရဲစခန်းမှာ အပတ်စဉ်လက်မှတ်ထိုးနေရတဲ့ ဇိုရာဖန်းအဖို့ လုံခြုံရေးတင်းကျပ်ထားတဲ့ ဇုန်၊ ခမ်းမထဲ ဝင်ခွင့် လက်မှတ်ကျဖို့ အတော်ကြာ စောင့်နေရပါသေးတယ်။ အချိန်ကပ်တော့မှ အဆင်ပြေသွားပါတယ်။ သူ ကတော့ သူ့သဘောထားကို အဖြူရောင်သက်သက်ဆိုတာ ပေါ်လွင်စေချင်လို့ ကရင်သင်တိုင်းအဖြူလေးကို ဝတ်သွားခဲ့တယ်လို့ ဖော်ပြပါတယ်။ ခေါင်းဆောင်တဦး၊ ၂-ဦးပြောပြီး သူ့အလှည့်ရောက်လာပါတယ်။ သူက အစိမ်း ရောင်နောက်ခံ ခမ်းမကြီးကို တချက် ကြည့်လို့ အဖွင့်မိန့်ခွန်းစပြောလိုက်ပါတယ်။

ကြွရောက်လာတဲ့ လူကြီးမင်းများနဲ့ အမျိုးသမီးများရှင့်၊ အစိမ်းရောင်နောက်ခံကြီးကို မြင်ရတော့ ကျမတောထဲ ပြန်ရောက် သွားသလို ခံစားရပါတယ်လို့ စဖွင့်ပါတယ်။ လူတွေ ခပ်အုပ်အုပ်ရယ်သံ ထွက်ပေါ်လာပါတယ်။ သူက မြန်မာနိုင်ငံကို အရက်စက်အကြမ်းကြုတ်ဆုံး စစ်အာဏာရှင်တွေက အုပ်ချုပ်ထားတဲ့အကြောင်း၊ သူတို့ကလေး ဘဝ တိုက်ပွဲတွေကြားမှာ ပြေးလွှားရပြီး၊ ကြီးပြင်းခဲ့ရပုံတွေ ပြောပြပါတယ်။ ဗြိတိသျှအစိုးရက ဒီဖြစ်ရပ်တွေ ရပ်တန်းက ရပ်အောင် မလုပ်လေဘူး လို့လည်း ဝေဖန်ပါတယ်။ ကျမတို့မျိုးဆက်တွေ ဘယ်လောက်အထိ ခံနေရဦး မှာလဲလို့လည်း သူက ကွန်ဂရက်လာတဲ့ ပရိသတ်တွေကို မေးခွန်းထုတ်ပါတယ်။ လူတွေက ငြိမ်သက် နေကြပါတယ်။

အခုလိုဖြစ်နေတာ ၁၆ နှစ်တိုင်ခဲ့ပြီး၊ ကုလက ဘယ်လိုမှ မဆောင်ရွက်ပေးသလို၊ အခုလိုသတ်ဖြတ်နေတဲ့ အာဏာရှင် တွေကို ကုလသမဂ္ဂက အနည်းဆုံးလက်နက်ပိတ်ဆို့မှု လုပ်တာတောင်မရှိခဲ့ဘူးလို့ သူက ဝေဖန် ပါတယ်။ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ ပေါ်ထွန်းလာစေဖို့ ကူညီပေးတာဟာ ကိုလိုနီ နယ်ချဲ့တာမဟုတ်ပါဘူး။ ယဉ်ကျေးမှုနဲ့ဆိုင်တဲ့ ပြဿနာလည်း မဟုတ်ပါဘူး။ လူတိုင်းရဲ့အရေးပါလို့ တိုက်တွန်းပါတယ်။ နိုင်ငံတိုင်းရဲ့ ဦးစားပေးကိစ္စဖြစ်သင့်တယ်လို့လဲ ဆိုပါတယ်။ လက်ခုပ်သံတွေ ကြားရပါတယ်။

ကမ္ဘာကြီးပေါ်မှာ ရက်စက်တဲ့ အစိုးရတွေကြောင့် သူတို့အိမ်ကို မပြန်နိုင်ဘဲ ဖြစ်နေရတဲ့ လူသန်းပေါင်း များစွာ ရှိနေပါ တယ်။ ကျမတို့က အိမ်ကိုပဲ ပြန်နေချင်ပါတယ်။ အိမ်ပြန်ချင်ပါတယ်။ ဒါပေမယ့် လူကြီးမင်းတို့ရဲ့ အကူအညီသာ မရှိဘူး ဆိုရင် အိမ်ပြန်ရဖို့ မဖြစ်နိုင်ပါဘူးလို့ပြောပြီး နိဂုံးချုပ်လိုက်ပါတယ်။

ခန်းမထဲက လူပေါင်း ၃၅ဝဝ ကျော်က မတ်တပ်ထရပ်လို့ သူ့ကို လက်ခုပ်သြဘာပေးကြပါတယ်။ တောထဲမှာ ကြီးပြင်းခဲ့ရ တဲ့ ကရင်မိန်းကလေးငယ်တဦးကို အလေးအမြတ်ပြုခဲ့ကြတာပါပဲ။ နောက်တကြိမ် ၂ဝဝ၇ ခုနှစ် ကွန်ဆာဗေးတစ်ပါတီ ညီလာခံမှာလည်း ဇိုရာဖန်း စကားပြောခွင့်ရပါသေးတယ်။ မြန်မာနိုင်ငံမှာ ၂ဝဝ၇ ခုနှစ်၊ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုတွေ ချေမှုန်းခံရပြီးတဲ့ တရက်မှာတော့ ဇိုရာဖန်းတို့ရုံးကို ဖုန်းခေါ်လာပါတယ်။ ဗြိတိသျှဝန်ကြီးချုပ် ဂေါ်ဒွင်ဘရောင်းက ဇိုရာဖန်း နဲ့ သံဃာ့ကိုယ်စားလှယ်တွေကို သူ့အိမ်တော် အမှတ် (၁ဝ) ဒေါင်းနင်းလမ်းမှာ တွေ့ဆုံချင်လို့ ချိန်းဆိုတာပါ။ ဇိုရာဖန်းရဲ့ အားမာန်တွေ၊ ကြိုးစားမှုတွေကို ကမ္ဘာကအသိ အမှတ် ပြုခဲ့ရပြီ ဖြစ်ပါတယ်။ အဲသည်အချိန်မှာ ဗြိတိသျှ နိုင်ငံရပ်ခြား ကူညီရေးဌာနကလည်း ဒုက္ခသည်တွေကို အကူအညီပေးဖို့ ကိစ္စတွေက အကြောင်းထူးလာခဲ့ပြီ။ ၂-နှစ်ကျော်အကြာမှာ သူ့ ခိုလှုံခွင့်ကိုလည်း တရားဝင် လက်ခံခဲ့ပါတယ်။ သူတို့အောင်ပွဲတွေလို့ပဲ ပြောရပါလိမ့်မယ်။

နောက်တပတ်မှာတော့ စာအုပ်နောက်ဆုံးပိုင်း၊ သူထိုင်းနိုင်ငံကို တခေါက်ပြန်ဖြစ်ပြီး အဖေ့ကို ပြန်တွေ့ရပုံနဲ့ အဲဒါဟာ မမျှော်လင့်ဘဲ နောက်ဆုံးခရီး ဖြစ်ခဲ့ရ၊ သူ့အဖေ လုပ်ကြံခံခဲ့ရပုံတွေကို ဆက်လက်တင်ပြပါမယ်။ အားလုံး ငြိမ်းချမ်း ပျော်ရွှင်ကြပါစေ။

No comments:

Post a Comment