ondragstart="return false" onselectstart="return false"

Friday, September 18, 2009

စစ်ဆင်ရေးကြောင့် မူလတန်းကျောင်းနှင့်ဆေးခန်း ပိတ်ထားရဆဲ

ဝီရ / ၁၈ စက်တင်ဘာ ၂၀၀၉၊ ခေတ်ပြိုင်

ဘုရားသုံးဆူနယ်စပ်ဒေသ ဒူးပလာယာခရိုင်အတွင်းရှိ ကေအန်ယူ ထိန်းချုပ်ရာ မဲကသာရွာသို့ ဒီကေဘီအေနှင့် မြန်မာစစ်တပ်တို့က ဝင်ရောက်တပ်စွဲထားပြီးနောက် ပိတ်ထားခဲ့ရသည့် ကျေးရွာ စာသင်ကျောင်းနှင့် ဆေးပေးခန်းတို့ကို ယခုအထိ ပြန်လည်ဖွင့်လှစ်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။

ဘုရားသုံးဆူမြို့မှ (၁၂) ကီလိုမီတာခန့်သာ ကွာဝေးသည့် မဲကသာရွာ၏ မူလတန်းကျောင်းသည် ကေအန်ယူ၏ ပံ့ပိုးရေးအစီအစဉ်ဖြင့် ဖွင့်လှစ်ထားခြင်းဖြစ်ပြီး ထိုကျောင်းသို့ မူလတန်းမှ (၅) တန်းအထိ တက်ရောက်နေသည့် ကျောင်းသူ/သား ဦးရေ (၉၀) ခန့်ရှိကြောင်း၊ ရက်ရှည်ပိတ်ထားခဲ့ရ၍ ကလေးများပညာရေး ထိခိုက်နစ်နာကြောင်း အဆိုပါရွာသို့ သွားရောက်လေ့လာခဲ့သည့် နယ်ခံစေတနာ့ဝန်ထမ်းတဦးက ပြောသည်။

၎င်းက “မိဘတွေက သူတို့ကလေးတွေကို အိမ်အနီးအနားမှာပဲ ကစားခိုင်းတယ်။ အဝေးအထိ ပေးမသွားရဲကြဘူး။ တိုက်ပွဲက အချိန်မရွေး ဖြစ်နိုင်တာကိုး။ အဲဒီရွာက ကေအန်ယူရဲ့ နယ်မြေလေ။ အခု ဒီကေဘီအေတပ်တွေတောင်မကဘူး။ နအဖ စစ်တပ်တွေလည်း ရှိနေတော့ ကျောင်းမသွားရင် နေပါစေ။ အိမ်မှာက ပိုပြီးလုံခြုံတော့ ဘာမှမတတ်နိုင်ဘူး။ ပညာရေးကို ဂရုမစိုက်အားကြဘူး” ဟု ဆိုသည်။

ထို့ပြင် မဲကသာရွာရှိ ဆေးပေးခန်းတွင် ဝင်ရောက်လာသည့် ဒီကေဘီအေတပ်ဖွဲ့တို့က နေရာယူတည်းခိုနေသဖြင့် ဖွင့်လှစ်နိုင်ခြင်း မရှိသောကြောင့် ကျန်းမာရေးစောင့်ရှောက်မှုများ လစ်ဟာနေသည်ဟုလည်း အဆိုပါစေတနာ့ဝန်ထမ်းက ပြောကြားသည်။

ယခုလဆန်းပိုင်းတွင် ဗိုလ်မှူး နော်တရာ ဦးဆောင်သည့် ဒီကေဘီအေ တပ်ရင်း (၉၀၇) က မဲကသာရွာသို့ စတင်ဝင်ရောက်လာပြီး ဘုရားသုံးဆူအခြေစိုက် ခြေလျင်တပ်ရင်း ခလရ (၂၈၃) လက်အောက်ခံစစ်ကြောင်း (၂) ကြောင်းတို့၏ အကူအညီဖြင့် ရွာအတွင်းနှင့် အပြင်ဘက်တွင် ကတုတ်ကျင်းတူးကာ တပ်စွဲထားသည်။

ပြီးခဲ့သည့် နှစ်ရက်တွင် မဲကသာရွာ အပြင်ဘက် သဘာဝကျေးရွာအတွင်းသို့ ဒီကေဘီအေတပ်ဖွဲ့တို့က လက်နက်ကြီးအပါအဝင် အဝေးမှ အချက်ပေါင်း (၃၀) ကျော် လှမ်းပစ်ခဲ့၍ ရွာသားများက စိုက်ပျိုးခြံများသို့ မထွက်ရဲကြဘဲ ကြောက်ရွံ့နေကြကြောင်း သိရသည်။

ထိုဒေသတွင်း တာဝန်ယူထားသည့် ကေအန်အယ်လ်အေ တပ်ရင်း (၁၆) တပ်ခွဲမှူးတဦးက “ကျနော်တို့ဘက်က ရွာထဲမှာ ထိပ်တိုက်မဖြစ်အောင် တတ်နိုင်သလောက် ရှောင်နေပါတယ်။ ဒီကေဘီအေက ဒီလိုအဝေးကနေ လှမ်းပစ်တော့ ရွာသားတွေ အပြင်မထွက်ရဲကြဘူးပေါ့။ အဲဒီ (၁၆) ရက်နေ့က ဒီကေဘီအေတွေအပြန် ရွာသားတွေနဲ့တွေ့တော့ ခြိမ်းခြောက်တဲ့အနေနဲ့ ထပ်ပစ်သေးတယ်။ မဲကသာမှာ အခုဆိုရင် နအဖဘက်က ခလရ (၂၈၃) အပြင် ခလရ (၂၇၅) နဲ့ ခမရ (၃၅၆) တပ်ဖွဲ့တွေလည်း ထပ်ရောက်နေတယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။

စက်တင်ဘာ (၁၂) ရက်က မြန်မာစစ်တပ်၏ ခလရ (၃၈၆) မှ စစ်ကြောင်းတကြောင်းအား ချောင်းဆုံနှင့် ဘုရားသုံးဆူမြို့အကြား လမ်းခုလတ်တွင် ကေအန်အယ်လ်အေတပ်ရင်း (၁၆) က ချုံခိုတိုက်ခိုက်ခဲ့သောကြောင့် မြန်မာစစ်သား (၅)ဦး သေဆုံးကာ (၁၀) ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း တပ်ရင်း (၁၆) တပ်ခွဲမှူးက ပြောကြားသည်။

မဲကသာမှ သေနတ်သံများသည် ဘုရားသုံးဆူမြို့ပေါ်အထိ ကြားနေရ၍ ညပိုင်း (၉) နာရီကျော်လွန်လျှင် အပြင်မထွက်ရဲကြ ကြောင်း မြို့ခံများက ပြောသည်။

No comments:

Post a Comment