ondragstart="return false" onselectstart="return false"

Sunday, September 20, 2009

ကော့မူးရာ ၀မ်းခါ စခန်းထိုင် အတွေ့အကြုံများ - အပိုင်း (၂)

ABSDF ကျောင်းသားတပ်မှ တပ်ဖွဲ့ဝင်တစ်ဦးရဲ့ အတွေ့အကြုံ

တော်လှန်ရေးနဲ့ မေ့မရတဲ့ပုံရိပ်

ဆောင်းပါးရှင် - ကိုကျော်ထင်

ထိုဝမ်းခါစခန်း အတွင်းတွင် မိမိတို့ ကျောင်းသားတပ်မတော် နယ်မြေခံ တပ်ရင်းဖြစ်သည့် တပ်ရင်း (၂ဝ၁) မှ တပ်မှူးများဖြစ်သည့် ဦးစိုးထွဋ်၊ ကိုဝင်းချို၊ တောင်ပိုင်းစစ်ကူတပ်ဖွဲ့မှ ကိုဝင်းလှိုင်ဦး စသည်တို့နှင့် တွဲဖက်ခဲ့ရပြီး ကရင့်အမျိုးသားလွတ်မြောက်ရေး တပ်မတော်မှ အဘမန်းဘုန်၊ ဗိုလ်အောင်ကြီး၊ ဗိုလ်ခင်ဇော်ဦး စသည်တို့နှင့် တွဲဖက်ခဲ့ရသည်။

ထိုစဉ်က ကရင့်အမျိုးသား လွတ်မြောက်ရေးတပ်မတော်မှ တပ်မှူးကြီးများမှာ စခန်းအတွင်း အကြီးဆုံး ဗိုလ်မှူးကြီးထောလှ (နောင်ဗိုလ်မှူးချုပ်နှင့် တပ်မဟာ ၅ မှူး) နှင့် ဗိုလ်မှူး သန်းမောင်တို့ ဖြစ်ကြပါသည်။ ကျနော်ရောက်စက ကိုမိုးသီးဇွန်နှင့်လည်း ရက်အတန်ကြာ နေခဲ့ရပြီး ကျနော် မရောက်မီကပင် နယ်မြေတာဝန်ယူနေသူ ကိုကျော်ကျော်၊ ကိုထက်အောင်ကျော်၊ အဆိုတော် ကိုမွန်းအောင် စသည်တို့လည်း ရှိနေခဲ့ပေသည်။

ကျနော် ရောက်ရှိပြီးနောက် ကိုမွန်းအောင်နှင့် တစ်ကြိမ်နှစ်ကြိမ် စခန်းအတွင်း တွေ့ခဲ့ပါသေး သည်။ ကျနော်သည် ကျနော်တို့ တပ်ဖွဲ့များ တာဝန်ကျရာ ဝမ်းခါ အနောက်ဖက်ကျောတွင်သာ တာဝန်ယူရပြီး ရောက်သည့်အချိန်မှ စ၍ ညစဉ်အလှည့်ကျ ကင်းစောင့်ရပေသည်။ ကင်းစောင့်သည် ဆိုသည်မှာလည်း အတော်ကြီးမားသည့် အလုပ်တာဝန် တစ်ခုဖြစ်ကြောင်း တကယ်စောင့်ကြည့်သည့် အခါတွင်မှ သိရပေသည်။ ဝမ်းခါစခန်းတွင် အနောက်ဖက်ကျော ဖြစ်သည်ဟူ၍လည်း လျှော့တွက်၍ မရပါ။ နအဖ အနေဖြင့် အိုမီဂါ ပုံသဏ္ဍာန်ရှိသော ၀မ်းခါ စခန်းအား ထိပ်တိုက်ဘက်မှ တက်လျှင် ခက်ခဲပြီး ၎င်းတို့အတွက် အတုံးအရုံး ကျဆုံးခြင်း များသဖြင့် ချောင်းကိုဖြတ်ကာ နောက်ကျောမှ ပတ်ပြီး တက်လေ့တက်ထ ရှိပါသည်။

နဝတ စစ်တပ်သည် နေရာပေါင်းစုံမှ အလစ်အငိုက် ချောင်းတတ်သဖြင့် မိမိအပေါက်မှ တက်လာပါလျှင် မတွေ့လိုက်မိပါက စခန်းပေါက်သွားပြီး ကျသွားမှာကို စိုးရိမ်သောကြောင့် အစပထမပိုင်းတွင် အတော်ပြူးပြဲ၍ စောင့်ကြည့်ဖြစ်ခဲ့ပေသည်။ နောက်ပိုင်းတွင် စခန်း စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများမှ ပြောပြ၍လည်းကောင်း၊ စခန်းတွင်းရှိ ရတတ်သမျှ စစ်ဘက် ဆိုင်ရာ စာအုပ်အနည်းငယ်ကို ဖတ်ရှုပြီးနောက်တွင် သော်လည်းကောင်း ကင်းစောင့်ခြင်း၏ ပညာကို သိလာခဲ့သည်။ ယင်းမှာ နေ့ခင်းဘက် မြင်သာချိန်တွင် မိမိညဘက်တွင် စောင့်ကြည့်ရမည့် မြေပြင်ပေါ်မှ အမှတ်အသားများကို မှတ်သားထားရန် ဖြစ်ပေသည်။ မြေပြင်ပေါ်မှ အမှတ်အသားများကို စာအုပ်ပေါ်တွင် ကြည့်ဆွဲကာ မှတ်တမ်းတင်ခဲ့သလို ညကြည့် အမှတ်အသားများကို ကတုတ်ကျင်း ဘောင်ပေါ်တွင် တိုင်စိုက်၍ သေနတ်ပစ် လမ်းကြောင်း ပုံသေဆွဲခြင်းဖြင့် ပစ်မှတ်မှတ်ပုံတင် ပြုလုပ်ထားရပါသည်။


နောက်တော့ အလွတ်ဆွဲကြည့်ပြီး ဘယ်နေရာတွင် ဘာရှိသည်ကို အလွတ်မှတ်သား ထားလိုက်သည်။ ယင်းကဲ့သို့ မလုပ်ပါက ကင်းညစဉ်စောင့်၍ အိပ်ရေးပျက်လာတာက တကြောင်း၊ မိမိဘက်က တက်လာမလား ဆိုတာကို စိုးရိမ်စိတ်လေး အနည်းငယ် ရှိလာတတ်တာက တကြောင်းတို့ကြောင့် မြေပြင်ပေါ်မှ သစ်ငုတ်တိုသည်လည်း တွားတက် လာသလို မြင်ယောင် လာတတ်ကြပေသည်။ ထိုအကြောင်းကို ကျောင်းသားတပ်မတော် ကျောင်းသားအတော်များများ ပြောဖြစ်ကြပါသည်။ ထိုကြောင့် ဖြစ်နိုင်လျှင် မိမိတာဝန်ကျသည့် ကတုတ်ကျင်း(ဘန်ကာ) မှာ နေ့စဉ် ကင်းစောင့်ရမည် ဆိုပါက ထိုနေရာရှိ မြေပြင်ပေါ်မှ အမှတ်အသားများကို ကျက်မှတ်ထားလိုက်သည်က အကောင်းဆုံး ဖြစ်သည်ဟု စစ်ရေးဆိုင်ရာ အတွေ့အကြုံ တစ်ခုကို ရရှိခဲ့လိုက်ပါသည်။

ဝမ်းခါစခန်းတွင် ကျနော်စုစုပေါင်း ၂ လကျော်ကျော်ခန့် နေထိုင်ခဲ့ပြီး ကျနော် နေထိုင်စဉ် ကာလတွင်တော့ ကြိုကျားကြိုကျား လက်နက်ကြီးများဖြင့် နဝတ စစ်တပ်ဘက်မှ ပစ်ခတ ခဲ့သည်မှလွဲ၍ တိုက်ပွဲကြီးကြီးမားမား မဖြစ်ခဲ့ပါ။ သို့သော် လက်နက်ကြီး ပစ်ခတ်ခံရခြင်းကို ရှောင်ရှားသည့် အတွေ့အကြံများကိုတော့ ရရှိခဲ့ပေသည်။ ၁၂ဝ မမ ဆိုလျှင် ကျနော်ရှိနေ သည့် နေရာနှင့် ထောက် ၁ ၊ ထောက် ၂ ဆို၍ စတင် ရေတွက်ပါက ထောက် ၂၆ ၊ ထောက် ၂၇ ခန့်တွင် ကျရောက် ပေါက်ကွဲလေ့ရှိပါသည်။ လောလောင်ချာဟု ခေါ်သော ၇၂ ဆိုလျှင် တော့ ၁၊ ၂၊ ၃ ရှူး ဆိုလျှင် ကွဲပြီ၊ ရှောင်ချိန် သိပ်မရ။ သို့သော် အများအားဖြင့်တော့ နဝတ တပ်တို့က ၁၂ဝ မမ စိန်ပြောင်းကြီးကိုသာ အတွဲလိုက် ပစ်ခတ်ကြသည်က များပေသည်။

သူတို့ အတွဲလိုက် ဆက်တိုက် စိန်ပြောင်းဗုံးသီး ပစ်ခတ်လိုက်ပြီဆိုလျှင် ပလုံတုံတုံ ဆိုပြီး ဆိုင်းတီးသံလိုလို ထွက်လာပါသည်။ ဒါဆိုလျှင် သူတို့အတွဲလိုက် ပစ်လိုက်ပါပြီ၊ သက်ဆိုင်ရာ မိမိ ကတုတ်ကျင်းရှိ (Over head) ခေါင်ကတုတ်ဆီသို့ ဝင်ပြေးကြပေတော့။ အများအားဖြင့် နဝတတို့က မနက်မိုးလင်းအားကြီး မျက်နှာသစ်ချိန်၊ မနက်စာသို့မဟုတ် နေ့လည်အစာစားချိန် နေ့လည် (၁) နာရီခန့်၊ ညနေရေချိုးချိန်၊ ညနေစာစားချိန် အစသဖြင့် မိမိတို့ဘက်မှ အပြင်ထွက်နိုင်သည့် အချိန်များကို မှန်း၍ ပစ်ခတ်သည်ကို တွေ့ရှိခဲ့ရပါသည်။

တခါ ကျနော် တာဝန်ကျနေသည့် ကတုတ်ကျင်းမှ အောက်သို့ဆင်းသွားပြီး သောင်ရင်းမြစ် အတွင်း၌ အဝတ်သွားလျှော်နေစဉ်တွင် ပလုံတုံတုံ အသံ ထွက်လာပါသည်။ ထိုအသံကို ကျနော် ချက်ချင်း မှန်းဆလိုက်ရာ ကျနော့် ကတုတ်ကျင်း တည်ရှိရာဘက်သို့ လာနေသည်ဟု မှန်းလိုက်မိပြီး ကျနော်နေသည့် ကတုတ်ကျင်းရှိ (Over head) ခေါင်ကတုတ် အတွင်းသို့ တက်ပြေးပြီး ပုန်းနေလိုက်ပါသည်။ ကျနော်ရောက်ရှိသွားချိန်တွင် ထောက် ၁၈ ၊ ထောက် ၁၉ လောက်တော့ရှိပြီ ထင်ပါသည်။ ကျနော် ထင်သလိုပင် ထို ၁၂ဝ မမ ၁၃ လုံး စလုံးသည် ကျနော့် ကတုတ်ကျင်း ပတ်ပတ်လည်ကို တလုံးပြီးတလုံး ကျပါတော့သည်။

ထို ၁၃ လုံးမှ တလုံးသာ ကျနော့် ကတုတ်ကျင်းကို ထိမှန်ရင်တောင်မှ ကျနော်ယနေ့အချိန် တွင် ယခုစာဖတ်နေသူများကို ကျနော့်ရဲ့ ကျောင်းသားတပ်မတော်သားဘဝ အတွေ့အကြုံ များကို ပြန်ပြောပြ နိုင်တော့မည် မထင်ပါ။ ကျနော့် ကတုတ်ကျင်းက အတော့်ကို အခိုင်အခံ့ကြီးလည်း မဟုတ်ပါ။ ဘုရား သိကြားမ၍၊ ပြည်သူ့အကျိုး ဆောင်၍၊ တရားသောစစ်ကို ဆင်နွှဲ၍သာ အသက်ရှင်သန်ခွင့် ဆက်လက် ရရှိခဲ့သည်ဟု သဘောထား ယုံကြည်ခဲ့ရပါသည်။

မြန်မာ့ ဒီမိုကရေစီအရေးအတွက် ငယ်ရွယ်နုပျိုသော ကျောင်းသားဘ၀မှာပင် အသက်ကို ပဓါန မထားဘဲ စွန့်လွှတ် စွန့်စားခဲ့ကြသော ကျောင်းသားများအား ဂုဏ်ပြုရင်း တင်ဆက် ထားသည့် အပိုင်း (၃) ကို မနက်ဖန်မှာ ဆက်လက် ဖတ်ရူကြပါခင်ဗျား။
ဖိုးတရုတ်ဘလော့မှကူးယူဖေါ်ပြသည်။

No comments:

Post a Comment