ondragstart="return false" onselectstart="return false"

Friday, September 25, 2009

တပ်တွင်းအောက်ခြေ စည်းရုံးရေးသို့ - အပိုင်း (၁)

စာဖတ်ပရိတ်သတ်များခင်ဗျား

လုပ်အားပေး (Fatigue) ဆိုရင် စစ်သည်တွေရဲ့ နားထဲမှာ မကြားချင်လောက်အောင် ဒုက္ခပေးခံရလို့ ခါးသီးနေကြပုံ၊ စစ်အာဏာရှင်တွေက စစ်သည်တွေအား ခိုင်းဖတ်သဖွယ် တနည်းအားဖြင့် ကျွန်အလား ရက်စက်စွာ ခိုင်းစေခဲ့ကြပုံ စတာတွေကို ပင်တိုင်ဆောင်းပါးရှင် ခြေလျင် တပ်ခွဲမှူးတစ်ဦးဖြစ်တဲ့ တပ်မတော်အရာရှိ (စစ်တက္ကသိုလ်) ကျောင်းဆင်း ကိုသူရနိုင်က သူ့ရဲ့ ဘ၀အတွေ့အကြုံတွေ ရေးသားဖေါ်ပြထားပါတယ်. စာဖတ်ပုရိတ်သားများ...သောသီခိုကို ရောက်ရှိလာတဲ့ ဗမာ့တပ်မတော်သားများအတွက် ဖတ်သင့်သော ဆောင်းပါးတပုဒ်ဖြစ်ပါတယ်..

ဘ၀ဖြတ်သန်းမှု တစိတ်တဒေသ - အပိုင်း (၁)


ဆောင်းပါးရှင် - သူရနိုင် ( လက်ရှိတာဝန်ထမ်းဆောင်နေသော တပ်မတော် အရာရှိတစ်ဦး)

ည တစ်ရေးနိုး….. ကျွန်တော့်ရင်ထဲမှာ အတော်ပူနေသည်၊ ရေကလည်းဆာသည်။ ခေါင်းထဲမှာက မူးနောက်နေသည်။ နာရီကြည့်လိုက်တော့ မနက် (၃) နာရီပင် ထိုးနေပြီ၊ ရေအိုးရှိရာသို့ ယိမ်းယိုင်စွာဖြင့် လျှောက်သွားပြီး သုံးခွက်တိတိ ဆင့်သောက်လိုက်သည်။ ဘားတိုက်ထဲမှာ ရဲဘော်များ အိပ်မောကျနေသည်။ ကင်းသမားအား ရှားကြည့်မိသည်။ မတွေ့။ တစ်နေကုန် ပင်ပန်းထားသည်ပဲလေ၊ အိပ်ပါစေတော့ ဟု စိတ်ထဲမှာ မှတ်ချက်ချပြီး မိမိအိပ်ရာသို့ ပြန်လာခဲ့သည်။ ခေါင်းအုံးတစ်လုံး၊ ဖျာတစ်ချပ်နှင့် စောင်တစ်ထည် မည်သူမည်ဝါ လာရောက် ခင်းကျင်းပြီး နေရာချပေးသည်ကို ညကပင် မသိလိုက်ခဲ့။ ထိုခါမှပင် “သြော် ညက ငါလည်း တော်တော် မူးပြီး အိပ်ပျော်သွားပါလား” ဟု သိသွားပါတော့သည်။

မနေ့ညက စစ်သည်တည်းခိုဆောင် (လူပျိုဘားတိုက်) မှာ ရဲဘော်တွေနှင့် စုပြီး အရက်သောက်ကြသည်။ တပ်မတော်အရက် (အာမီရမ်) ထုတ်သည့်နေ့ကလည်း တိုက်ဆိုင် နေသည်ကိုး၊ မိမိရရှိသည့် စကေး (ခွဲတမ်းး၊ ဝေစု) သုံးလုံးနှင့်အတူ ရဲဘော်များကပါ ၎င်းတို့ရရှိသည့် စကေးခွဲတမ်း (ကိုတာ) များကိုပါ ယူဆောင်လာ၍ ၀ိုင်းကြီးပမာဖြစ်ကာ အရက်မသောက်တတ်သည့် ရဲဘော်များမှ လွဲ၍ ကျန်သူအားလုံးနီးပါး ၀ိုင်းဖွဲ့ကြသည်။

ဝိုင်းဖွဲ့ရာမှာ ၀ိုင်းကြီးရှိသလို အချို့ကိုယ့်အချင်းချင်း အေးဆေးစွာ လွတ်လွတ်လပ်လပ် စကားပြောချင်သဖြင့် ၀ိုင်းလေးလည်း ရှိပါသည်။ အိမ်ထောင်သည် စစ်သည်များပါမကျန် လာရောက် သောက်သုံးကြသဖြင့် အရက်ခွက်များဖြစ်သည့် ပလပ်စတစ်ခွက်၊ ဖန်ခွက်၊ ကြွေခွက်များသာမက မလောက်ဌ၍ သောက်ရေခွက်များပါ မချန် သောက်သုံးကြသည်။ ငွေကြေးတတ်နိုင်သူများအနေဖြင့် အမြည်းကို ကြက်ဥမွှေကြော်၊ ကြက်တောင်ပံကြော်၊ စွပ်ပြုတ် စသည်တို့ကို သုံးစွဲနိုင်သော်လည်း ငွေကြေးချို့တဲ့သူများ အနေဖြင့် အမြည်းကို ပဲကြီးလှော်၊ မြေပဲကြော် ထို့ထက်ဆိုးပါက ဆားဖြင့်မြည်းကြပါသည်။ အများစုမှာ ငွေကြေး ကျပ်တည်းသူများဖြစ်၍ အမြည်းမစားနိုင်ကြပဲ အရက်ကိုသာ သောက်သုံးကြသည်။


အခုမှ စိတ်ပူမိသည်။ ညက ရန်ဖြစ်ကြသေးလား မသိ။ ဒါပေမယ့် ဘားတိုက်ထဲ ကြည့်လိုက်တော့လည်း ပုလင်းကွဲစတို့ ဘာတို့ မတွေ့တာနဲ့ စိတ်အေးသွားပြန်သည်။ မနက်ကျရင် တန်းစီရအုံးမည် ဖြစ်၍ အတွေးစတို့ဖြတ်ကာ အိပ်ရာပြန်ဝင်ပါတော့သည်။ အဓိက ပြောချင်တာတစ်ခုရှိသည်။ တပ်တွေမှာက ရဲဘော်နဲ့အရာရှိ ၊ ရှင်းရှင်းပြောရရင် အခြားအဆင့်နဲ့အရာရှိ အရက်တွဲမသောက်ရန် အတူတူ မသောက်သုံးကြရန် တားမြစ်ထား ကြသည်။ ကျောင်းမဆင်းခင်တုန်းကလည်း နည်းပြတွေက သင်ပေးထားသည်။ ကိုယ့်အပေါ် မလေးမစား ဖြစ်လာမည်ကြောင့် ဖြစ်သည်။

ဒီလို ခွဲခြားထားသည်မှာ အကြောင်းပြချက်နှင့် မဆိုင်ဟု ကျွန်တော်ထင်သည်၊ ယူဆသည်။ တရားမျှတစွာ အုပ်ချုပ်မှုနှင့်အတူ သူတို့၏လူမှုရေး အခက်အခဲများကို စနစ်တကျ ဖြေရှင်း ပေးရင်းကပင် သူတို့ရင်ထဲမှာ ဘာတွေရှိနေသည်ကို သိနိုင်သည်။ တပ်တွေမှာ တာဝန်ချိန်သာလျှင် အရာရှိနှင့်အခြားအဆင့် အတူရှိနေသည်။ တာဝန်ချိန် ပြင်ပချိန်မှာတော့ အတူတကွမရှိကြ။ အဆင့်အတန်း ခွဲထားတယ်ဆိုပေမယ့် လက်အောက် ငယ်သားကို ထိန်းတဲ့ နည်းက တစ်ခုတည်း။ “အမိန့် ၊မလွန်ဆန်နိုင် အာဏာပြင်းလွန်းတဲ့အမိန့်” နည်းနည်း ပုံမလာရင် စကားပြောနဲ့ ထိန်းမယ်၊ အများကြီး ပုံမလာရင်တော့ ရိုက်မယ်၊ နှက်မယ်၊ အချုပ်ထဲ ထည့်မယ်။ ဆုံးမခွှင့်မလွှတ်နိုင်တဲ့ အပြစ်မျိုးအတွက်ဆိုရင် စစ်ခုံရုံးဖွဲ့ပြီး ထောင်ချ ထုတ်ပစ်ရုံသာ ရှိပါတော့သည်။

နောက်တစ်ခု ရဲဘော်ဆိုတာ တပ်ထဲမှာ ခိုင်းဖတ် ၊ရိုးရိုးခိုင်းဖတ်တောင် မဟုတ်ပါ။ အကြီးစား ခိုင်းဖတ်၊ တာဝန်နဲ့လည်း ခိုင်းသည်၊ တာဝန်မရှိလည်း ခိုင်းသည်။ ကိုယ်ကျိုးအတွက်လည်း ခိုင်းသည်။ မြို့နယ်အတွင်း ကြံ့ဖွံ့ကဲ့သို့ အဖွဲ့အစည်းများက မြို့တွင်းသန့်ရှင်းရေးအတွက် လုပ်အားခ သက်သာစေမည့် တပ်မှ စစ်သည်များအား ခေါ်ယူခိုင်းတာမျိုးလည်း ရှိသည်။ ခိုင်းလို့ဝရင် သင်တန်းလွှတ်သည်၊ သင်တန်းလွှတ်တော့ ပြေးသည်။ ဆင်ထားသည့် အကွက်က လှသည်။ ပြေးရင်ကြိုက်သည်။

ပြေးသည့် စစ်သည်များ၏ လစာ၊ ရိက္ခာ၊ စစ်ဝတ်ပစ္စည်း (၂) လစာခန့်ကို တပ်ရေးဗိုလ်ကြီးနှင့် တပ်ရင်းမှူးတို့က “စာရင်း” ကစားကာ ၀ါးစားကြသည်။ အဆင်မပြေလေ ပိုကြိုက်သည့် သဘောဖြစ်သည်။ တာဝန်နဲ့ ခိုင်းတယ်ဆိုပေမယ့် အမိန့်အာဏာနဲ့ ခိုင်းတာမျိုးသာ ဖြစ်သည်။ ကိုယ်ကျိုးအတွက် ခိုင်းကြသည်မှာ တပ်ထဲမှာ အချို့ အရာရှိများနှင့် စစ်အာဏာရှင်များက ၎င်းတို့ အိမ်အတွင်းအပြင် သန့်ရှင်းရေး ခိုင်းစေဆောင်ရွက်ခြင်း၊ အ၀တ်လျှော် ထမင်းချက်ခိုင်းခြင်း၊ ကလေးထိန်းခိုင်းခြင်း၊ နှင်းနှိပ်ခိုင်းခြင်း၊ လက်တို လက်တောင်းဈေးဝယ်၊ အရက်ဝယ် ခိုင်းစေခြင်း စသည်အားဖြင့် ခိုင်းစေကြသည်။

စစ်အာဏာရှင်များ အနေဖြင့် ၎င်းတို့ ပိုင်ဆိုင်ထားသော စိုက်ပျိုးမြေဧကများစွာတွင် နှစ်ရှည် သီးပင် စားပင်များ စိုက်ပျိုး ထွန်ယက်ရန်အတွက် တပ်ရင်းတစ်ရင်းလျှင် စစ်သည် (၁၀) ဦး၊ (၁၅) ဦး စသည်ဖြင့် အခကြေးငွေမဲ့ ခေါ်ယူခိုင်းစေလျက် ရှိနေကြသည်။ ရဲဘော်တွေ အလွန်ပင်ပန်းကြသည်။ မိမိရိက္ခာဖြင့် သွားရောက် လုပ်ကိုင်ပေးကြရသည်။ ရဲဘော်တွေ စားရေးသောက်ရေးအတွက် စစ်အာဏာရှင်များက တခါတရံ ထောက်ပံ့ပေး တတ်သော်လည်း မရောက်လာ၊ ရောက်လာလျှင်လည်း ပြည့်ပြည့်၀၀မရှိ။ လုပ်အားပေးရင်း ထိခိုက်ဒဏ်ရာရ သူများကို ဆေးခန်းမရှိသဖြင့် ဆေးမြီးတိုများနှင့် ကြိတ်မှိတ် ကုသကြရသည်။ အင်မတန် ဒုက္ခရောက်ကြရသည်။

ဒီကြားထဲ စစ်အာဏာရှင်များက သူတို့ခြံကို လာကြည့်လို့ စိတ်တိုင်းမကျရင် အဆူအဆဲ ခံရပြန်သည်။ တာဝန်ခံအနေနှင့် ပါလာသူကလည်း စိတ်မပါ၊ လက်အောက်ကလည်း သူ့အပူနဲ့သူ၊ လက်ရှိ အခြေအနေကို အကောင်းဆုံးဖြစ်အောင် ကိုယ်ပိုင်တည်ဆောက်နိုင်ခွင့် မရှိကြ၊ အချိန်လည်း မရ၊ ဒီလိုနဲ့ လည်ပတ်ရင်း ၀ဋ်ကြွေးတွေ ဆပ်မကုန်နိုင်အောင် တိုးပွားနေကြပါတော့သည်။

အပိုင်း(၂)ကို ဆက်လက် ဖော်ပြသွားပါမည်။
ကိုဖိုးတရုတ်ဘလော့မှကူးယူဖေါ်ပြသည်။

No comments:

Post a Comment