ondragstart="return false" onselectstart="return false"

Saturday, September 19, 2009

ဝမ်းခါ စခန်းထိုင် အတွေ့အကြုံများ - အပိုင်း (၁)

ABSDF ကျောင်းသားတပ်မှ တပ်ဖွဲ့ဝင်တစ်ဦးရဲ့ အတွေ့အကြုံ

တော်လှန်ရေးနဲ့ မေ့မရတဲ့ပုံရိပ်


ဆောင်းပါးရှင် - ကိုကျော်ထင်

ကျနော် ကျောင်းသားတပ်မတော်သားဘဝ ကြုံတွေ့ခဲ့ဖူးသော တိုက်ပွဲအတွေ့အကြုံ(များ)ကို ပြန်ပြောပြ ရရင်တော့ ယခုလက်ရှိ စစ်ဦးစီး အတွင်းရေးမှူး (၂) တာဝန်ယူနေသော ဗိုလ်ခင်ကျော်၊ ကျနော်တို့ တပ်ရင်း (၂ဝ၁) မှ ယခု အမေရိကန် ပြည်ထောင်စုတွင် အခြေချ နေထိုင်နေပြီဖြစ်သော တပ်မှူးကိုဖုန်းကျော်တို့နှင့် နှိုင်းယှဉ်၍ မပြောနှင့် သာမန် ကျောင်းသား တပ်မတော်သား တစ်ဦးထက်ပင် တိုက်ပွဲအတွေ့အကြုံ နည်းပါးသောကြောင့် ထိုက်သင့်သလို ဗဟုသုတ ရရှိစေရန်နှင့် လေ့လာရန်အတွက်သာ ဖြစ်ပါသည်။

တိတိကျကျ ပြောရလျှင် နအဖ စစ်သားများနှင့် လက်နက်ငယ်ဖြင့် အပြန်အလှန် ပစ်ခတ်ရသော မျက်နှာချင်းဆိုင် ရင်ဆိုင်တိုက်ပွဲဟူ၍ တစ်ပွဲတည်းသာ ကြံတွေ့ခဲ့ဖူးပါသည်။ ထိုတိုက်ပွဲတွင်လည်း ကျနော်ကိုယ်တိုင် ပစ်ခတ်ခဲ့ရခြင်း မရှိခဲ့ပေ။ သို့သော် စစ်မြေပြင် အတွင်းတော့ တကယ် ရှိနေခဲ့ပါသည်။ ယင်းတိုက်ပွဲအတွက် မည်ကဲ့သို့ တိုက်ပွဲဆင်ရမလဲ ဟူသော တပ်မှူးများ ဆွေးနွေးမှုတွင် ပါဝင်ခဲ့ပါသည်။ အတိအကျအားဖြင့် ဆိုရလျှင် စစ်မြေပြင်သို့ စစ်ရေးတာဝန်ဖြင့် (၃) ကြိမ် သွားဖူးသည်။ နိုင်ငံရေးတာဝန်ဖြင့်တော့ စစ်ဖြစ်နေသော နေရာများနှင့် နီးစပ်သော နေရာများသို့ အကြိမ်အတော်များများ သွားဖူး ခဲ့ပါသည်။

စစ်ရေးတာဝန်ဖြင့် ကျနော် ပထမဆုံးသွားခဲ့သော စစ်မြေပြင်မှာ ကော့မူးရာ ဝမ်းခ အသစ် စစ်မြေပြင်ပင် ဖြစ်ပေသည်။ ၁၉၉ဝ ရွေးကောက်ပွဲ မတိုင်မီ သိမ်းပိုက်မည်ဟူသော ကြွေးကြော်သံဖြင့် နအဖ (ထိုစဉ်က နဝတ) တပ်များက တိုက်ပွဲဆင်လာသော အချိန်အခါ ဖြစ်ပေသည်။ ၁၉၈၉ ဧပြီမေလ တဝိုက်တွင်ဖြစ်ပေသည်။ ကျနော်ထိုစဉ်က နေမကောင်း ဖြစ်ပြီး မဲဆောက် ကေအင်န်ယူမှ ဗိုလ်မှူးစိုးမင်းအိမ်တွင် ခဏအနားယူပြီးနောက် ကျနော်တို့တောင်ပိုင်းမှ စစ်ကူရောက်နေသာ တပ်ဖွဲ့များနှင့် အတူသွားရောက်၍ စစ်ရေး တာဝန်ကို ထမ်းဆောင်ခဲ့ခြင်း ဖြစ်သည်။

ဤကဲ့သို့ ထမ်းဆောင်ရခြင်းမှာလည်း ကျနော်စခန်းထဲသို့မဝင်မီ တိုက်ပွဲ အကြီးအကျယ် ဖြစ်နေရာ တပ်ဖွဲ့အင်အားလည်း လိုအပ်နေခြင်းကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် ကျနော် နေကောင်းခါစ ဖြစ်သော်လည်း အားတင်း၍ ဖြစ်ချင်ရာဖြစ်ကွာ ငါတို့ စစ်အာဏာရှင်တွေကို လက်နက်ကိုင်တိုက်ဖို့ ထွက်လာခဲ့ပြီးပြီပဲ ရှေ့တန်းသွားမယ် ဆိုသည့် စိတ်ဓါတ်ဖြင့် ဝမ်းခ စခန်းတွင်းသို့ မေလကုန်ခါနီးခန့်တွင် ရောက်ရှိသွားခဲ့သည်။ သို့သော် ကျနော် ရောက်ရှိ ပြီးနောက် ဗိုလ်မှူးရောဘတ်ဖံက stand to (တပ်အားလုံး အသင့်နေရာယူခြင်း) နှစ်ခါ alert လုပ်ခါ အဆင်သင့် မိုးလင်းပေါက် ကင်းစောင့်ခိုင်းခဲ့သည်မှ လွဲ၍ တိုက်ပွဲ အကြီးအကျယ် မကြုံတွေ့ခဲ့ရပေ။ ဗိုလ်မှူးရောဘတ်ဇံ stand to (တပ်အားလုံး အသင့်နေရာယူခြင်း) အကြိမ်ကြိမ် ခေါ်ခဲ့ရသည်မှာလည်း အကြောင်းရှိပေသည်။

မေလ ၂၇ ရက် မနက်စောစောက ယင်းကဲ့သို့ Stand to စောင့်ခဲ့ရခြင်း၏ အကျိုးကိုမိမိတို့ ကျောင်းသား တပ်မတော်နှင့် ကရင့်အမျိုးသား လွတ်မြောက်ရေး တပ်မတော်တို့က အကျိုးအမြတ် ရခဲ့သောကြောင့်ဖြစ်သည်။ အကျိုးအမြတ် ဆိုသည်မှာ မိမိတို့ကိုယ်ကို အကောင်းဆုံး ကာကွယ်နိုင်ပြီး ရန်သူ နဝတစစ်သားများကို အရာရှိ အဆင့်အပါအဝင် များစွာ ချေမှုန်းနိုင်ခဲ့သောကြောင့် ဖြစ်သည်။

ထိုနေ့မနက် လင်းအားကြီး အချိန်ခန့်တွင် နဝတ တပ်များဟာ ၎င်းတို့ အခြေပြုသည့် ခဲဘလူးနှင့် ကာလူးတောင်ကုန်းများဆီမှ လျှောက်မြောင်း (ဆက်သွယ်ရေးမြောင်း) တူးကာ ဝမ်းခါစခန်း ခံစစ်ကုန်း ကတုတ်ကျင်းများ (ဘန်ကာ) ဆီသို့ တစ်ညလုံး ချီတက်လာနေမှုကို ညကြည့်မှန်ပြေင်းဖြင့် ဗိုလ်မှူးရောဘတ်ဇံမှ ကြည့်မြင်ခဲ့ရပါသည်။ ထို့ကြောင့် ဗိုလ်မှူးရောဘတ်ဇံက တပ်ဖွဲ့အားလုံးကို Stand to (တပ်အသင့်နေရာယူခြင်း) လုပ်ကာ ခံစစ်ကုန်းအနီးသို့ ချဉ်းကပ်လာသော နဝတ တပ်များအား ရောက်ခါနီးတွင်မှ လေထီးမီးကျီဖြင့် ပစ်ဖေါက်၍ ရန်သူများကို အနီးကပ် ချေမှုန်းနိုင်ခဲ့သဖြင့် အတုံးအရုံး ကျဆုံးခဲ့ကြောင်းနှင့် နဝတ တပ်သားတစ်ဦးဆိုလျှင် ခံစစ်ကုန်းကို လာမှီပြီး ကျဆုံးသွားခဲ့ကြောင်း သိရပါသည်။ နောက်တနေ့ဖြစ်သည့် မေလ ၂၈ ရက် မနက်တွင်မှ မိမိတို့ စစ်အင်အား ဖြည့်ဆည်းရန် လိုအပ်သဖြင့် မိမိပါ ဝင်ရောက်ရှိသွားပြီး ခံစစ်ကုန်းရှေ့မှ ထိုအလောင်းများကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ဖိုးတရုတ်ဘလော့မှကူးယူဖေါ်ပြသည်။

No comments:

Post a Comment