ondragstart="return false" onselectstart="return false"

Friday, September 11, 2009

ကေအဲန်ယူမှ ဗိုလ်လောင်းသင်တန်း ဆင်းပွဲ ကျင်းပ

ရဲရင့် / ၁၁ စက်တင်ဘာ ၂၀၀၉

မာနယ်ပလောဌာနချုပ် ကျဆုံးပြီးနောက်ပိုင်း (၁၅) နှစ်ခန့်အကြာတွင် ကေအန်ယူမှ ဗိုလ်လောင်းသင်တန်း ဆင်းပွဲတရပ်ကို ဖာပွန်ခရိုင်တွင် ယနေ့ကျင်းပသည်။
ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တပ်မဟာနှင့် ခရိုင်အသီးသီးမှ ဗိုလ်လောင်း (၄၄) ဦးတက်ရောက်ခဲ့သည့် ဗိုလ်လောင်းသင်တန်းအပတ်စဉ် (၄) ကျောင်းဆင်းပွဲသို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအန်အယ်လ်အေ) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး တက်ရောက်ကာ ခန့်အပ်လွှာများ ပေးအပ်ခဲ့သည်။

ကေအန်ယူမှ ဗိုလ်လောင်းသင်တန်းများကို မာနယ်ပလောဗဟိုဌာနချုပ် ကျဆုံးခဲ့သည့် ၁၉၉၅ ခုနှစ်မတိုင်မီက အပတ်စဉ် (၁) မှ (၃) အထိ ဖွင့်လှစ်ခဲ့ပြီးနောက်ပိုင်း နိုင်ငံရေး၊ စစ်ရေးအခြေအနေများအရ ရပ်နားထားပြီှးနောက် ယခု သင်တန်းဆင်းပွဲကို ကျင်းပခြင်း ဖြစ်သည်ဟု သိရသည်။

ကေအန်ယူတွဲဖက်အတွင်းရေးမှူး (၁) ဗိုလ်မှူးစောလှငွေက “အနာဂတ်စစ်ရေးဦးဆောင်မှု စစ်ဘက်ဆိုင်ရာ စီမံခန့်ခွဲမှုများအတွက် မျိုးဆက်သစ်အရာရှိငယ်တွေကို မွေးထုတ်ပေးတာဖြစ်တယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။
သင်တန်းဆင်းဗိုလ်လောင်းများသည် သင်တန်းကာလအတွင်း လွန်ခဲ့သည့်ဇွန်လကဖြစ်ပွားခဲ့သည့် (၁) လခန့်ကြာမြင့်ခဲ့သည့် တပ်မဟာ (၇) ထိုးစစ်တိုက်ပွဲများတွင် ပါဝင်တိုက်ခိုက်ခဲ့ကြပြီး ထူးချွန်ဗိုလ်လောင်းတဦးဖြစ်သူ စောထောင်းထော့စူသည် တိုက်ပွဲတွင်ဒဏ်ရာရရှိကာ မျက်လုံးတဖက်နှင့် လက်တဖက် ဆုံးရှုံးခဲ့သည်။

၎င်းက “ကရင့်တော်လှန်ရေးဟာ နှစ်တွေကြာလာပေမယ့် စစ်မှန်တဲ့တော်လှန်ရေးလို့ ကျနော်ယုံကြည်တယ်။ ကျနော်တို့ အမျိုးသားတွေအတွက် လက်ဆင့်ကမ်းလုပ်ဆောင်ရမယ့် တာဝန်တွေ ကျနော်တို့လူငယ်တွေရဲ့ လက်ထဲမှာရှိတယ်။ မျက်လုံးတဖက်၊ လက်တဖက် ဆုံးရှုံးသွားပေမယ့် လုံးဝ စိတ်ဓာတ်မကျဘူး။ ကိုယ့်အမျိုးသားရေးကို အရင်ကထက် ပိုကြိုးစားသွားမယ်” ဟု ပြောသည်။

ကျောင်းဆင်းဗိုလ်လောင်းများမှာ ကေအန်ယူ လက်အောက်ခံ တပ်မဟာ (၁) သထုံခရိုင်၊ တပ်မဟာ (၂) တောင်ငူခရိုင်၊ တပ်မဟာ (၃) ညောင်လေးပင်ခရိုင်၊ တပ်မဟာ (၄) ဘိတ်ထားဝယ်ခရိုင်၊ တပ်မဟာ (၅) ဖာပွန်ခရိုင်၊ တပ်မဟာ(၆) ဒူးပလာယာခရိုင်နှင့် တပ်မဟာ (၇) ဘားအံခရိုင်တို့မှဖြစ်သည်။
၎င်းတို့သည် သက်ဆိုင်ရာတပ်မဟာအသီးသီးသို့ ပြန်လည်တာဝန်ထမ်းဆောင်ရမည်ဖြစ်သည်ဟု ကေအန်အယ်လ်အေ စစ်ဦးစီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ အရာရှိတဦးက ပြောသည်။
ကေအန်ယူသည် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးအတွက် ၁၉၄၉ ခုနှစ် ဇန်န၀ါရီ (၃၁) ရက်မှစတင်ကာ လက်နက်ကိုင်တိုက်ပွဲဝင်ခဲ့သည်။

No comments:

Post a Comment