ondragstart="return false" onselectstart="return false"

Thursday, September 24, 2009

နေပြည်တော်သွား တောလား

ဆောင်းပါးရှင် - ဝေဟင် ( ပြည်တွင်း တပ်မတော် လေမှ အရာရှိတစ်ဦး )

မြန်မာနိုင်ငံ၏ မြို့တော်မှာ နေပြည်တော် ဖြစ်ပါသည်ဟု ဗိုလ်ချုပ်မှူးကြီးတို့က မျက်စိမှိတ်ကာ ဘယ်လိုပင် ကြွေးကြော်နေစေကာမူ ဗိုလ်ချုပ်ကြီးတို့၏ မိသားစုများမှာ ရန်ကုန်တွင်သာ ပျော်စံနေကြသကဲ့သို့၊ အရာရာတိုင်း သည်လည်း နေပြည်တော်နှင့် အံဝင်ဂွင်ကျ မဖြစ်သေးသည်ကို ကာကွယ်ရေးဝန်ကြီးဌာန (ကကန) ခေါ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် လက်အောက်ခံ ရုံးများသို့ သွားလာရသည့် ကုန်ကျစရိတ်အား မှတ်တမ်းတင်ခဲ့သော ဖြစ်ရပ်ဖြင့် စာဖတ်ပရိသတ်များအား တင်ပြလိုပါသည်။

နေပြည်တော်သို့ နောက်နေ့နံနက် (၈) နာရီ အရောက် အစည်းအဝေးတက်ရောက်ရန် ဆင့်ခေါ်ခံရသော အရာရှိငယ် တစ်ဦးသည် ရန်ကုန်-နေပြည်တော်သွား Express ကားဖြင့် ည (၈) နာရီတွင် ရန်ကုန်မှ ထွက်ခွါလာခဲ့ရပါသည်။

သူ့စိတ်ထဲတွင်တော့ နောက်နေ့မနက်စောစော ရင်ဆိုင်ရမည့် အစည်းအဝေးအတွက် စိတ်မောမှုနှင့်အတူ၊ မိုးမလင်းမီ နေရမည့် နေရာကို ရွေးချယ် စဉ်းစားနေရပါသည်။ နေပြည်တော်ဟု သမုတ်အပ်သော ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်း မည်သည့် နေရာတွင်မှ ခေတ္တတည်းခို နားနေစရာ အသိမရှိသော သူ့အဖို့ စည်ပင်ရိပ်သာမှတပါး ရွေးချယ်ရန် အခြားမရှိနိုင်ပါ။ သို့သော်လည်း တစ်ယောက်တည်းလာသော သူ့အဖို့ ၂ယောက်ခန်းသာ ရှိသော စည်ပင်ရိပ်သာမှ အခန်းကို မသိသူနှင့်အတူ မိုးလင်းချိန်ကို မစောင့်လိုပေရာ (၂) ယောက်စာအတွက် ငွေ ၆ဝဝဝ ကျပ် ကုန်ကျရပေတော့မည်။ ရန်ကုန်မှာလို မိုးအလင်း ဖွင့်သောဆိုင်တွင် ထိုင်စောင့်လို့ကလည်း မရပေရာ ဒီလမ်းကိုပဲ ရွေးရတော့မည်ဟု သက်ပြင်းချရင်း ဆုံးဖြတ်လိုက်ရ ပေတော့သည်။

နံနက်မိုးလင်းချိန် စစ်ရုံး ဂိတ်(၁) သို့ ၇ နာရီ ခွဲ ရောက်ပါမှ ၈ နာရီ အစည်းအဝေး မှီမည်ဖြစ်ရာ မနက် ၇ နာရီမှ စထွက်သော ဦးပိုင်မှ စီစဉ်သည့် တော်ဝင်ဘတ်စ်ကားကိုလည်း စောင့်စီးလို့ မဖြစ်နိုင်ပါချေ။ ထိုသောအခါ ဆိုင်ကယ်တက္ကစီ ငှားရပါတော့သည်။ စစ်ရုံး ဂိတ် (၁) သို့ စည်ပင်ရိပ်သာမှ ဆိုင်ကယ်ခ ၃၅ဝဝ ကျပ် ပါတဲ့။ သိုက်ချောင်းသို့ သွာေးသာ တော်ဝင် ဘတ်စ်ကားကိုစီးလျှင် ပင်လောင်းလမ်းဆုံတွင် ဆင်းရပြီး စစ်ရုံးဂိတ် (၁) သို့ ဆိုင်ကယ်တက္ကစီဖြင့် ထပ်မံဌားသွားရ၍ ခရီးနှောင့်နှေး ကြန့်ကြာသောကြောင့် စည်ပင်ရိပ်သာမှ တိုက်ရိုက်စီးနိုင်သော ဆိုင်ကယ်တက္ကစီကိုသာ ဈေးကြီးကြီးပေးဌားကာ အချိန်ကို ငွေဖြင့် ဝယ်ရပေတော့မည်။ အင်း ... အစည်းအဝေးက တစ်ရက်ထဲဆိုလို့သာ တော်ပေသေးသည်။ ၂ ရက် ၃ ရက်သာ ဆိုလျှင်ဖြင့် တစ်လစာ ပြုတ်လောက်ပေရဲ့ဗျာ။

စစ်ရုံးဂိတ် (၁) အဝင် စစ်ဆေးမှုများပြီးသည့်နောက် လိုအပ်သော ဖိုင်တွဲမျှသာယူလျက် သက်ဆိုင်ရာ အစည်းအဝေးလုပ်မည့် ရုံးများသို့ ချက်ချင်း လမ်းလျှောက်၍ ရောက်မည် မဟုတ်သေးဘဲ၊ စစ်ရုံးမှ စစ်သည်များဆွဲသော ဆိုင်ကယ်တက္ကစီကို ထပ်မံ ငှားရပြန်ပါသည်။ တစ်ဆောင်နှင့်တစ်ဆောင် မန္တလေး “တပြ” မက ဝေးသော စစ်ရုံးအတွင်း လမ်းလျှောက် ဝင်လို့ကတော့ မောကျောပြပြီသာ မှတ်ပေတော့။ တမေ့တမော နေမှလာသော လိုင်းကားကို စောင့်စီးရအောင်ကလည်း လိုရာအချိန် ရောက်တော့မည်မဟုတ်၊။ သို့ပေရာ သူ့အရပ်နှင့် သူ့ဇာတ် လိုက်ဘက်ညီစွာ ၁ဝဝဝ ကျပ် ပေးကာ လိုရာနှင်ပေရော့။ ထွက်လိုက်ရတဲ့ ငွေစက္ကူ အလကားရနေသလိုပါဘဲ။

အစည်းအဝေးကျင်းပမည့် နေရာအရောက် သတင်းပို့အပြီး၊ ခန်းမတွင်းဝင်ထိုင်ချိန်မှာ ပထမဆုံး လုပ်မိသည်ကတော့--

(၁) ရန်ကုန်-နေပြည်တော် ကားခ = ၅ဝဝဝ ကျပ်
(၂) စည်ပင်ရိပ်သာ အခန်းခ = ၆ဝဝဝ ကျပ်
(၃) ဂိတ်သို့ ဆိုင်ကယ်တက္ကစီခ = ၃၅ဝဝ ကျပ်
(၄) စစ်ရုံးတွင်းအဝင် ဆိုင်ကယ်တက္ကစီခ = ၁ဝဝဝ ကျပ်
စုစုပေါင်း ယခုအချိန်ထိ ကုန်ငွေ = ၁၅၅ဝဝ ကျပ် ဟု ဖြစ်ပါသည်။

အသွားအပြန်ဆိုပါက စစ်သည်တစ်ဦး၏ တစ်လစာ လစာပင် ဖြစ်ပါတော့သည်။ အဆိုပါ ကုန်ကျစရိတ်များအပြင် စစ်ရုံးဂိတ်စောင့်တပ်ရဲက ရစ်၍ ပေးကမ်းရသည့် မုန့်ဖိုးနှင့် အထက်ဌာန ရုံးအကြီးအကဲများက စာရွက်စာတမ်းနှင့် အထောက်အထားများ မစုံလင်လို့ ဆိုသဖြင့် ပေးကမ်းရသည့် ကုန်ကျစရိတ်များ၊့ စားသောက်စရိတ်များ အားလုံး ထည့်တွက်ပါက အကြွေးတင်ရမည့်ကိန်း ဆိုက်တော့သည်။

ပြောစရာ ရှိပါသည်..
တပ်မတော်သားဖြစ်လျက် ဝရမ်းသုံးပါလားဟု စောဒကတက်ချင်က တက်ပါ။ ရွာတော်ရှိ နေပြည်တော်ဘူတာမှ စစ်ရုံးသို့ ဆိုင်ကယ်တက္ကစီငှားပါက ၆ဝဝဝ ကျပ် ဖြစ်ပါသည်။ ၁ဝဝ၀ ကျပ်တန်လိုင်းကား စောင့်စီးပါလားဟု ဆိုချင်ပါသေးလား.... ချိန်းဆိုထားသော အချိန်၊ ချိန်းဆိုထားသော နေရာသို့ စစ်သားပီသစွာ ရောက်လာနိုင်မည် မဟုတ်ပါ။

ငွေပေးယာဉ် သုံးစွဲခွင့်ရှိသော၊ ကိုယ်ပိုင်ယာဉ်ရှိသော အရာရှိကြီး/ငယ်များ အတွက်မူ ပြဿနာမရှိသော်လည်း မျက်နှာမွဲ သာမန် အရာရှိ/စစ်သည်များအဖို့မူ နေပြည်တော်သို့ သွားရမည်ကို သေမလောက် ကြောက်နေကြရပါသည်။ လစာနှင့် မလောက်ရသည့်အထဲ နေပြည်တော်သွား စရိတ်များက ထပ်ပေါင်းလာပါရင် ပိုဆိုးလာမည်ဖြစ်လို့ ကြောက်နေ ကြခြင်းပါ။ ထို့ထက်ပို၍ ဆိုရပါလျှင် စစ်ခေါင်းဆောင်များ၏ အတွေးအခေါ် အမျှော်အမြင်ကို ပိုပြီး ကြောက်နေရပါသည်။ သူတို့ ရာထူး အာဏာ ငွေကြေး စည်းစိမ်ဥစ္စာမှ လွဲလို့ ဘယ်သူ ဘာဖြစ်ဖြစ် လုံးဝ (လုံးဝ) ကို ဂရုမစိုက်။ အဆင်မပြေမှုတွေ အများကြီးထဲမှ အပြောင်းအလဲ တစ်ခုကို မျှော်မှန်းလျှက် ကျနော်ကတော့ အဖြစ်မှန်များကို ရေးသားပေးပို့နေဦးမည်သာ။
ဖိုးတရုတ်ဘလော့မှကူးယူဖေါ်ပြသည်။

No comments:

Post a Comment