ondragstart="return false" onselectstart="return false"

Tuesday, September 15, 2009

“တိုက်ခိုက်မှုရဲ့ နောက်ကွယ်မှာ ဘာရှိသလဲဆိုတာက ရှင်းနေတာပဲ”

ဒါဟာ လူမျိုးကြီးဝါဒပဲ။ စစ်သားတွေက လုတယ် ယက်တယ်၊ မုဒိမ်းကျင့်တယ်၊ ပြီးတော့ အရပ်သားတွေကို သတ်တယ်။ လူမျိုးကြီးက လူမျိုးငယ်တွေကို နှိပ်ကွပ်ချင်တယ်။ ဒီ ပဋိပက္ခကြောင့် ကိုးကန့်လူထုရဲ့ စိတ်မှာ ဒဏ်ရာ အကြီးအကျယ် ရသွားပြီ။ စစ်ပွဲက ကြာဦးမယ်၊ ပြီးဖို့ဆိုတာတော့ မဖြစ်နိုင်သေးဘူး။ (ဖုန်ကျားရှင်စကားကောက်နှူတ်ချက်)

ဖုန်းကျားရှင်ရေ........ငါတို့ ကရင်လူထုကို လည်းဒီကောင်တွေ ရွာမီးရှို့ ၊လူသတ်၊ မုဒိန်းကျင့် နေဒါတွေ နေ့  တိုင်းနီးနီးပဲ.... တိုင်းရင်းသားညီကိုအပေါင်းတို့ ..ဒီ နအဖ စစ်တပ် မုဒိန်းကောင်တွေကို လက်တွဲညီစွာဖြင့် တန်ပြန်ချေမှူန်းကြ။


Tuesday, 15 September 2009 17:23 ဧရာဝတီ

ဦးဖုန်ကြားရှင်သည် တရုတ်မြန်မာနယ်စပ်ရှိ ကိုးကန့်ဒေသကို နှစ်ပေါင်း ၂၀ ကြာ ဦးဆောင်ခဲ့သူ ဖြစ်သည်။ သြဂုတ်လ ၈ ရက်နေ့တွင် စစ်အစိုးရ လက်နက်ကိုင် တပ်ဖွဲ့ဝင်များက ဦးဖုန်ကြားရှင်၏ နေအိမ်ကို ၀င်ရောက်ရှာဖွေရန် ကြိုးပမ်းရာမှ ကိုးကန့်တပ်ဖွဲ့များ နှင့် ထိပ်တိုက် တွေ့ပြီး ပဋိပက္ခ စတင်ခဲ့သည်။ သြဂုတ်လကုန်ပိုင်းတွင် စစ်အစိုးရတပ်များ ကိုးကန့်ဒေသကို ၀င်ရောက်တိုက်ခိုက်ရာမှ ၃ ရက်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ဧရာဝတီနှင့် ဆက်သွယ် မေးမြန်းရာတွင် ဦးဖုန်ကြားရှင်က တိုက်ပွဲဖြစ်ပွားရခြင်းအကြောင်း၊ တရုတ်နိုင်ငံ၏ သဘောထား၊ မူးယစ်ဆေးဝါး၊ လက်နက်စက်ရုံ၊ နယ်ခြားစောင့်တပ် နှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ၏ အနာဂတ် စသည့် အကြောင်းအရာများကို ပြောပြခဲ့သည်။



ဦးဖုန်ကြားရှင် (ဓာတ်ပုံ - Tom Kramer)

မေး။ ။ ကိုးကန့်ဒေသမှာ ဖြစ်နေတဲ့ အခြေအနေတွေကို ပြောပြပါဦး။ အခြေအနေတွေက စိုးရိမ်နေရတုန်းပဲလား၊ မကြာခင် တည်ငြိမ်အေးချမ်းလာမယ်လို့ ထင်သလား။

ဖြေ။ ။ ကိုးကန့်ဒေသမှာ ဘာတွေ ဖြစ်နေတယ်ဆိုတာကို သိချင်တယ်ဆိုတော့ ကောင်းတာပေါ့။ နိုင်ငံတကာ အသိုင်းအ၀ိုင်း နဲ့ ကိုးကန့်ဒေသ၊ ကိုးကန့်လူထုကို ဂရုစိုက်တဲ့သူတွေကို ကျနော်တို့ကလည်း အခြေအနေတွေကို ရှင်းပြချင်ပါတယ်။

သြဂုတ်လ ၈ ရက်နေ့မှာ အဖြစ်အပျက်က စစ်အစိုးရက ဆင်ခြေပေးပြီး လုပ်ခဲ့တာပဲ။ ဟိုးအရင်ကတည်းက စစ်အစိုးရက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို အကောက် ကြံခဲ့တာပဲ။ လူမျိုးစုအငယ်တွေကို အနိုင်ကျင့်နေတာပဲ။ ဒါဟာ လူမျိုးကြီးဝါဒပဲ။ အစုလိုက် အပြုံလိုက် သတ်တာပဲ။ ကျနော်တို့ရဲ့ ကိုးကန့် ပြည်သူတွေ ထပ်ပြီးတော့ ထိခိုက်မှာ စိုးလို့ ကျနော်တို့ တပ်တွေ ကိုးကန့် ဒေသကနေ ဆုတ်ပေးလိုက်တယ်။ ဒီလိုမျိုး ကျနော်တို့ မဖြစ်စေချင်ပါဘူး။ ထို့အတူပဲ ကိုးကန့်ဒေသနဲ့လူထုကို ဂရုတစိုက်ရှိတဲ့ နိုင်ငံတကာကလည်း ဒီလို ဖြစ်စေချင်မှာ မဟုတ်ပါဘူး။

အခုဆိုရင် ကိုးကန့်မှာ အခြေအနေတွေက ပိုပြီး ရှုပ်ထွေးနေတယ်။ ကိုးကန့်ဒေသခံတွေရဲ့ အခြေအနေကလည်း တော်တော်လေးကို မကောင်းဘူး။ စစ်အစိုးရတပ်က ကိုးကန့်ဒေသကိုရောက်တာ ၁၀ ရက်လောက်ပဲ ရှိဦးမယ်နော်၊ စစ်သားတွေက လုတယ် ယက်တယ်၊ မုဒိမ်းကျင့်တယ်၊ ပြီးတော့ အရပ်သားတွေကို သတ်တယ် ဆိုတဲ့ သတင်းတွေ အများကြီး ကြားနေရပြီ။

လူတွေက အိမ်ပြန်မလာရဲကြသေးဘူး။ တရုတ်တွေပိုင်တဲ့ ဆိုင်တွေဆိုရင်လည်း အများအားဖြင့် အဖျက်ခံရ ဒါမှမဟုတ် အလုခံရတယ်။ တကယ့်ကို အကြီးအကျယ် ဒုက္ခရောက်တာပဲ။ ပြီးခဲ့တဲ့လတွေအတွင်း ကြီးပွား တိုးတက်တဲ့ ကိုးကန့်ဒေသအခြေအနေတွေဟာ အခုဆိုရင် လုံးဝ မရှိတော့ဘူး။ လူတွေက တကယ့်ကို စိတ်ဓာတ် ကျနေကြပြီ။

ကျနော် ပြောခဲ့သလိုပေါ့၊ လူမျိုးကြီးက လူမျိုးငယ်တွေကို နှိပ်ကွပ်ချင်တယ်။ ဒီ ပဋိပက္ခကြောင့် ကိုးကန့်လူထုရဲ့ စိတ်မှာ ဒဏ်ရာ အကြီးအကျယ် ရသွားပြီ။ စစ်ပွဲက ကြာဦးမယ်၊ ပြီးဖို့ဆိုတာတော့ မဖြစ်နိုင်သေးဘူး။


မေး။ ။ ဦးဖုန်ကြားရှင်က ၁၉၈၉ မှာ စစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူခဲ့တယ်၊ ခုတော့ သဘောတူညီချက်က ပျက်သွားပြီ။ ပြီးခဲ့တဲ့ တိုက်ပွဲတွေက ဘာကြောင့် ဖြစ်လာတာလဲ၊ စစ်အစိုးရက ခင်ဗျားကို ဘာကြောင့် ဖမ်းဖို့ ကြိုးစားရတာလဲ။

ဖြေ။ ။ ၁၉၈၉ ခုနှစ် မတ်လမှာ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သဘောတူခဲ့တာ ကိုးကန့်တွေပဲ။ အဲဒီနှစ်နဲ့ နောက်ပိုင်းနှစ်တွေမှာ တခြား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက စစ်အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ လုပ်ကြတယ်။ ဒါနဲ့ပဲ နိုင်ငံမှာ လက်နက်ကိုင် ပဋိပက္ခကြီးတွေ အဆုံးသတ်သွားတာ မဟုတ်လား။

ငြိမ်းချမ်းရေး တည်ဆောက်ထားတဲ့ အနှစ် ၂၀ အတွင်း မူးယစ်ဆေးဝါးထုတ်လုပ်တာကို ရပ်ဆိုင်းတော့မယ်လို့ နိုင်ငံတကာကို ကတိပေးနိုင်ခဲ့တဲ့ ပထမဦးဆုံးသော အဖွဲ့က ကိုးကန့်အဖွဲ့ပါ။ ၂၀၀၂ ခုနှစ်မှာဆိုရင် ကျနော်တို့ ဒေသတခုလုံး ဘိန်းမစိုက်ရေး ဆိုတာကို အောင်အောင် မြင်မြင် လုပ်နိုင်ခဲ့တယ်။ မူးယစ်ဆေးဝါး ဆန့်ကျင်ရေး ဆောင်ရွက်ချက်တွေ၊ အောင်မြင်မှုတွေကိုလည်း ကုလသမဂ္ဂကရော နိုင်ငံတကာကပါ အသိအမှတ် ပြုကြတယ်။ ကမ္ဘာ့ စားနပ်ရိက္ခာ အဖွဲ့၊ တရုတ်နိုင်ငံအစိုးရ၊ နိုင်ငံတကာ အထောက်အပံ့ပေးရေး အေဂျင်စီတွေရဲ့ အကူအညီနဲ့ ဘိန်းအစားထိုးသီးနှံစိုက်ပျိုးရေး စီမံကိန်းတွေ အများကြီး လုပ်နိုင်ခဲ့ပါတယ်။ ကြံ၊ လက်ဖက်၊ သစ်ကြားသီး နဲ့ တခြား သီးနှံတွေ စိုက်တယ်။ ကျနော်တို့ ဘိန်းအစားထိုးသီးနှံစိုက်ပျိုးရေးက အရမ်းကို ဖြစ်ထွန်း အောင်မြင်ပါတယ်။

တဖြည်းဖြည်းနဲ့ ကျနော်တို့ ဒေသမှာ ဆင်းရဲတွင်းကနေ လွတ်လာကြတယ်။ ဒါတွေကိုတော့ အားလုံး သိကြပါတယ်။ ဒါပေမယ့် စစ်အစိုးရက တနိုင်ငံလုံးကို ထိန်းချုပ်ချင်တာ။ အပစ်ရပ်အဖွဲ့တွေကို တိုက်ခိုက်ချင်တာ။

မေး။ ။ စစ်အစိုးရတပ်တွေက လောက်ကိုင်မြို့ကို သိမ်းပြီးတဲ့အခါမှာ စစ်အစိုးရ စာနယ်ဇင်းတွေကနေ ဦးဖုန်ကြားရှင်ဟာ တရားမ၀င် လက်နက်စက်ရုံ နဲ့ မူးယစ်ဆေးဝါးလုပ်ငန်း လုပ်နေတယ်လို့ အဆက်မပြတ် ထုတ်လွှင့်လာတယ်။ ဒီလို စွပ်စွဲတာတွေနဲ့ ပတ်သက်ပြီး ဘာပြောချင်ပါသလဲ။

ဖြေ။ ။ မြန်မာပြည်မှာ စစ်မှန်တဲ့ အစိုးရတရပ် မရှိသေးဘူး။ စစ်တပ်ဆိုတာက အစိုးရကို ကိုယ်စား မပြုဘူး။ ၁၉၉၀ ရွေးကောက်ပွဲအပြီးမှာ စစ်တပ်က အာဏာကို ဆက်ကိုင်ထားတာပဲ။ အဲဒီကတည်းက မြန်မာပြည်မှာ အစိုးရတရပ် ကောင်းကောင်း မွန်မွန် မပေါ်သေးဘူး။ စစ်အုပ်စုက သူတို့ကိုယ်သူတို့ ရွေးကောက်ခံထားရတဲ့ အစိုးရလို့ မပြောဘူး။ နိုင်ငံတကာကလည်း သူတို့ကို ရွေးကောက်ခံထားရတဲ့ အစိုးရလို့ အသိအမှတ် မပြုဘူး။ ခုချိန်ထိ မြန်မာပြည်ဟာ စစ်အုပ်စုက ဖွဲ့ထားတဲ့ ယာယီ ကောင်စီတခု စီမံခန့်ခွဲနေတဲ့ နိုင်ငံတခု ဖြစ်နေတုန်းပဲ။ ဒီကောင်စီကို န၀တ လို့ ခေါ်တယ်၊ ခုတော့ နအဖ လို့ ပြောင်းထားတယ်။ မြန်မာ့တပ်မတော်ကလည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ပဲ။ ဒါဆို နိုင်ငံကို ကိုယ်စား မပြုဘူးပေါ့။

၁၉၈၉ မှာ နိုင်ငံ ငြိမ်းချမ်း သာယာရေးအတွက် ကျနော်တို့ ကိုးကန့်တွေက စစ်အုပ်စုရဲ့ ကောင်စီကို ချဉ်းကပ်ခဲ့တာပါ။ နိုင်ငံ ငြိမ်းချမ်းရေး ထိန်းသိမ်းဖို့၊ ပြည်သူတွေ အေးအေးချမ်းချမ်း နေနိုင်ဖို့ပါ။ အနှစ် ၂၀ လုံးလုံး ကျနော်တို့ စစ်အုပ်စုကို ယုံကြည်ခဲ့ကြတာပါ။ နိုင်ငံရေးအရ ကျနော်တို့ တောင်းဆိုတာက အပြောင်းအလဲ မရှိပါဘူး၊ ဗဟိုအစိုးရကို ထောက်ခံတယ်၊ ငြိမ်းချမ်းရေး နဲ့ တိုးတက်ဖွံ့ဖြိုးရေးကို လုပ်ဆောင်မယ်၊ တိုင်းရင်းသား တန်းတူ ညီမျှရှိရေးကို ထိန်းသိမ်းမယ်၊ တမျိုးသားလုံး ညီညွတ်မှုကို ထိန်းသိမ်းမယ်၊ ကိုးကန့်ပြည်သူတွေ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရဖို့ အကောင်းဆုံး လုပ်ဆောင်မယ်။ ကျနော်တို့ ဘယ်တုန်းကမှ နိုင်ငံကနေ ခွဲထွက်တာမျိုး မလိုလားခဲ့ဘူး။ မြန်မာပြည်က တိုင်းရင်းသားတွေကြားထဲမှာ ကိုးကန့်တွေကို အသိအမှတ်ပြုဖို့ ဆိုတာကိုပဲ လိုပါတယ်။

မေး။ ။ တိုက်ပွဲကာလအတွင်း အသေအပျောက် ဘယ်လောက် ရှိခဲ့သလဲ။

ဖြေ။ ။ ကိုးကန့်ပြည်သူတွေပဲ အများဆုံး ဆုံးရှုံးရတာပေါ့ဗျာ။ တိုက်ပွဲဖြစ်တုန်းက ကိုးကန့်တပ်ဖွဲ့ဝင် ၁၄ ယောက် ကျတယ်လို့ သိရတယ်။ စစ်အစိုးရတပ်က ပစ်လို့ သေကြရတဲ့ အရပ်သား အရေအတွက်ကိုတော့ ကျနော်တို့ မသိပါဘူး။ ဥပမာ တချို့ မိုက်မဲတဲ့ ကောင်လေးတွေက သစ္စာဖောက် ပယ်စောက်ချိန်ရဲ့ တပ်ထဲကို ၀င်ကြတယ်။ တိုက်ပွဲတွေ ဖြစ်တော့ စစ်အစိုးရတပ်တွေရဲ့ ရှေ့ကနေပြီး ကျနော်တို့ကို တိုက်ရတယ်။ ဒီကောင်လေးတွေက သူတို့ကလည်း ကိုးကန့်တွေပဲ ဆိုတော့ ကိုယ့်အချင်းချင်း မသတ်ချင်ဘူးလို့ ပြောတယ်၊ ငြင်းတယ်။ ဒီတော့ စစ်အစိုးရတပ်က ဒီကောင်လေးတွေရဲ့ လက်နက်တွေကို လွှင့်ပစ်လိုက်ပြီးတော့ မောင်းပြန်သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်။ သြဂုတ်လ ၂၇ ရက်နေ့ နေ့ခင်းပိုင်းမှာ ကိုးကန့် လူငယ်လေးတွေ ၂၃ ယောက် တချိန်တည်းမှာ အသတ်ခံရတယ်။

မေး။ ။ စစ်အစိုးရက ခင်ဗျားတို့ တဖွဲ့ထဲကိုရွေးပြီး ဘာကြောင့် တိုက်ရတာလဲ။ မူးယစ်ဆေး နဲ့ လက်နက် ကိစ္စမှာ ခင်ဗျားတို့ ပါဝင်တယ် ဆိုတဲ့ စွပ်စွဲချက်အပြင် တခြား အကြောင်းအရာများ ရှိနေလို့လား။

ဖြေ။ ။ ပြီးခဲ့တဲ့လထဲမှာ ကျနော်တို့ ထင်မထားတာတွေ အများကြီး ဖြစ်ခဲ့တယ်။ ကိုးကန့်တပ်ဖွဲ့က တရားဝင် အပစ်ရပ်ထားတဲ့ အဖွဲ့ တဖွဲ့ပဲ။ ကျနော်တို့မှာ ရှိတဲ့ လက်နက်တွေက ဗမာပြည် ကွန်မြူနစ်ပါတီကနေ ရထားတာ ဟောင်းနေပြီ။ တော်တော်များများက ပြင်ဖို့ လိုတယ်။ လက်နက်တွေပြင်တဲ့ စက်ရုံတခုရှိရမယ်။ ဒီစက်ရုံရှိတယ် ဆိုတာကိုလည်း ကိုးကန့်ဒေသမှာ ရှိတဲ့ နအဖ အရာရှိတွေ အကုန်လုံး သိကြပါတယ်။ စက်ရုံကိုလည်း သူတို့ အရင်တုန်းက ရောက်ဖူးပါတယ်။ ခုတော့ သူတို့က ဒီစက်ရုံကိုပဲ ရမယ်ရှာပြီးတော့ ကျနော်တို့ကို ၀င်တိုက်တာပါ။ ဒါကြောင့် ဒီတိုက်ခိုက်မှုရဲ့ နောက်ကွယ်မှာ ဘာရှိသလဲဆိုတာက ရှင်းနေတာပဲ။ သူတို့က ကိုးကန့်နဲ့ တခြား တိုင်းရင်းသား တပ်ဖွဲ့တွေကို ဖျောက်ပစ်လိုက်ချင်တယ်၊ ပြီးတော့ သူတို့ရဲ့ “စည်းလုံးညီညွတ်တဲ့” နိုင်ငံတော်ကြီး ပေါ်ပေါက်အောင် လုပ်မယ်ပေါ့ဗျာ။ စစ်အစိုးရက ကိုးကန့်တပ်ဖွဲ့တွေကိုတင်မကဘူး၊ တခြားတပ်ဖွဲ့တွေကိုလည်း အကြောင်းအမျိုးမျိုးပြပြီး ၀င်တိုက်မယ် ဆိုတာ ရှင်းနေတာပဲ။ စွပ်စွဲချင်ရင်တော့ အပြစ်တခုခုကို ရှာပြီပေါ့။ မြန်မာ့တပ်မတော်က ဒီနိုင်ငံမှာ အင်အား အကြီးဆုံး လက်နက်ကိုင်အဖွဲ့ပဲ။ ဘယ်လက်နက်ကိုင်အဖွဲ့ကိုမဆို သူတို့ ချေမှုန်းလိုက်လို့ ရတယ်။ ဘယ်အပစ်ရပ်အဖွဲ့ကိုဖြစ်ဖြစ် မူးယစ်ဆေးလုပ်တယ်၊ စက်ရုံရှိတယ် စသဖြင့် စွပ်စွဲနိုင်တယ်။

ဥပမာ ရှမ်းပြည်နယ် အထူးဒေသ ၄ ခုရဲ့ မူးယစ်ဆေးဝါးအခြေအနေကို ပြောရမယ် ဆိုရင် နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ စုံစမ်းစစ်ဆေးမှုတွေအရ ဒီဒေသမှာ ဘိန်းစိုက်ပျိုးမှု ပပျောက်သွားပြီဗျာ။ ဒါပေမယ့် စစ်အစိုးရ ထိန်းချုပ်တဲ့ နေရာတွေမှာ ဆိုရင် ဘိန်းခင်းတွေက မူပေါင်း ၂၅၀ ၀၀၀ ကျော် (၆၆၇ စတုရန်းမီတာနှင့်ညီမျှသည့် တရုတ်နိုင်ငံသုံး အတိုင်းအတာ) ရှိတယ်။ ဒါက စစ်အစိုးရရဲ့ လုပ်နည်းလုပ်ဟန်တွေပဲ။ သူတို့ ဒီလို လုပ်နေကြတာပဲ။

မေး။ ။ ကိုးကန့်တပ်ဖွဲ့အပါအ၀င် အပစ်ရပ်အဖွဲ့တွေက စစ်အစိုးရဲ့ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရေး ကမ်းလှမ်းချက်ကို လက်မခံကြဘူး။ ဘာကြောင့် ဒီအစီအစဉ်ကို လက်မခံတာလဲ။ စစ်အစိုးရဆီကနေ ဘယ်လိုမျိုး သဘောတူညီချက်တွေ ရချင်တာလဲ။

ဖြေ။ ။ ကျနော်တို့က နယ်ခြားစောင့်တပ်အစီအစဉ်ကို လက်မခံတာမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် စည်းမျဉ်းစည်းကမ်းတွေက အရမ်းကို တင်းကျပ်တယ်။ ဥပမာဗျာ အသက် ၅၀ အထက် အရာရှိတွေကို အနားပေးလိုက်ရမယ်၊ သူတို့ကိုယ်တိုင် လုပ်ကိုင်ရှာဖွေ စားသောက်ရမယ်။ ဒေသ အုပ်ချုပ်ရေးပိုင်း အရေးပါတဲ့ အရာရှိ နဲ့ တပ်မှူးတွေကို စစ်အစိုးရက ခန့်ထားမယ်။ ဒီကမ်းလှမ်းချက်တွေက ဘယ်အပစ်ရပ် အဖွဲ့တွေအတွက် မဆို လက်ခံနိုင်စရာမရှိဘူး။ ဒေသခံတွေအတွက်လည်း မသင့်တော်ဘူး။ ကျနော်တို့ လိုချင်တာက ရိုးရိုးလေးပါ၊ ကိုးကန့်ပြည်သူတွေကို ကာကွယ်ဖို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လိုချင်တယ်။

မေး။ ။ ကိုးကန့် နဲ့ တခြား တိုင်းရင်းသားအဖွဲ့တွေက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ပတ်သက်ပြီး မကျေနပ်ကြဘူးလို့ သိရတယ်။ ဒီ အခြေခံ ဥပဒေအကြောင်း ဘာပြောစရာ ရှိသလဲ။

ဖြေ။ ။ ၂၀၀၈ ခုနှစ် စစ်အစိုးရ အဆိုပြုတဲ့ အခြေခံ ဥပဒေ ဆိုတာက စစ်အစိုးရ အကျိုးအမြတ်ရှိဖို့ နဲ့ အာဏာ အတွက်ပဲလေ။ လူမျိုးစုငယ်တွေရဲ့ အခွင့်အရေးကို အဲဒီထဲမှာ ပြဌာန်းထားတာ မတွေ့ရဘူး။ ဒီနိုင်ငံထဲက ပြည်သူလူထုကို ကိုယ်စားမပြုတဲ့ ဒီလို အခြေခံ ဥပဒေမျိုးကို ကျနော်တို့ ဘယ်လို လက်ခံနိုင်မှာလဲ။ အခြေခံ ဥပဒေကို အတည်ပြုတဲ့နေရာမှာလည်း တခြားနိုင်ငံကလူတွေ မသိလိုက်တာတွေ အများကြီး ဖြစ်ခဲ့တယ်။ ဥပမာ ပြောရရင် ကိုးကန့်ရွာတချို့မှာ စစ်အစိုးရက ဆန္ဒခံယူပွဲလုပ်ဖို့ အရာရှိတွေ ပို့လိုက်တယ်။ ဒေသခံတွေက ၀င်မပါချင်တဲ့ အခါကျတော့ အစိုးရ အရာရှိတွေက မဲတွေကို သူတို့ကိုယ်တိုင် ရေးခြစ်ပြီး ပေးလိုက်ကြတယ်။ ကန့်ကွက်မဲ ရာနဲ့ချီ ပေးလိုက်တဲ့ရွာတွေ ရှိတယ်။ ဒါပေမယ့် အဖြေထွက်လာတော့ ထောက်ခံမဲ ၃၀၀၀ ကျော်ရတယ်ဆိုပြီး ထွက်လာတယ်။ အဲဒီနည်းနဲ့ အခြေခံ ဥပဒေကို အတည်ပြုလိုက်တာပဲ။

မေး။ ။ ဗကပ နဲ့ အရင်တုန်းက ပူးပေါင်းခဲ့ပြီး ၁၉၈၉ မှာ ဦးဖုန်ကြားရှင်ရဲ့ ခေါင်းဆောင်မှုနဲ့ အောင်မြင်စွာ ခွဲထွက်နိုင်ခဲ့တယ်။ ဘေကျင်းမြို့တော်ကို သွားခဲ့ပြီး တရုတ်အရာရှိတွေနဲ့လည်း နီးစပ်မှု ရှိခဲ့တယ်။ လက်ရှိအချိန်မှာတော့ တရုတ်နိုင်ငံက စစ်အစိုးရနဲ့ နီးစပ်မှု ရှိသလို နယ်စပ်က တိုင်းရင်းသားအဖွဲ့တွေနဲ့လည်း နီးစပ်မှု ရှိနေတယ်။ ကိုးကန့်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနဲ့ ပတ်သက်ပြီး တရုတ်အစိုးရရဲ့ အနေအထားကို ဘာပြောစရာရှိသလဲ။ တရုတ်အစိုးရဆီက အကူအညီ ရသလား။ သူတို့မထောက်ခံတော့မှာကို စိုးရိမ်နေသလား။ သူတို့ဆီက အကာအကွယ် ရသလား။

ဖြေ။ ။ စစ်အစိုးရက စီစဉ်ခဲ့တဲ့ သြဂုတ်လ ၈ ရက်နေ့ ပဋိပက္ခ နဲ့ နောက်ပိုင်းတိုက်ပွဲတွေအတွင်း တရုတ်အစိုးရ ကျနော်တို့ကို မကူညီပါဘူး။ အကာအကွယ်ပေးဖို့၊ ခိုလှုံခွင့်ပေးဖို့ တရုတ်အစိုးရကို ကျနော်တို့ မပြောနိုင်ခဲ့ပါဘူး။ ဒါပေမယ့် ကိုးကန့်တွေဟာ တရုတ်လူမျိုးတွေ ဖြစ်တဲ့အတွက် ဒုက္ခသည်တွေ တရုတ်နိုင်ငံဘက် ထွက်ပြေးကြတော့ ဒေသခံ အာဏာပိုင်တွေက သူတို့ကို တော်တော်လေး ဂရုတစိုက်ရှိပါတယ်။ ဒီအတွက်ကြောင့်တော့ ကျနော်တို့ တကယ်ပဲ ကျေးဇူးတင်ပါတယ်။

မေး။ ။ ကိုးကန့် ပဋိပက္ခနဲ့ ပတ်သက်ပြီး တရုတ်အစိုးရကို ဘာပြောချင်ပါသလဲ။

ဖြေ။ ။ မြန်မာနိုင်ငံမှာ ဘာပဲ ဖြစ်နေပါစေ ကျနော်တို့ဟာ တရုတ်တိုင်းရင်းသားတွေပါ၊ ကျနော်တို့ရဲ့ ဇစ်မြစ်က တရုတ်နိုင်ငံမှာပါ။ ဒါကို ကျနော်တို့ ဘယ်တော့မှ မေ့ပစ်မှာ မဟုတ်ပါဘူး။ မြန်မာပြည်မှာ ရှိတဲ့ တရုတ်လူမျိုးတွေရဲ့ အခွင့်အရေးအတွက် ကျနော်တို့ ဆက်ပြီး တိုက်ပွဲဝင်သွားမှာပါ။

မေး။ ။ မြန်မာပြည် နဲ့ တိုင်းရင်းသား လူမျိုးစုတွေရဲ့ အနာဂတ် အလားအလာကို ဘယ်လို မြင်သလဲ။

ဖြေ။ ။ တိုင်းရင်းသား လူမျိုးစုတွေရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ပြောရရင် ဒါဟာ တော်တော်ကို ရှုပ်ထွေးတဲ့ကိစ္စပဲ။ မြန်မာပြည်မှာ လူထုက ရွေးကောက်တင်မြှောက်တဲ့၊ လူထုကို ကိုယ်စားပြုတဲ့ အစိုးရတရပ် မရှိဘူး ဆိုရင် မြန်မာပြည်မှာရှိတဲ့ တိုင်းရင်းသား လူမျိုးစုတွေရဲ့ အနာဂတ်ကတော့ ကောင်းမှာ မဟုတ်ဘူး။

မေး။ ။ နယ်စပ်မှာ ရှိတဲ့ တိုင်းရင်းသားအဖွဲ့တွေဆီကနေ နိုင်ငံရေးအရ၊ စစ်ရေးအရ ကျောထောက် နောက်ခံ ပေးတာ၊ အကူအညီပေးတာတွေ ရခဲ့သလား။ အားလုံး ညီညွတ်မှု ရနေကြသလား ဒါမှမဟုတ် စုစည်းမှု ရအောင် လုပ်ဖို့ အခက်အခဲတွေ တွေ့နေကြတာလား။

ဖြေ။ ။ ဟိုတုန်းကတည်းက တရုတ်မြန်မာနယ်စပ်မှာ ရှိတဲ့ တိုင်းရင်းသား အပစ်ရပ်အဖွဲ့တွေဟာ တဖွဲ့နဲ့တဖွဲ့ ဆက်ဆံရေး ကောင်းကြပါတယ်၊ အကူအညီ ပေးကြပါတယ်။ ကျနော်တို့ကြုံခဲ့ရတာတွေ၊ ကြုံရဦးမှာတွေက အတူတူပါပဲ။ ဒါပေမယ့် ဆက်သွယ်ရေး အခက်အခဲကြောင့် ကျနော်တို့ရဲ့ စုစည်းမှုက သိပ်ပြီးတော့ အားမကောင်းပါဘူး။ ဒီအချက်ကို စစ်အစိုးရက အခွင့်အရေး အဖြစ် အသုံးချလိုက်လို့ ကိုးကန့်ဒေသက စစ်အစိုးရ ချုပ်ကိုင်မှုအောက် ရောက်သွားတာပါ။

မေး။ ။ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံမှာ ရှိတဲ့ ဦးဖုန်ကြားရှင်ရဲ့ ပိုင်ဆိုင်မှုပစ္စည်းတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေ နဲ့ စီးပွားရေးလုပ်ငန်းတွေ ဆုံးရှုံးသွားမှာကို မစိုးရိမ်ဘူးလား။

ဖြေ။ ။ လောလောဆယ်တော့ မြန်မာနိုင်ငံမှာရှိတဲ့ ကျနော့်ရဲ့ ပိုင်ဆိုင်မှုတွေကို စစ်အစိုးရက သိမ်းယူထားပါတယ်။ တရုတ်နိုင်ငံမှာ ရှိတဲ့ ကျနော့်ရဲ့ ပိုင်ဆိုင်မှုတွေ၊ စီးပွားရေး လုပ်ငန်းတွေကိုလည်း တရုတ်အာဏာပိုင်တွေက ထိန်းသိမ်းလိုက်ပါတယ်။ ကျနော် စိတ်သောကရောက်ရုံကလွဲလို့ ဒီပြဿနာကို ကျနော် ရှင်းလို့ မရပါဘူး။

မေး။ ။ အဲဒီမှာရှိတဲ့ ဒုက္ခသည်တွေရဲ့ အခြေအနေက ဘယ်လိုရှိသလဲ။ စစ်အစိုးရတပ်က အရာရှိတွေ၊ ရဲဘော်တွေက တရုတ်နိုင်ငံသားတွေကို အနိုင်ကျင့်နေတယ်ဆိုတဲ့ သတင်းတွေ ကြားနေရတယ်။ နယ်စပ်မှာ တိုက်ပွဲတွေ ဖြစ်တယ်ဆိုတော့ စစ်အစိုးရဟာ တရုတ်နိုင်ငံရဲ့ ရုပ်သေးမဟုတ်ဘူးဆိုတဲ့ သဘောလား။

ဖြေ။ ။ ကိုးကန့်ဒေသပဋိပက္ခကို စစ်အစိုးရက ဖန်တီးခဲ့တဲ့ အကြောင်းရင်းတွေ ရှိတယ်။ ပထမအချက်က စစ်အစိုးရက အမေရိကန်၊ အိန္ဒိယ နဲ့ အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးကောင်းအောင် လုပ်ချင်နေတယ်၊ အထူးသဖြင့် အမေရိကန်နဲ့ပေါ့ဗျာ။ အမေရိကန်နဲ့ ဆက်ဆံရေးကောင်းဖို့အတွက် စစ်အစိုးရက သူတို့ဟာ တရုတ်အစိုးရရဲ့ လက်ဝေခံ မဟုတ်ပါဘူး ဆိုတာကို သိပ်ပြီးတော့ သက်သေပြချင်နေတာ။ ဒါကြောင့် ကိုးကန့်ဒေသကို တိုက်တာပဲ။

သူတို့က တရုတ်အစိုးရ ဘယ်လို တုံ့ပြန်မလဲ ဆိုတာကိုလည်း စမ်းကြည့်ချင်ပုံ ရပါတယ်။ ကိုးကန့်နဲ့ တရုတ်လူမျိုးတွေက ဆွေမျိုးတွေပဲလေ။ ကိုးကန့်တွေက အခြေခံအားဖြင့် တရုတ်တွေပဲ၊ တရုတ်လူမျိုးတွေရဲ့ အစိတ်အပိုင်း တခုပဲ။ စစ်အစိုးရက အရာသွင်းတာ မဟုတ်တဲ့အတွက် မြန်မာပြည်က တရုတ်တွေက ဆယ်စုနှစ်ပေါင်း အတော်ကြာအောင် အနှိမ်ခံနေရတယ်။

မြန်မာ အမျိုးသား အစိုးရ အသိအမှတ်ပြုတာ ခံရဖို့ ၁၉၄၇ ခုနှစ်မှာ လုပ်တဲ့ အစည်းအဝေးကြောင့်သာ ဒီဒေသမှာ နေထိုင်တဲ့ တရုတ်တွေကို ကိုးကန့် လို့ ခေါ်ခဲ့ကြတာပဲ။ တကယ်တမ်း ပြောရရင်တော့ ကိုးကန့်တွေ ဆိုတာ တရုတ်တွေပဲပေါ့။

၁၉၆၇ ခုနှစ် တရုတ်မြန်မာအရေးအခင်းဆိုတာ မနေ့တနေ့က ဖြစ်ခဲ့သလိုပါပဲ။ ဒီကနေ့အထိ မြန်မာပြည်မှာနေတဲ့ တရုတ်တွေက သူတို့ဟာ တရုတ်ဖြစ်ကြောင်း မကြေညာရဲကြသေးဘူး။ ၁၉၈၉ မှာ ကိုးကန့်တပ်ဖွဲ့ကို ဖွဲ့စည်း တည်ထောင်လိုက်တဲ့အခါမှာ မြန်မာပြည်မှာ ရှိတဲ့ တရုတ်တွေက ဒီတပ်ဖွဲ့အပေါ် မျှော်လင့်ချက် ထားခဲ့ကြတယ်။ ခုတော့ အဲဒီ မျှော်လင့်ချက်က ရေစုန်မျောပြီပေါ့။

ဒုတိယအချက်ကတော့ စစ်အစိုးရတပ်တွေ ကိုးကန့်ဒေသထဲ တပ်စွဲထားတာ ၁၀ နှစ် ကျော်သွားပြီ။ ဒေသ အခြေအနေတွေကို သူတို့ ကောင်းကောင်း သိထားတယ်။ ကိုးကန့်ဒေသ အတွင်းရေးတွေကိုပါ သိသွားကြတာ။ ဒါကြောင့် သူတို့က သစ္စာဖောက် ပယ်စောက်ချိန် နဲ့ ဝေချောက်ရင်း (Wei Chaoren) တို့ကို မွေးလိုက်တာပဲ။ ရလဒ်ကတော့ ကိုးကန့်အဖွဲ့ထဲမှာ တိုက်ပွဲတွေ မဖြစ်ခင်ကတည်းက ကွဲပြဲကုန်တာပဲ။ ပယ်စောက်ချိန် နဲ့ ဝေချောက်ရင်း တို့က လူထုကို သစ္စာဖောက်ပြီး စစ်အစိုးရဆီမှာ အညံ့ခံသွားကြတာပဲ။

တတိယအချက်ကတော့ ဒီအချိန်မှာ စစ်အစိုးရက ကိုးကန့်ဒေသကို ချုပ်ကိုင်ထားလိုက်ပြီ၊ တရုတ်အစိုးရက ဘယ်လို တုံ့ပြန်သလဲ ဆိုတာလည်း စစ်အစိုးရက ရှင်းရှင်းလင်းလင်း သိသွားပြီ။ ဒီတော့ နောက်ထပ် လှမ်းမယ့် ခြေလှမ်းကတော့ နယ်စပ်မှာ ရှိတဲ့ လူနည်းစု အဖွဲ့အစည်းတွေကို ချေမှုန်းရေး ဆိုတဲ့ သူတို့ရဲ့ မူဝါဒကို အကောင်အထည်ဖော်ဖို့ပဲ။ မြန်မာစစ်အစိုးရက ရိုင်းရိုင်းစိုင်းစိုင်း၊ ကြမ်းကြမ်းတမ်းတမ်း လုပ်ပါလိမ့်မယ်၊ ထိန်းမနိုင် သိမ်းမရ ဖြစ်နေပါပြီ။

မေး။ ။ ဦးဖုန်ကြားရှင် အခု ဘယ်မှာ ပုန်းရှောင်နေပါသလဲ။

ဖြေ။ ။ ကျနော်က ကိုးကန့် ဒေသမှာ နှစ်ပေါင်း အတော်ကြာအောင် လုပ်ကိုင် နေထိုင်ခဲ့တာပါ။ မြန်မာပြည်က မြို့ကြီးပြကြီးတွေကို ခရီးထွက် လည်ပတ်ဖို့ အခွင့်အရေး မရခဲ့ဘူး။ ကျနော့်မှာ အခု အချိန်တွေ အများကြီး ရှိလာပြီမို့ မြန်မာပြည်ထဲက မြို့ကြီးတွေကို သွားပြီး လည်ပတ်နေပါတယ်။ ကျနော်တို့နိုင်ငံဟာ အင်မတန် သာယာလှပပါတယ်၊ လူထုကို ကိုယ်စားပြုတဲ့၊ နိုင်ငံကို ဖွံ့ဖြိုးအောင်လုပ်မယ့် အစိုးရမျိုးနဲ့ ထိုက်တန်တယ်လို့ ကျနော် ခံစားရပါတယ်။ လောလောဆယ်တော့ ကျနော် ကိုးကန့်ဒေသကို မပြန်သေးပါဘူး။ ။

No comments:

Post a Comment