ondragstart="return false" onselectstart="return false"

Friday, September 18, 2009

တရားမျှတမှု လိုချင်သည်ဟု မြန်မာသူပုန်များက တရားရုံးတွင် ပြောကြား

ဒီအဖွဲ့ ထဲမှာ ကရင့်ပျောက်ကျားတွေ ပါတယ်..ခေါင်းဆောင်တော့..ကုလားနဲ့ နအဖ ပေါင်းပြီးသတ်ပစ်လိုက်ပြီး။

မုံပီး
ကြာသပတေးနေ့၊ စက်တင်ဘာလ 17 ရက် 2009 ခုနှစ် 22 နာရီ 13 မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ ၁၁ နှစ်လုံးလုံး ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသော မြန်မာသူပုန်များက သူတို့သည် အမှုဆင် ဖမ်းဆီးခံခဲ့ရခြင်းသာ ဖြစ်၍ တရားမျှတမှုကို လိုချင်ပါသည်ဟု အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့ စက်ရှင်တရားရုံးတွင် ယနေ့ ပြောကြားခဲ့ကြသည်။

ကာလကတ္တား ပရက်စီဒင်စီထောင်တွင် ချုပ်နှောင်ထားခံနေရသော မြန်မာသူပုန်များက မိမိတို့သည် ရာဇဝတ်ကောင်များ မဟုတ်ဘဲ၊ မြန်မာပြည် လွတ်မြောက်ရေးအတွက် တိုက်ပွဲ ဝင်နေသူများ ဖြစ်ကြောင်းနှင့် မိမိတို့သည် အိန္ဒိယ အာဏာပိုင်များ၏ ဖိတ်ကြားချက်အရ လာရောက်ခဲ့ကြခြင်းသာဖြစ်ကြောင်း တရားရုံးကို ပြောဆိုခဲ့ကြသည်။

သူပုန် ၃၄ ဦးအနက် တဦးဖြစ်သည့် ဓညလင်းက တရားရုံးသို့ ယနေ့ လက်မှတ်ရေးထိုး တင်သွင်းခဲ့သည့် စာတွင် ''ကျနော်တို့သည် အိန္ဒိယနိုင်ငံ ငြိမ်းချမ်းရေးအတွက် မိတ်ဆွေများအဖြစ် ဖိတ်ကြားချက်အရ လာရောက်ခြင်း ဖြစ်ကြောင်းနှင့် ကျနော့်တွင် လက်နက်များ ကိုင်ဆောင်ထားခြင်း မရှိသလို ကျနော့်ထံမှ လက်နက်များ သိမ်းဆည်းရမိခြင်းလည်း မရှိပါ'' ဟု ရေးသား ပြောဆိုထားသည်။

''ဒါ အမှုလိမ်ကြီးပါ။ ကျနော် တရားမျှတမှုကိုပဲ လိုချင်ပါတယ်။ ကျနော် ၁၁ နှစ်ကြာ ထိန်းသိမ်း ခံခဲ့ရပြီးပါပြီ။ အိန္ဒိယအာဏာပိုင်တွေက ကျနော်တို့ကို မြန်မာပြည် ပြန်ပို့ချင်နေကြပါတယ်။ အဲဒီလိုသာ ပြန်ပို့ရင် ကျနော်တို့ ကွပ်မျက်ခံရမှာပါ'' ဟု ဓညလင်းက တရားရုံးသို့ ပေးစာတွင် ဆိုထားသည်။

တရားလိုပြ သက်သေများ၏ ထွက်ချက်ကို အခြေခံ၍ တရားရုံးက မေးမြန်းထားသော မေးခွန်း ၂၉ ခုကို တုံ့ပြန်ဖြေကြားရာတွင် သူက အခြားသူပုန် ၁၆ ဦးနှင့်အတူ သူတို့၏ ထွက်ချက်များအား ပေးအပ်ခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါသူပုန် ၃၄ ဦးမှာ မြန်မာအစိုးရကို လက်နက်ကိုင်တိုက်ခိုက်နေသည့် ရခိုင်အမျိုးသားညီညွတ်ရေးပါတီ (NUPA) နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) လက်နက်ကိုင်အဖွဲ့ နှစ်ဖွဲ့၏ အဖွဲ့ဝင်များဖြစ်သည်။ သူတို့ကို ၁၉၉၈ ခုနှစ် ဖေဖော်ဝါရီလတွင် အန်ဒမန်နှင့် နီကိုဘာကျွန်းစု Landfall ကျွန်းတွင် ဖမ်းဆီးခဲ့သည်။

တရားရုံး၏ နောက်ဆုံးမေးခွန်းကို တုံ့ပြန်ရာတွင် ဓညလင်းက ၁၉၈၈ ခုနှစ် လူထုအုံကြွမှုတွင် ဒီမိုကရေစီ တောင်းဆိုသော ပြည်သူများကို စစ်အစိုးရက ရက်စက်စွာ နှိမ်နင်းခဲ့ပြီးနောက် သူသည် ဆန့်ကျင်တိုက်ခိုက်ရန် လက်နက်ကိုင် တော်လှန်ရေးအတွင်း ဝင်ရောက်ခဲ့ပါသည်ဟု ရေးသားထားသည်။

ကျောင်းသားတဦးအဖြစ် ၁၉၈၈ ခုနှစ် လူထုအုံကြွမှုတွင် တက်ကြွစွာ ပါဝင်ခဲ့ပြီးနောက် အိမ်သို့ပြန်သွားရာ စစ်တပ်၏ ပြည်သူများအပေါ် ရက်စက်စွာ ပြုမူဆက်ဆံပုံတို့ကိုသာ တွေ့ခဲ့ရသည်ဟု ဆိုသည်။ ''မြန်မာစစ်တပ်က ရခိုင်ကျေးရွာသားတွေကို အတင်းအကျပ် အလုပ်စေခိုင်းတာ၊ ဆိတ်တွေ၊ ကြက်တွေကို တပ်ရိက္ခာအတွက် ယူတာတွေပဲ တွေ့ခဲ့ရပါတယ်။ ဒီလို လုပ်အားပေးရတာ၊ ရိက္ခာတွေ ပေးရတာတွေအတွက် ဒီရွာသားတွေကို တပြားတချပ်မှ မပေးခဲ့ပါဘူး'' ဟု သူက ဆိုထားသည်။

မြန်မာပြည်တွင် နောက်ဆုံးကျင်းပခဲ့သော ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲကာလတွင် သူသည် ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အတွက် မဲဆွယ်စည်းရုံးမှုများကို တက်ကြွစွာ ပြုလုပ်ပေးခဲ့သော်လည်း စစ်အစိုးရသည် ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုရန် ငြင်းဆန်ခဲ့ပြီး၊ သူတို့၏ အတိုက်အခံ ခေါင်းဆောင်များကို ဖမ်းဆီးခြင်းဖြင့်သာ နှိမ်နင်းခဲ့သည်ဟု ဓညလင်းက ပြောသည်။

သူသည်လည်း စစ်အစိုးရ၏ ဖမ်းဆီးခံရမည့်စာရင်းတွင် ပါဝင်နေသည့်အတွက် ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး NUPA အဖွဲ့ထဲသို့ဝင်ကာ လက်နက်ကိုင်တိုက်ပွဲအတွင်း ရောက်ရှိခဲ့သည်ဟု သူက ဆိုသည်။

တရားလိုသက်သေများ၏ စွပ်စွဲချက်များကို ငြင်းဆိုသည့်အနေဖြင့် သူက တရားရုံးသို့ ပြောကြားရာ၌လည်း သူတို့သည် အိန္ဒိယကြည်းတပ် ဗိုလ်မှူးကြီး ဂရေးဝါးလ် (Grewal) ၏ သစ္စာဖောက်မှုကို ခံခဲ့ကြရကြောင်းနှင့် အစပိုင်းတွင် သူက မြန်မာ့အရေးလှုပ်ရှားမှုကို အိန္ဒိယက ထောက်ခံမည်ဖြစ်ကြောင်း ကတိပေးခဲ့သည်ဟု ပြောသည်။

သူ့ကို သူ့ပါတီခေါင်းဆောင်များက မြန်မာစကား ရေလည်စွာပြောတတ်သော အိန္ဒိယ ကြည်းတပ် ဗိုလ်မှူးကြီး ဂရေးဝါးလ်နှင့် ၁၉၉၇ ခုနှစ်တွင် မိတ်ဆက်ပေးခဲ့သည်။ အဆိုပါ ဗိုလ်မှူးကြီးက သူသည် အိန္ဒိယတပ်မတော်နှင့် ယင်းတို့၏ လှုပ်ရှားမှုကို ထောက်ခံရေးအတွက် ဆွေးနွေးခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။

ဤသို့ သူတို့၏ လှုပ်ရှားမှုကို အိန္ဒိယတပ်မတော်က ထောက်ခံရန် သဘောတူပြီးဖြစ်သည်ဟု ဂရေးဝါးလ်က အသိပေးခဲ့ပြီးနောက်၊ အိန္ဒိယအာဏာပိုင်များ၏ ဖိတ်ကြားချက်အရ အန်ဒမန်ပင်လယ်တွင်းရှိ ကိုကိုးကျွန်းသို့ ထွက်လာခဲ့ကြသည်ဟု ဓညလင်းက ပြောသည်။

''ကျနော်တို့က အိန္ဒိယအာဏာပိုင်တွေနဲ့ ကိုကိုးကျွန်းမှာ တွေ့ရမှာ။ ကျနော်တို့ အဲဒီအတိုင်း လုပ်ခဲ့တာပဲ။ နောက်တော့ ကျနော်တို့ကို Landfall ကျွန်းကို သူတို့က ခေါ်သွားတယ်။ သူတို့မပါဘဲနဲ့ ဒီနေရာကို အရောက် ကျနော်တို့ဘာသာ မသွားတတ်ပါဘူး'' ဟု သူက တရားရုံးကို ယနေ့ ပြောကြားခဲ့သည်။

လန်းဖောကျွန်းသို့အရောက်တွင် အိန္ဒိယအာဏာပိုင်များက သူတို့ကို ကြိုဆိုခဲ့ကြသည်။ သို့သော် သူတို့ အပန်းဖြေအနားယူ၍ အအေးသောက်နေစဉ်မှာပင် သူတို့ခေါင်းဆောင် ၆ ဦးကို ဂရေးဝါးလ်နှင့် အခြားအိန္ဒိယတပ်မတော် အရာရှိများက လာရောက်ခေါ်ဆောင်သွားခဲ့ကြသည်ဟု ဓညလင်းက ပြောသည်။

''သေနတ်သံတွေကြားရတော့ ကျနော်တို့ သိပ်တုန်လှုပ်သွားပါတယ်။ အဲဒါလည်းပြီးရော ကျနော်တို့ ခေါင်းဆောင်တွေကို နောက်ထပ် ဘယ်တော့မှ ပြန်မတွေ့ရပါဘူး။ ပြီးတာနဲ့ ကျနော်တို့ကို လက်ထိပ်ခတ်ပါတယ်။ ကျနော်တို့ကလည်း အင်္ဂလိပ်လိုမတတ်တော့ ဘာတွေဖြစ်နေမှန်းလည်း နားမလည်တော့ပါဘူး'' ဟု သူက ပြောသည်။ ''ကျနော်လည်း ဂရေးဝါးလ်က ကျနော်တို့ကို လိမ်ပြီဆိုတာ သိလိုက်ပါတယ်။ တကယ်တမ်း ဘာတွေဖြစ်ခဲ့တယ်ဆိုတာ ကျနော်တို့က အိန္ဒိယအာဏာပိုင်တွေနဲ့ ဗဟိုထောက်လှမ်းရေးဗျူရို (CBI) တို့ကို ပြောပြခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ ဘာမှအရေးမယူခဲ့ပါဘူး'' ဟု သူက ဆက်ပြောခဲ့သည်။

သို့သော် သူပုန်များ၏ ပြောကြားချက်နှင့် ဆန့်ကျင်စွာပင် သူတို့ကို လက်နက်ခဲယမ်း အမြောက်အမြားနှင့်အတူ အန်ဒမန် နီကိုဘာကျွန်းစု လန်းဖောလ်ကျွန်းတွင် ၁၉၉၈ ခုနှစ် ဖေဖော်ဝါရီလအတွင်းက `မျှော့စစ်ဆင်ရေး´ (Operation Leech) ဟု အမည်ဝှက်ပေးထားသော ပူးတွဲစစ်ဆင်ရေးအတွင်း ဖမ်းဆီးရမိခဲ့သည်ဟု အိန္ဒိယစစ်တပ်က ပြောကြားခဲ့သည်။

အဆိုပါသူပုန်များကို ပို့ဘလဲ ဆိပ်ကမ်းမြို့တွင် ၈ နှစ်ကြာ ထိန်းသိမ်းခဲ့သည်။ သူတို့ကို ယခုအခါ အိန္ဒိယနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်မှု၊ ပေါက်ကွဲစေတတ်သော ပစ္စည်းများနှင့် လက်နက်ခဲယမ်းများကို လက်ဝယ်ထားရှိမှုတို့ဖြင့် တရားစွဲဆိုထားသည်ဟု မြန်မာသူပုန်များ၏ ရှေ့နေတဦးဖြစ်သူ အက်ရှေးကူးမားရှားမား (Akshay Kumar Sharma) က ပြောသည်။

''ဒါပေမဲ့ တရားခံတွေက လက်နက်ခဲယမ်းတွေ သယ်ဆောင်လာခဲ့တယ်ဆိုတဲ့ သူတို့ စွပ်စွဲချက်တွေကို ထောက်ခံတဲ့ ဘာသက်သေအထောက်အထားမှ အခုထိ မရှိသေးပါဘူး'' ဟု မစ္စတာ ရှားမားက ပြောသည်။

တရားလိုပြသက်သေများ၏ ထွက်ဆိုချက်များရယူခြင်း၊ စွပ်စွဲခံရသူများထံမှ ထွက်ချက်များ ရယူခြင်းတို့ကို ပြုလုပ်ခဲ့ပြီးနောက် နောက်ရုံးချိန်းဖြစ်သော ၂ဝဝ၉ ခုနှစ် နိုဝင်ဘာ ၁၁ ရက်နှင့် ၁၂ ရက်နေ့တို့တွင် တရားခံပြသက်သေများကို စစ်ဆေးရန် တရားရုံးက ယနေ့ ဆုံးဖြတ်ခဲ့သည်။

တရားခံပြသက်သေများတွင် မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုအတွင်းမှ ခေါင်းဆောင်များ၊ တိုင်းရင်းသားအဖွဲ့များမှ ခေါင်းဆောင်များ ပါဝင်ဖွယ်ရှိသော်လည်း သက်သေစာရင်းကို စဉ်းစားပြင်ဆင်နေဆဲဖြစ်ပြီး နောက်မှ တရားရုံးသို့ တင်သွင်းမည်ဟု မစ္စတာရှားမားက ပြောသည်။

''ကျနော်တို့ကတော့ ကွင်းလုံးကျွတ် လွတ်လိမ့်မယ်လို့ပဲ မျှော်လင့်ထားပါတယ်။ နိုင်ငံခြားသားဥပဒေနဲ့ အပြစ်ပေးခံရရင်တော့ ချုပ်ရက်နဲ့ပဲ လွတ်လာနိုင်ပါတယ်'' ဟု သူက ပြောသည်။

သို့သော် သူပုန်များကို ကွင်းလုံးကျွတ်လွှတ်လိုက်လျှင်ပင် နိုင်ငံခြားသားဥပဒေဖြင့် စွဲဆိုထားသော အမှုအတွက် စိုးရိမ်ပူပန်စရာများ ဖြစ်ပေါ်နေသည်။ သူတို့ကို အခြားတတိယနိုင်ငံ တခုခုက လက်ခံ၍ နိုင်ငံရေးခိုလှုံခွင့် မပေးခဲ့ပါက မြန်မာနိုင်ငံသို့ ပြန်ပို့ခြင်းသော်၎င်း၊ ထောင်ထဲတွင် ဆက်နေရခြင်းသော်၎င်း ဖြစ်နိုင်သည်။

အစောပိုင်းတွင် ချက်သမ္မတနိုင်ငံနှင့် အရှေ့တီမောနိုင်ငံတို့က အကယ်၍ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုလက်ခံခဲ့ပါက သူတို့ကို လက်ခံ၍ ခိုလှုံခွင့်ပေးရန် `မူအားဖြင့်´ သဘောတူသည်ဟု ကြေညာထားခဲ့သည်။

No comments:

Post a Comment